မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းဖို့ ကြေညာလိုက်တဲ့အတွက် ဒီအစီအစဉ်ကို ကန့်ကွက်နေကြတဲ့ စာပေနဲ့ အနုပညာရှင်အသိုင်းအ၀ိုင်းက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြပါတယ်။ အစိုးရကောင်းတရပ်ရဲ့ လုပ်ရပ်အဖြစ်နဲ့ နိုင်ငံတော်သမတရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။ စာပေ အနုပညာရှင်အချို့ရဲ့ တုန့်ပြန်သံတွေကို မသင်းသီရိက စုစည်း တင်ပြထားပါတယ်။
ဧရာဝတီမြစ်ကြောင်းကြီးပေါ်မှာ ကြုံလာရတဲ့ အန္တရာယ်တွေ၊ တခါ ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ စိုးရိမ်သံ တောင်းဆိုသံတွေနဲ့အတူ ဆန္ဒဖော်ထုတ်ကြတဲ့ လှုပ်ရှားမှုတွေ အမျိုးမျိုးအကြား ပြည်သူ့အသံကို နားထောင်ကာ ပြည်သူ့အသံကို လိုက်လျောတဲ့အစိုးရမို့ အံသြမှုတွေနဲ့အတူ နိုင်ငံအတွက်ကောင်းတဲ့လက္ခဏာတရပ်လို့ စာရေးဆရာကြီး ဒဂုန်တာရာက မှတ်ချက်ပေးပါတယ်။
“ကျနော်ဝမ်းသာတယ်၊ အဲလိုဟာမျိုး တခါမှ မကြုံဖူးဘူး ကျနော့်တသက်မှာလေ။ အများပြောလို့ မြစ်ဆုံစီမံကိန်းကို ဖျက်ပစ်တာဟာ ကျနော်ကတော့ ဆန်းတယ်လို့ ယူဆတယ်။ အဲလို ပြည်သူရဲ့အသံတိုင်းလုပ်မယ်ဆိုရင် ဒါ ကောင်းတဲ့ အလားအလာ၊ ဒီမိုကရေစီစနစ်ပြောင်းတယ်ဆိုတဲ့အထဲမှာ အဲဒါတွေဟာ ၀မ်းသာစရာ အချက်အဖြစ် ကျနော်ပြောချင်တာ။”
ဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြစ်ဆုံစီမံကိန်းကို သူ့အနေနဲ့ လေးနက်စွာကန့်ကွက်ကြောင်းဆိုတာနဲ့အတူ၊ ချစ်သောဧရာဝတီမြစ်ကြီး မပျက်စီးစေလို၍ ဆက် စီးစေလို၍ အသက်သီးစေလို၍ဆိုတဲ့ ကဗျာတပုဒ်ကိုပါ ရေးသားခဲ့ပြီးတော့ သူ့ဆန္ဒကို ဖော်ထုတ်တောင်းဆိုခဲ့ပါတယ်။ ပြည်သူနဲ့အစိုးရအကြား နှစ်ပေါင်းများစွာ မပြေမလည်ဖြစ်ခဲ့တဲ့အခြေအနေတွေရှိပေမယ့်၊
အခုမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အတိတ်က ပဋိပက္ခတွေကို ချေဖျက်နိုင်မယ့် ကြီးမားတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်းက ပြောပါတယ်။
“အခုလို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်တဲ့အတွက် ပြည်သူတရပ်လုံးကလည်း ၀မ်းသာအားရဖြစ်နေကြပြီ။ ဒီလုပ်ရပ်ဟာ သေးသေးလေး မဟုတ်ဘူး။ နှစ်ပေါင်း ၅၀လုံးလုံး ပြည်သူနဲ့ အစိုးရအဆက်ဆက်အကြား ရှိနေတဲ့ ပဋိပက္ခတွေ၊ ခြားထားတဲ့ တံတိုင်းကြီးကို ဖြိုချပစ်လိုက်နိုင်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ပိုပြီးတော့ ၀မ်းသာကြိုဆိုပါတယ်။ ပြည်သူ့ဆန္ဒကို လေးစားတယ် လိုက်နာတယ်ဆိုတဲ့ ဒီလုပ်ရပ်မျိုး တခါမှ မတွေ့ရဘူး။ နိုင်ငံတော်သမတနဲ့တကွ အစိုးရအပေါ်မှာ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။”
