သုံးရလွယ်ကူစေသည့် Link များ

 
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အစိုးရအပေါ် မျှော်လင့်ချက်များ
နောက်ဆုံးရသတင်း

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အစိုးရအပေါ် မျှော်လင့်ချက်များ


တပ်မှူးတပ်သား ပြောစကား (၀၈၀)

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို၊ သူ့ရဲ့အစိုးရအနေနဲ့ ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း၊ သမ္မတဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီးဦးသိန်းစိန်က၊ စက်တင်ဘာ(၃၀)ရက်နေ့က လက်ရှိကျင်းပနေတဲ့၊ အမျိုး သားလွှတ်တော်အစည်းအဝေးကို၊ ပေးပို့တဲ့သဝဏ်လွှာထဲမှာ၊ အသိပေးဖေါ်ပြလိုက်ပါတယ်။ စက်တင်ဘာ(၃၀) ရက်နေ့မှာပဲ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ကိုယ်စားလှယ်ဝန်ကြီး၊ အငြိမ်း စားဗိုလ်ချုပ် ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာလည်း၊ အချက်လေးချက်ကို ဆွေးနွေးခဲ့ကြတယ်လို့၊ နှစ်ဦးလုံးက သတင်းစာရှင်းလင်းပွဲမှာ၊ အသိပေးခဲ့ကြပါတယ်။ အခုနောက်ဆုံးဖြစ်ထွန်းလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ တွေပေါ်မှာ၊ တပ်မတော်ခေါင်းဆောင်တဦးဖြစ်ခဲ့သူ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ၊အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ အမြင်သဘောထားတွေကို၊ ဦးရော်နီ ညိမ်းက မေးမြန်းဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သားပြောစကားကဏ္ဍကို၊ တင်ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းမယ် လို့ ကြေညာလိုက်တဲ့အပေါ်မှာ၊ အန်ကယ့်အနေနဲ့ တပ်မတော်ကို ကိုယ်စားပြုခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဟောင်းတယောက်အနေနဲ့ကော၊ အခု NLD ပါတီခေါင်းဆောင်တယောက် အနေနဲ့ကော၊ ဘယ်လိုပြောချင်ပါ သလဲ ခင်ဗျ။

ဦးတင်ဦး။ ။ ဟာ..ဒီသတင်းကြားလိုက်တဲ့ အခါကျတော့ အတိုင်းထက်အလွန် ဝမ်းသာတာပေါ့ဗျာ။ ကျနော် က ဒီနေ့ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်အစည်းအဝေး သွားတက်နေတယ်ဗျ။ အဲဒီတော့အဲဒီမှာ ဘေးနားမှာ ဦး ဝင်းထိန်ကလည်း၊ သူ့ဆီကို တယ်လီဖုန်းဝင်လာတော့ သူအပြင်ထွက်နားထောင်လိုက်ပြီးတော၊့စာအိပ်ကလေး ပေါ်မှာ၊ စာအိပ်က သုံးပြီးသားစာအိပ်ကလေး အကြမ်းလေးပေါ်မှာ၊ သူက ရေးပေးလိုက်တယ်။ ဒီနေ့ နိုင်ငံ တော်သမ္မတကြီးက နေပြီးတော့၊ လွှတ်တော်ကို အခုဆောင်ရွက်နေတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်း လိုက်ပြီတဲ့။ အဲဒီရပ်ဆိုင်း တဲ့အကြောင်းကို အကြောင်းကြားတယ်ဆိုပြီးတော့၊ အဖွဲ့ချုပ်ကနေ လှမ်းပြောတယ်။ အဲဒါကို ကျနော်သိသိချင်း မယုံနိုင်ဘူးဗျ။ ကျနော် သူ့ကိုမေးတော့လည်း၊ သူကအဲဒီလိုပဲ ဟိုကပြောတဲ့အတိုင်း ကြားတယ်ဆိုတော့၊ ဒါအမှန် ပဲဆိုပြီး၊ ကျနော်က အဲဒီမှာ အင်မတန်ဝမ်းသာတယ်ဗျာ။ တပ်မတော်သားဆိုတာ ဟာ၊ အမိအဖသဖွယ်ဖြစ်တဲ့ ပြည်သူလူထုကို ဦးထိပ်တင်ရမှာဖြစ်တော့၊ အမိအဖသဖွယ်ဖြစ်တဲ့ ပြည်သူလူထု တွေရဲ့ သက်သာရာသက်သာကြောင်း၊ စိတ်ချမ်းသာရာချမ်းသာကြောင်း စိတ်ကျန်းမာရာကျန်းမာကြောင်း၊လုပ် ပေးလိုက်တဲ့ဟာကိုတော့ ကျနော်က အင်မတန်မှပဲ နှစ်ထောင်းအားရ ဖြစ်တယ်။ ယခင်တုန်းက တပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့သော်လည်းကောင်း၊ သူ သမ္မတ အာဏာသုံးနိုင် တဲ့ အခွင့်အရေးကိုသော်လည်းကောင်း၊ သူဟာ အသုံးချပြလိုက်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒနဲ့ ကိုက်ညီတယ်။ အားလုံးပြည် သူလူထုတရပ်လုံးရဲ့ ဝမ်းမြောက်ဝမ်းသာစရာဖြစ်တဲ့အတွက်၊ ပြည်သူပြည်သား များနှင့်အတူ အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား အင်မတန်မှ ဝမ်းမြောက်စိတ်ချမ်းသာပါတယ်လို့ ပြောချင် တယ်။ နောက်တခုကတော့၊ ဒီ သမ္မတ သက်တမ်းလေးတခု သူ့ရဲ့ သက်တမ်းလေးအတွင်းမှာ ရပ်ဆိုင်းလိုက် တယ် ဆိုတာထက်၊ အားလုံး စိတ်ချမ်းချမ်းသာသာ ဖြစ်ဖို့အတွက် ပြည်သူလူထုကို ဖြည့်ဆည်းပေးတာမျိုးလုပ် တဲ့ နည်းလမ်းမျိုး ဆက်လက်ပြီး ကျင့်သုံးသွားဖို့အတွက်၊ စိတ်ချမ်းချမ်းသာသာ အေးအေးချမ်းချမ်း ဖြစ်စေချင် ပါတယ် ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့… အန်ကယ် ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သူရဲ့ သမ္မတ အာဏာကို အသုံးချပြီးတော့ ဒါကို ရပ်လိုက်တယ်။ အဲဒီတော့ အဲဒါက ဒီဆည်ကြီးဆောက်မှာ၊ ရေကာတာ ကြီးဆောက်မှာကို၊ အကုန်လုံး ဆန့်ကျင်ကန့်ကွက်နေကြတဲ့သူတွေ၊ အားလုံး စိုးရိမ်နေတာက၊ သမ္မတ ဦးသိန်းစိန်သည် သူကိုယ်နှိုက်က အားလုံးက လက်ခံထားတာက၊ သူသည် သဘောထားပျော့ပြောင်း ညင်သာတဲ့လူ ဖြစ်တဲ့အတွက်ကြောင့်၊ ဒီလောက် လူထုက လက်မခံဘူးဆိုရင်၊ သူက ရပ်ချင်သော်ငြားလည်းပဲ သူ့ရဲ့ သမ္မတအာဏာနဲ့တော့ လုပ်လို့ရမယ်မဟုတ်ဘူးလို့၊ အကုန်လုံးက တွက်ထားကြတယ်။ တွက်ထားကြ တယ်ဆိုတာက သတင်းတွေအရပေါ့နော်။ သတင်းတွေအရဆိုရင်၊ (၄) ယောက်ဂိုဏ်းဆိုတာရှိတယ်။ ဦးတင် အောင်မြင့်ဦး၊ ဝန်ကြီးဦးလှထွန်း၊ ဦးအောင်သောင်း