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မြစ်ဆုံစီမံကိန်းနဲ့ ဧရာဝတီမြစ်အရေးအတွက် မြစ်တစင်းရဲ့ခေါင်းစဉ်နဲ့ ပန်းချီ ဓါတ်ပုံ ကာတွန်းပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ပန်းချီဒီဇိုင်းဆရာ ကိုစိုးဝင်းငြိမ်းကတော့ -
“မနက်က ဒီသတင်းကြားလိုက်တော့ တကယ်ပါ ကျနော် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ကျနော်တို့က အနုပညာအမြင်နဲ့ပဲ တင်ပြခဲ့ကြတာပါ။ အဲလို အနုပညာအမြင်နဲ့ တင်ပြခဲ့တဲ့အပေါ်မှာ နိုင်ငံတော်သမတအနေနဲ့ အသိအမှတ်ပြုတယ်လို့ ကျနော်ယူဆပါတယ်။”
မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တယ်ဆိုပေမယ့် တရုတ်နဲ့မြန်မာ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စမို့ တရုတ်နိုင်ငံကို မြန်မာလူထုရဲ့ဆန္ဒနဲ့၊ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်နေသလဲဆိုတာ ပြနိုင်ဖို့ ရှေ့ဆက်လုပ်စရာတွေ ရှိပါသေးတယ်လို့ ကာတွန်းဆရာ အော်ပီကျယ်က ထောက်ပြပါတယ်။
“ဘာသာရပ်အများကြီးရှိတဲ့ ဖြေရတဲ့ စာမေးပွဲတခုမှာ တဘာသာ အောင်မှတ်ရရုံနဲ့တော့ စာမေးပွဲအောင်ပြီလို့ ပြောလို့မရဘူးပေါ့လေ။ ဒီအစိုးရလက်ထက်မှာ ခေတ္တရပ်ထားပေမယ့် တရုတ်လို နိုင်ငံကြီးနဲ့ အရင်အစိုးရလက်ထက်က သဘောတူထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် ဒီဟာကို ရပ်မယ်ဆိုလည်း တဖက်က ငွေအများကြီး စိုက်ထုတ်ထားတဲ့ ကျေနပ်လောက်သော စနစ်ကျသော အဖြေတခုကို ပေးနိုင်ဖို့လိုပါတယ်။ ခေတ္တရပ်ထားတဲ့ အချိန်မှာပဲ ဆန်းစစ်မှုတွေကို အမြန်လုပ်ပြီးတော့ ဒါတွေကို တင်ပြပြီးတော့ တဖက်အစိုးရကလည်း နားလည် လက်ခံနိုင်တဲ့အထိ လုပ်နိုင်ရင်ကောင်းပါတယ်။”
စစ်အစိုးရလက်ထက်ကနေ အရပ်သားအစိုးရလက်ထက်ပြောင်းပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုပြီး ပြောနေတော့ အခု မြစ်ဆုံစီမံချက်နဲ့ပတ်သက်လို့ သမတရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီစနစ်ကို ဦးတည်နေတဲ့ အစိုးရကောင်းတရပ်ရဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့ နာရေးကူညီမှုအသင်းကို ဦးဆောင်နေတဲ့ ဦးကျော်သူက ပြောပါတယ်။
“ ဒီလောက်အထိ လုပ်ပေးမယ်ဆိုတာ ကျနော် မမျှော်လင့်ဘူး။ ဒါမှ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ငါတို့ အစိုးရကွလို့ ဒီလိုပဲ ကျနော် ပြောချင်ပါတယ်။ ရှေ့ဆက် ကျနော်တို့ တောင်းဆိုရမယ့် ဟာလေးတွေလည်း ရှိပါသေးတယ်။”
နာရေးကူညီမှုအသင်း ဦးဆောင်သူ ဦးကျော်သူရဲ့ အမြင်ဖြစ်ပါတယ်။