နောက် ဝန်ကြီးဦးကျော်ဆန်း၊ သူတို့ (၄) ယောက် လုပ် နေတာကို ဦးသိန်းစိန်ကလည်း သွား မတားရဲဘူး။ စသည်ဖြင့် ဒီလိုမျိုး အပြင်မှာ ပြောဆိုနေကြတာတွေက လည်း ရှိတော၊့ သမ္မတကြီးဦးသိန်းစိန်က လုပ်လို့မှ ရပါ့မလားပေါ့နော်။ ဒါပေမယ့် အခု ဦးတင်အောင်မြင့်ဦး ကိုယ်တိုင်၊ တရုတ်နိုင်ငံကိုသွားပြီး ရှင်းပြပြောဆိုနေတဲ့ သဘောရှိပါတယ်။ အဲဒီအခါကျတော့ ဒီဟာက သမ္မတ ကြီး ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦး၊ သမ္မတ၊ ဒုသမ္မတ ပြန်ကြည့်လိုက်ရင်လည်း၊ အန်ကယ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်အနေနဲ့ စီနီယာ၊ ဂျူနီယာ သဘောရှိတယ်။ ဦးသိန်းစိန်ဟာ စစ်တက္ကသိုလ်မှာ အပတ်စဉ် (၉)မှာ၊ ဦးတင်အောင်မြင့်ဦးက ပထမနှစ်ပဲ ရှိသေးတယ်၊ အပတ်စဉ် (၁၂) က။ ဒီတော့ဒီဟာက Chain of Command ပေါ့နော်။ ဒီ သဘောကတော့ ရှိဦးမယ်။ ခုနပြောတဲ့ (၄)ယောက်ဂိုဏ်း ကတော့ ရှိနေတယ်၊ ကျော်လို့မရဘူး ဆိုတာ၊ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ အမိန့်က အပေါ် တနေရာက နေ စီးဆင်းလာရင်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်လုပ်ကြရတယ်။ အဲဒီတော့ Chain of Command ဒီနေရာမှာ ရှိနေသလားလို့၊ အန်ကယ် မြင်ပါသလား။ ခင်ဗျ။

ဦးတင်ဦး။ ။ ကျနော်ကတော့ ဒီလို တွက်လိုက်လိုက်တယ်ဗျ။ ဒီကိစ္စကြီး တခုလုံးဟာ၊ အကုန်လုံးကနေပြီး တော့ မြစ်ဆုံကိစ္စဟာ တတိုင်းပြည်လုံး ကိစ္စဖြစ်နေတော့၊ ဒီဟာနဲ့ပတ်သက်တဲ့ initiative ယူတာကတော့ဖြင့် ရင်၊ သူက သမ္မတအနေနဲ့ပဲ အားလုံး ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့အားလုံး စသည်ဖြင့်၊ အဲဒီတော့ သူ ဒါနဲ့ ပတ် သက်တာကို၊ ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးမယ်ပေါ့။ သို့သော်လည်းပဲ ဒီကိစ္စဟာ ဒီလိုဖြစ်မှ၊ မှန်ကန်စွာဖြစ် မယ်ဆိုတဲ့ သဘောဖြစ်တာကြောင့်၊ အပေါ်ကနေပြီး endorse လုပ်တယ်ဆိုတာထက်၊ ဒီကိစ္စဟာ သမ္မတ လုပ် နိုင်ခွင့်ရှိတာဖြစ်လို့၊ သူ ဒါလုပ်တာပဲ။ တခုက နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး(ကော်မတီ)က၊ သဘောတူ ညီချက်ရမှ ဆိုတာက အပေါ်ပိုင်းတပိုင်း၊ နောက်တခု တပိုင်းက၊ သမ္မတနဲ့ ပတ်သက်တဲ့ သူ့ရဲ့ divine right ၊ prerogative right ၊ ဒါ ကလည်း ပေးထားတာ ရှိတယ်။ အဲဒီနေရာမှာ ဒီဟာကို သူ အသုံးချလိုက်တာပဲလို့၊ ကျနော်တော့ တွက်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး၊ တပြည်လုံးအတိုင်းအတာနဲ့ တူညီနေပြီဖြစ်တဲ့အတွက်ကြောင့် မို့လို့၊ ဒီနေရာမှာတော့ သူဟာ သူ့ initiative ယူခဲ့ပြီးတော့၊ သူဆုံးဖြတ်ပြီးတော့၊ ဒါကို သူတင်ပြ ချင်ရင်လည်း တင်ပြမယ်။ ဆွေးနွေးချင်လည်း ဆွေးနွေးမယ်။ ဆွေးနွေးတာတွေလုပ်ချင်လည်း လုပ်လိမ့်မယ်။ သို့သော် ဒီ ကိစ္စသည်၊ သူလုပ်နိုင်တဲ့ဟာကို သူလုပ်ပြလိုက်တဲ့သဘော၊ သက်ရောက်တယ် လို့ပဲ၊ ကျနော် မြင်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ နောက်တခုက NLD နဲ့ လည်း ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့က တရားဝင် လူသိရှင်ကြားလည်း ကြေညာထားပြီးသွားပြီ။ အဲဒီတော့ ကျနော်တို့ နိုင်ငံသည် ဒီမိုကရေစီနိုင်ငံကို သွားနေပြီ လို့ပဲ မြင်ကြည့်လိုက်မယ် ဆိုရင်၊ ဒီမိုကရေစီနိုင်ငံတွေမှာ အခုလိုမျိုး အရေးကြီးတဲ့ ကိစ္စတရပ် ပေါ်ပေါက်လာ လို့၊ တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့ ပုဂ္ဂိုလ်က ဆုံးဖြတ်ချက်ချပြီး၊ တခုခုလုပ်ပြီးသွားတဲ့အခါမှာ ပြည်သူလူထု ရဲ့သဘောထား public popularity rate ပေါ့နော်၊ လူထုထဲမှာ သူ့အပေါ် လူကြိုက်များမှုဟာ အရင်တုန်းက ဘယ်နှစ်ရာခိုင်နှုန်းရှိပြီး၊ အခုကျတော့ ဘယ်နှစ်ရာခိုင်နှုန်းလောက်တက်သွားတယ်ဆိုတာ၊ အဲဒါမျိုးတွေကို ဒီ မှာတော့ စစ်တမ်းကောက်ပြီး survey လုပ်တာမျိုးရှိတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးဘူးပေါ့နော်။ မရှိသေး ဘူးဆိုပေမယ့်၊ အခုကိစ္စမှာ ယေဘုယျခြုံပြီးတော့ မြန်မာပြည်သူလူထုဟာ ဒီကိစ္စမှာ၊ သမ္မတဦးသိန်းစိန်အပေါ် မှာ လူထုကြိုက်နှစ်သက်မှု တက် သွားနိုင်သလား ဒါမှ မဟုတ် နဂိုအတိုင်းပဲလား၊ အန်ကယ် ဘယ်လိုမြင်လဲ ခင်ဗျ၊ ဒီ public popularity rate က။

ဦးတင်ဦး။ ။ ဒီလိုဗျ။ ဒီတခုတည်း လုပ်ပြတာနဲ့တော့၊ သူpopular ဖြစ်သွားပြီ ဆိုပြီး၊ တွက်လို့မရဘူးပေါ့ ဗျာ။ နောက်ထပ် ဆက်တိုက်ဆက်တိုက် ဖြစ်လာတာတွေကို လုပ်ရမယ့် ကိစ္စရပ်အပိုင်းမှာ၊ နိုင်ငံတော်အတွက် ဘယ်ရွေ့ဘယ်မျှအထိ လုပ်ကိုင်လာသလဲ၊ နောင်ကို ဒါမျိုးနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒတွေနဲ့ပတ်သက်ပြီးပေါ် လာတဲ့အခါတိုင်းမှာ၊ ပြည်သူလူထုဟာ ငြိမ်းချမ်းစွာနဲ့ သူတို့ရဲ့လိုအင်ဆန္ဒ ဘယ်လိုရှိတယ်ဆိုတာကို၊ ပြသနိုင် အောင် အခွင့်အလမ်းတွေကို ပေးနိုင်သလောက် ဘယ်လောက်ပေးတယ် ဆိုတာရယ်၊ ငြိမ်းငြိမ်းချမ်းချမ်းလွတ် လပ်စွာပြောခွင့်၊ ဆိုခွင့်၊ စည်းရုံးခွင့်၊ ရေးသားခွင့်၊ အစည်းအရုံးဖွဲ့ခွင့်၊ ကျောင်းသားသမဂ္ဂဖွဲ့ခွင့် စသည်ဖြင့်၊ ဒါ တွေကို လုပ်ပြစရာ အများကြီး ကျန်သေးတယ်ဗျ။ ဒီတခုတည်းနဲ့တော့ဖြင့် ဒီတပွဲနှစ်ပွဲထဲနဲ့တော့ဖြင့် သူဟာ popularity ဝုန်းကနဲတက် သွားပြီလို့ ကျနော် မယူဆဘူး။ နောက် ဆက်တိုက်ဆက်တိုက်လုပ်ရမယ်ဆိုတဲ့ကိစ္စ ရပ်တိုင်းမှာ၊ ဒီမိုကရေစီနဲ့ ပတ်သက်၍၊ လွတ်လပ်မှုနဲ့ပတ်သက်၍၊ အခြားလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အပိုင်း တွေမှာ၊ ဘယ်လောက်ထိ ပြည်သူလူထု ကိုယ်ကျန်းမာစိတ်ချမ်းသာ တိုင်းရင်းသားအားလုံးအတူတူ၊ စိတ်ချယုံ ကြည်ဖွယ်ရအောင် ဘယ်လောက်လုပ်နိုင်မလဲ၊ အဲဒီဟာတွေကို နောက်ထပ်ဆက်ပြီး လုပ်ရမယ့်ဟာတွေအပေါ် မှာလည်း မူတည်သေးပါတယ်လို့ ကျနော် ပြောချင်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ စက် တင်ဘာလ (၃၀) ရက်နေ့ တွေ့ဆုံမှု၊ သတင်းစာရှင်းလင်းပွဲက အချက်(၄)ခုထဲမှာ နံပါတ်(၁) အချက်ပြောသွား တဲ့၊ သမ္မတကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့် ကိစ္စဆိုတာကတော့၊ သူတို့နဲ့ပဲ ဆိုင်တယ် လေ။ သူတို့ဘက်ကပဲ လုပ်ရမယ့် ကိစ္စဆိုတော့။

ဦးတင်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ လုပ်မယ်ဆိုတဲ့ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သူလည်း အဲဒီအတိုင်း ပြောသွားပါတယ်။

ဦးတင်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်းပြောနေတယ်။ ဒီ ကိစ္စဝိစ္စ အရပ်ရပ်တွေ လုပ်တဲ့အခါမှာ၊ သူတယောက်ထဲ စွမ်းဆောင်နိုင်တယ် ဆိုတာထက်၊ ပြည်သူလူထုတွေရဲ့ စွမ်းအင်စွမ်းအား လိုတယ်ဆိုတဲ့၊ သဘောပါတာကိုးဗျ။ အဲဒီတော့ ခုနကပြောခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ။ ဆိုတာနဲ့ပတ်သက်လို့၊ စဉ်းစားနေ ပြီဆိုတာက၊ ဒီ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တာ၊ နောက်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက် တယ် ဆိုတဲ့ ကိစ္စရပ်အားလုံးဟာ၊ အင်မတန်မှပဲ ခံစားနေရတဲ့ကိစ္စဖြစ်တာကြောင့်မို့၊ အခုလိုဗျာ၊ ဧရာဝတီမြစ် ကြောင်းကြီးနဲ့ ပတ်သက်တဲ့ဆန္ဒ၊ လူတွေက သိပ်တောင်းဆိုနေတာကို၊ ဒီလိုပြေပြစ်အောင်နဲ့ အားလုံးချောမော သွားအောင် လုပ်ကိုင်ပေးလိုက်တဲ့ ဟာမျိုး၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ ကိစ္စအရပ်ရပ်အ၀၀ကိုလည်း၊ သူတို့ ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ တဘက်ကလည်းပဲ သူတို့ လွှတ်ပေးချင်တဲ့ဟာမှာ၊ သူတို့ စိတ်ထဲ သောကရှိနေ တာက၊ ဒီလူတွေ လွှတ်လိုက်ရင်လည်း၊ သူတို့လုံခြုံရေးနဲ့ပတ်သက်တာ၊ သူတို့နဲ့ ပတ်သက်တဲ့အကြောင်းအမျိုး မျိုးတွေကြောင့်၊ ပြန်ထိခိုက်မလား။ ဒါတွေကိုလည်း သူတို့ စိုးရိမ်ပူပန်မှုတွေ ရှိမှာပဲ။ အဲဒီအပေါ်မှာ မူတည်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သူတို့ ဘယ်လောက်ထိ ညှိရမလဲ။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ကတော့၊ ကျနော်တို့ NLD တဖွဲ့ထဲနဲ့ လုပ်လို့ရတာ မဟုတ်ပါဘူး ခင်ဗျ။ အခြားအခြားသော အဖွဲ့အစည်းတွေ လည်း ရှိတယ်။ အခု အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ၊ NLD ကချည့်ပဲ မဟုတ်ပါဘူးခင်ဗျ။ အခြား သော အဖွဲ့အစည်းအရပ်ရပ်ကလည်း အလားတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် သူ့ရဲ့နိုင်ငံရေး သိက္ခာ၊ နိုင်ငံရေးဥပဓိရုပ် (political image)၊ နောက်ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ သူ့ရဲ့ဥပဓိရုပ် (internation -al image)၊ ဒီအရှိန်အဝါတွေနဲ့ လုပ်ကိုင်ပေးသွားရင်၊ ဒီဥစ္စာက၊ နှစ်ဘက်ကိုပြေလည်သွားပြီးတော့ ရှေ့ဆက် ပြီး လုပ်ကိုင်သွားလို့ရှိရင်လည်း၊ ဖြစ်တာပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒါက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတက စဉ်းစားနေတဲ့ ကိစ္စ အပေါ် အန်ကယ့်အမြင်ပေ့ါနော်။ ဦးအောင်ကြည်နဲ့ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာ၊ ဧရာဝတီမြစ် ကြောင်းထိန်းသိမ်းရေးကို နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စ ဆိုတော့၊ ဒီနှစ်ဖက် ပူးပေါင်းဆောင်ရွက် နိုင်မယ့်ကိစ္စဆိုတဲ့ နေရာမှာ၊ အစိုးရနဲ့ NLD ဘယ်လိုကိစ္စတွေမှာ၊ ပူးပေါင်းဆောင်ရွက်လို့ ရမယ်ဆိုတာ၊ အန် ကယ် မြင်ထားတာလေးရှိရင်၊ သိချင်ပါတယ်။

ဦးတင်ဦး။ ။ ဒါနဲ့ ပတ်သက်လို့တော့၊ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး လုပ်ကိုင်ပေးနိုင်တဲ့ စွမ်းပကားတွေကိုလည်း အကူအညီလိုချင်တယ်ဆိုတဲ့ သဘောရှိမှာပေ့ါဗျာ။ သဘောကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာဥပဓိရုပ်(international image) ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့၊ ဒီကိစ္စ အရပ်ရပ်အ၀၀ပိုင်းမှာ၊ ဆက်လက်ပြီးတော့ လုပ်ကြကိုင်ကြမယ့်အပိုင်းမှာ၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရနိုင်သမျှ အကူအညီများ ကိုလည်းပဲ၊ သူတို့ လိုချင်ပုံ ပေါက်ပါတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့၊ ဒါတွေ ကို ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စအရပ်ရပ်မှာလည်းပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းအင်စွမ်းပကား၊ နိုင်ငံ ရေးအားဖြင့် ဆက်ဆံမှုအားဖြင့်၊ အစစအရာရာနိုင်ငံတကာမှာ အင်မတန်မှထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့၊ ဒါတွေကိုလည်း ကူညီဆောင်ရွက်စေချင်တဲ့ သဘောသဘာဝတွေလည်း၊ ရှိပုံရ တယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တခုက ဥပဒေပြင်ပ လက်နက်ကိုင်နေကြတဲ့ လူတွေ၊ ဥပဒေအတွင်း ထာဝရငြိမ်းချမ်းရေးဖြစ်ဖို့ အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိစ္စကို NLD နဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ် ဆိုတဲ့ဟာမှာ၊ အန်ကယ့်အနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။

ဦးတင်ဦး။ ။ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ အေးချမ်းချမ်းသာ၊ သာယာအောင်ဖြစ်ဖို့ ဆိုတာ သိပ်အရေး ကြီးတယ်။ ဒါက သိပ်ခက်တဲ့ ကိစ္စမဟုတ်ပါဘူးခင်ဗျ။ တကယ် ငြိမ်းချမ်းချင်တဲ့စိတ်ဓါတ်၊ စေတနာအကုန်လုံးရှိ ကြမယ်ဆိုရင်၊ ဒါလုပ်လို့ ရတယ်ဗျ။ လွယ်လွယ်လေးပဲ။ ဥပမာ၊ ပိုနေမြဲ၊ ကျားနေမြဲ status quo ပေါ့၊ အဲဒါကို အကုန်လုံး ပြန်သွား။ ဒါပဲ။ ပြန်သွား။ ပြန်သွားတာနဲ့ အရင်တုန်းက ကေအိုင်အိုတွေ နေတဲ့နေရာမှာ ceased fire လုပ်ထားတဲ့ position အတိုင်း ပြန်နေ၊ တပ်ကလည်း အရင်အတိုင်းပြန်နေ၊ တယောက်နဲ့တယောက် သံ သယဝင်စရာကိစ္စတွေကို မလုပ်ဘဲနဲ့၊ ယုံကြည်ချက်ရအောင် လုပ်နိုင်မယ့်ကိစ္စအပေါ်မှာ မူတည်၊ တည်ဆောက် လိုက်ပြီးတော့၊ စကားပြောကြည့်ကြပါ။ ပြီးတော့လည်းပဲ ကချင်တိုင်းရင်းသားတွေသာမက၊အခြားအခြားသော တိုင်းရင်းသားတွေကလည်း ဘာလိုတယ်ဆိုတာကို၊ သူတို့လိုအပ်ချက်အတိုင်း ကျနော်တို့တွေဟာ သူတို့အပေါ် မှာ handycap သဘောပေါ့နော်၊ ပေးသင့်ပေးထိုက်တာတွေကို ပေးပြီးတော့၊ သူတို့ရဲ့ယုံကြည်မှုရအောင်လုပ် နိုင်ဖို့လိုတယ်။ အဲဒါတော့ ကျနော်ပြောချင်တယ်။ ကျနော်တို့ဟာ တိုင်းရင်းသားတွေအပေါ်မှာ သူတို့ယုံကြည် စိတ်ချအောင် ပေးပါ။ လုပ်ပါ။ အဲဒီလိုဆိုရင် ယုံကြည်စိတ်ချတာဟာ၊ ဖြစ်လာပြီးတော့ အေးချမ်းသာယာစွာ ရှေ့ကို စိတ်ချမ်းသာစွာဖြစ်ရပ်တွေ၊ ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်ဗျ။

ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့သူ၊ လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဆက်သွယ်မေးမြန်း တင်ပြခဲ့တာ ပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG