သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၂ )


တပ်မှူး တပ်သား ပြောစကား (၀၂၈)

၁၉၈၈ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်က သူ့ရဲ့ ရှစ်လေးလုံးကာလ ဖြတ်သန်း မှုနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀ အတွေ့အကြုံတွေ၊ နိုင်ငံရေးအမြင်တွေကို ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး ပြည်သူ့ရင်ခွင်ကို ကူးပြောင်းခဲ့ပြီး မကြာခင်မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ ဖြစ်ပြီးတဲ့အခါမှာ ဗိုလ်ကြီး ရွှေ့ ပြောင်းပုန်းအောင်း နေထိုင်နေရတယ်ပေါ့။ ဗိုလ်ကြီး အဖမ်းခံခဲ့ရပြီးတော့ ဗိုလ်ကြီးကို သေဒဏ် ချမှတ်ခံရတယ်။ နောက်ပိုင်းမှာ ဗိုလ်ကြီးက ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရတယ် ဆိုတာ တော့ ကျနော်တို့ သိထားပါတယ်။ အဲဒါလေးကို အကျဉ်းချုံးပြီးတော့ ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော့်အနေနဲ့ ရွှေ့ပြောင်းပြီး ပုန်းအောင်းနေထိုင်ရတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် အဆက်အသွယ်ရှိပါတယ်။ နိုင်ငံရေးအခင်းအ ကျင်းက ဘယ်လိုဖြစ်သွားသလဲဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်က ပါတီတွေ မှတ်ပုံတင်ခွင့်ပြုပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ ကျင်းပမယ်ဆိုတာကို သူက တစ်နှစ်ကျော်ကျော်လောက် စောပြီးတော့မှ ကြေညာခဲ့ပါတယ်။ အဲဒီတော့ ဒေါ်စု အပါအဝင် လူကြီးတွေကို ကျနော်တင်ပြပါတယ်။ ကျနော်တို့က အခုချိန်မှာ နိုင်ငံရေးကို တရားဝင်လုပ် လို့လည်း မရဘူး၊ မည်သည့်ပါတီ အဖွဲ့အစည်းကိုမှ ကျနော်တို့ ဝင်လို့မရဘူး၊ ကျနော်တို့က တပ်ပြေးတွေ ဖြစ်နေတယ်၊ ကျနော်တို့အတွက် ဘယ်လို စဉ်းစားပါသလဲလို့ မေးတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်ကအစ ခေါင်းဆောင်တွေအားလုံးကလည်း “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ကိုဖွဲ့စည်းပြီးတော့မှ နိုင်ငံရေးလှုပ်ရှားမှုတွေကို သူတို့ စတင်နေပါပြီ။ သူတို့က ကျနော်တို့ အနေအထားနဲ့ ပတ်သက်ပြီး စဉ်းစားတာကတော့ ဒီကိစ္စတွေဟာ ဒီအချိန်မှာ ကိုင်တွယ်ဖြေရှင်းလို့ မရသေးဘူးပေါ့။ ဒီအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန် ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်လိုမှ ဖြေရှင်းလို့ မရသေးဘူး။ အဲဒီတော့ အကျပ်အတည်းကာလလေးကို ကြိုးစားပြီးတော့မှ ကိုယ့်အစီစဉ်နဲ့ကိုယ်ပဲ ရန်ုးကန်ပြီးတော့မှဖြေရှင်းပါ။ လှည့် လည်ရွှေ့ပြောင်း ပုန်းအောင်သွားလာပြီး နေထိုင်ပါ။ သူတို့နဲ့လည်း ကျနော်က တရားဝင် အဆက်အသွယ်လုပ်လို့လည်း မရပါဘူး။ ကြားလူတွေကတဆင့် ကျနော် မေးရတာပဲဖြစ်ပါ တယ်။ အဲဒီလိုမျိုး သူတို့ဆီကသဘောထားတွေကို တိတိလင်းလင်းမဟုတ်ပေမယ့် အရိပ်အမြွက်တချို့ ကျနော် သိလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ကျနော် အခုလိုမျိုး လှည့်လည်ရွှေ့ ပြောင်း ပုန်းအောင်းနေထိုင်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော် ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မရောက်ဖြစ်ခဲ့ သလဲဆိုတော့၊ အဲဒီလိုမျိုး နိုင်ငံရေးအခြေအနေ အခင်း အကျင်းတွေနဲ့ ဆက်စပ်ပြီးတော့မှ သူတို့ရဲ့ မှာကြားချက်အရ ဒီကိစ္စတွေဟာ ရွေးကောက်ပွဲပြီးသွားရင် အားလုံးပြေလည်သွားမှာပါ ဆိုတော့၊ ကျနော့်အနေနဲ့ ၁၉၉၀ ခုနှစ်ရွေးကောက် ပွဲအပေါ်မှာ မျှော်လင့်ပြီးတော့မှ ဒီကြားထဲမှာပဲ တစ်နှစ်လောက် ကာလလေးကို ရွေ့ပြောင်းပုန်းအောင်းနေထိုင်ပြီး တကယ်လို့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမယ့် ၉၀ ခုနှစ်နောက် ပိုင်းမှာ အခြေနေတွေ ပြောင်းလဲသွားမယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင်လည်း မြန်မာပြည်နိုင်ငံရေးမှာ တတပ်တအား၊ တင်းပြည့်ကျပ်ပြည့် အချိန်ပြည့် ပါဝင်ထမ်းဆောင်မယ်။ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီရေးလူ့အခွင့်အရေး ကြိုးပမ်းမှုတွေနဲ့ နိုင်ငံသစ်တည်ထောင်ရေးလုပ်ငန်းတွေမှာ ကျနော်တို့ကိုယ်တိုင် တတ်အားသရွေ့ကိုယ်စွမ်းညာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင် ရွက်မယ်ဆိုတဲ့စိတ်ဓါတ်ကလေးနဲ့ ကျနော် ပုန်းအောင်းနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပုန်းအောင်းနေထိုင်စဉ်ကာလမှာလည်း အဓိက ကူညီပေးခဲ့တာကတော့ ကျောင်းသားနဲ့ပြည်သူ တွေ ပါပဲ။ ပြည်သူတွေရဲ့ထမင်းကို ကျနော်စားရပါတယ်။ ကျောင်းသားတွေလည်း သူတို့ အသက်နဲ့ ရင်းပြီး ကာကွယ်ခဲ့တာတွေ ရှိပါတယ်။ အဲဒီ ကျေးဇူးတွေလည်း ကျနော် မမေ့ပါ ဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ရွေးကောက်ပွဲ ပြီးသွာတော့လည်း ဗိုလ်ကြီး မျှော်လင့်သလို ဖြစ်မလာခဲ့ ဘူးပေါ့နော်။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီမတိုင်ခင် ကျနော်က ၁၉၈၉ခုနှစ် ဧပြီလမှာပဲ ရန်ကုန်မြို့တွင်းတနေရာမှာ အဖမ်းခံရပါတယ်။ နောက်ဆုံး ကျနော် ပုန်းအောင်တိမ်းရှောင်ဖို့ အခက်အခဲ ဖြစ်လာတဲ့အချိန်၊ ကျနော်နဲ့နီးစပ်တဲ့ ဆွေမျိုးအိမ် မှာ သွားရောက်ပုန်းအောင်းစဉ်ကာလမှာ သူတို့ သတင်းရသွားပြီးတော့ ကျနော့်ကို လက်ရဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးသွား တဲ့နောက်ပိုင်းလည်း အပြင်းအထန်နှိပ်စက်ပြီးတော့မှ ခုနကပြောတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို သူတို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ထောင်မကျသေးခင် ကာလက တော့ အဲဒီလို အခြေအနေ တွေပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ကိုယ်မျှော်လင့်ခဲ့သလို မြန်မာ့နိုင်ငံရေးဟာ ဖြစ်မလာဘူး။ ရွေးကောက်ပွဲ ပြီးသွားရင် ကိုယ့်လုံခြုံရေးကိစ္စ ပြေလည်သွားမယ်ဆိုတာ မြန်မာ့နိုင်ငံရေး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့ မပြေလည်မှုပေါ့။ ဒီလိုမျိုး မြန်မာ့နိုင်ငံရေးတစ်ခုလုံး မပြေမလည်ဆက်ဖြစ်နေတာကို ဗိုလ်ကြီး အကျဉ်းကျနေစဉ်ကာလမှာ တနိုင်ငံလုံးအ တွက် ဘယ်လို ဖြစ်ပေါ်ခံစားမိပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ထောင်ထဲမှာ ကျနော့်ရဲ့အတွေ့အကြုံတွေကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး ခင်ဗျ။ မြန်မာပြည်နိုင်ငံရေးကို ထောင်ထဲရောက်မှ ကျနော်လည်း နားလည်တာ ပါ။ အစက ကျနော် နားမလည်ပါဘူး။ ကျနော် စာဖတ်ခဲ့တဲ့အတွေ့အကြုံ၊ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ ဒါတွေလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘဝတက္ကသိုလ် ထောင်ထဲမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေနဲ့ ကျနော် တွေ့ဆုံပြီး သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးဖလှယ်ကြပြီး တဖြည်းဖြည်း တည်ဆောက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီအချိန် မှာပဲ ကျနော့်ယုံကြည်ချက်က ပိုပြီးတော့ ခိုင်မာလာပါတယ်။ ထောင်ထဲမှာ ကျနော် အဘဦးသော်က တို့၊ ဗိုလ်မှူးဂျွန်လှဝင်း တို့၊ အဲဒီလူတွေနဲ့လည်း ကျနော် တွေ့ခဲ့ပါတယ်။ ဗိုလ်မှူးသူရ ဦးငွေလှိုင် ဆို အန်အယ်လ်ဒီ ကပါပဲ။ အင်းစိန် အမတ်ပေါ့၊ အဲဒီတုန်းက သူတို့နဲ့ ကျနော် တွေ့ခဲ့ပါတယ်။ နောက်တစ်ခုက ၄၈၂၈ (ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်ကလပ်စည်း) ကိုသက်ခိုင်အမှုတွဲတွေ ဗိုလ်စက်ရောင်တို့ နောက်ပြီးတော့ ပဲခူးရိုးမထိုးဖောက်အဖွဲ့တွေ ၊ ဘီဘီစီသတင်းထောက် ဦးနေမင်းတို့၊ တိုက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပေါင်းစုံ ကျနော် တို့ အတူတကွ လက်ရည်တပြင်တည်း စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကိ ု ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့ ဖြတ်သန်းခဲ့ရတာတွေ ရှိပါတယ်။ အဲဒီမှာ တဖြည်းဖြည်း ကျနော် အတွေ့အကြုံတွေ ပို ရ လာတယ်။ ယုံကြည်ချက်တွေ ပိုခိုင်မာလာတယ်။ အဲဒီမှာ ကျနော်တို့ သတင်းတွေနဲ့လည်း အဆက်မပြတ်ပါဘူး ခင်ဗျ။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲကို ကျနော်တို့အားလုံးက မျှော်လင့် တကြီးနဲ့ စောင့်စားခဲ့ပါတယ်။ ကျနော်တို့ မျှော်လင့်ခဲ့တဲ့အတိုင်းလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲ မဝင်ပေမယ့်လည်း ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက နဝတက ဘယ်လောက်ထိ ညစ်ပတ်သလဲဆိုလျှင် ရွေးကောက်ပွဲ အဖြေရလဒ်ကို (၃)လ ကြာအောင် အချိန်ဆွဲပြီးတော့ ရေဒီယိုကနေ တစ်ခုချင်း ကြေညာသွားတယ်ဆိုတာ ကျနော် မှတ်မှတ်ရရ ရှိနေပါတယ်။ ဆက်သွယ်ရေး၊ ရာသီဥတု အကြောင်းပြချက်တွေနဲ့ တစ်ညမှာ တစ်မြို့နယ်၊ နှစ်မြို့နယ်လောက် ကြေညာသွားပြီး မြို့နယ်အားလုံးပေါင်း သုံးရာကျော်ကို သုံးလလောက် အချိန်ဆွဲပြီး ကြေညာသွားတာပါ။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိအတိုင်း သူတို့အားလုံးဟာ စစ်တမ်းလျားကို ပြန်သွားပြီးတော့မှ နိုင်ငံတော်အာဏာကို အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထံ လွှဲပေးမှာပဲလို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ၁၉၉၀ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ထောင်တွင်းဆူပူမှု ဖြစ်ပါတယ် ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဒီ ဆူပူမှုတွေဟာလည်း ချက်ချင်း ထပြီးဖြစ်တာ မဟုတ်ပါဘူး။ ထောင်အာဏာပိုင်တွေ ရဲ့ မတရားဖိနှိပ်မှုတွေကို နောက်ဆုံး ဘယ်လိုမှ မခံနိုင်တဲ့အဆုံး မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပါတဲ့၊ တခြားအဆောင်က ရာဇဝတ်မှုအကျဉ်းသားတွေ မပါတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ခု ထောင်ထဲမှာ ဖြစ်ခဲ့တာပါ။ သေဒဏ်ကျ တဲ့ အကျဉ်းသားတွေလည်း ပါပါတယ်။ ကျနော်တို့လို နှစ်ကြီးကျတဲ့ တိုက်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အားလုံကပါဝင်ပြီး (၉၀)ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ပေးဖို့ ၊ အမြန်ဆုံး အာဏာလွှဲပြောင်းပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ဆိုတဲ့ အော်ဟစ်ကြွေးကြော်ပြီးတော့ တောင်းဆိုတာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့နည်းလမ်း နဲ့ ဆန္ဒပြပြီး ကျနော်တို့ တောင်းဆိုတာပါ။ အဲဒီအတွက်ကြောင့်လည်း ထောင်အာဏာပိုင်တွေက ၁၉၉၀ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကျနော်တို့ကို အကြီးအကျယ် တနေ ကုန် ရိုက်နှက်ပြီးတော့မှ စစ်ခွေးတိုက်ထဲထည့် နောက်တစ်နေ့ မနက်အစောကြီးမှာ သရက်ထောင်ကိုပြောင်းတဲ့ အနေအထားမျိုးထိ ဖြစ်သွားပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့က တော့ နောက်ပိုင်းမှာ တိုက်ပွဲဟာ ဆက်လက်တည်ရှိနေဦးမှာပါလား၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေးအခင်းဟာ မပြီးဆုံးသေးဘူး။ အကျပ်အတည်းတွေဟာ ရှေ့မှာအများကြီးရှိနေ တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ အများကြီး ဖြတ်သန်းရဦးမယ်ဆိုတာ ကျနော်သဘောပေါက်ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်ကြီးရဲ့ အခုလို နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့မှု အတွေ့အကြုံ၊ နောက်တခါ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့အချိန်မှာလည်း ဗိုလ်ကြီးဟာ ဒီအတိုင်းမနေဘူး၊ နိုင်ငံအတွက် ဆက်လုပ်တယ်။ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး” ကို ဗိုလ်ကြီးဟာ စတင် လှုံ့ဆော်တည် ထောင်သူ တစ်ဦးလည်း ဖြစ်တယ်။ ခုနက ဗိုလ်ကြီးပြောသလို ကိုယ်က ပြည်သူ့ ရင်ခွင်ထဲကို ကူးပြောင်းတယ်ဆိုပြီးတော့ ရှစ်လေးလုံးအချိန် ကူးပြောင်းလိုက်စဉ်တုန်းကတော့ emotion (စိတ်ခံစားမှု) အရ မတရားမှုတွေ ဒီလောက်ဖြစ်နေတာ ငါ မတရားတဲ့ဘက်မှာတော့ မနေချင်ဘူး ဆိုတဲ့ စိတ်ဓာတ်ခံယူချက်မျိုးနဲ့ ကူးပြောင်းခဲ့ပြီးတော့ နောက် နှစ်ရှည်နိုင်ငံ ရေးအကျဉ်းသား ဖြစ်လာတဲ့အခါမှာ နိုင်ငံရေးကို ပိုနားလည်လာတယ်၊ ပိုရင့်ကျက်လာတယ် ပိုသိလာတယ် ဆိုတော့ အဲဒီအနေအထားကနေ အခု မြန်မာပြည် နိုင်ငံရေးအခင်းအကျင်း ကို ဗိုလ်ကြီး ဘယ်လိုမြင်ပါသလဲ၊ အထူးသဖြင့်ပေါ့နော်၊ ဗိုလ်ကြီးက တပ်မတော်အထဲမှာ နေခဲ့တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်အထက်တပ်မှူးတွေရဲ့ mentality စိတ်နေစိတ်ထား၊ သဘောထား လုပ်နည်းကိုင်နည်းတွေ ဗိုလ်ကြီး သိနေမယ်လို့ ကျနော် ထင်ပါတယ်။ အခု လက်ရှိ စစ်ခေါင်းဆောင်တွေဟာ ဗိုလ်ကြီးတို့ ရှိစဉ်အခါတုန်းက ဗိုလ်ကြီးတို့နဲ့ သိပ်မကွာတဲ့ စစ်ခေါင်းဆောင်တွေပါ။ အဲဒီတော့ ဒီအချက်တွေပေါ် မူတည်ပြီးတော့ ယနေ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နောက်လာမယ့်အလားအလာ၊ အခု ၂၀၁၀ ရွေးကောက်ပွဲကို ပြ ထားပြီးတော့ စစ်အစိုးရလှုပ်ရှားနေမှုအပေါ်မှာ ဗိုလ်ကြီး သုံးသပ်ပေးပါ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နတခ(အနောက်တောင်တိုင်းစစ်ဌာနချုပ်) တိုင်းမှူး၊ ကျနော်က ခလရ (၅၁)မှာ တပ်စုမှူး၊ အဲဒီတော့ သူ ကျနော်တို့ တပ်ကို လာ စစ်တဲ့အချိန်မှာ ကျနော်တို့ တွေ့ဖူးပါတယ်။ သူ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေမှာလည်း ကျနော်တို့ ပါဝင်ခဲ့ရပါတယ်။ အခုအချိန်မှာ ကျနော်မြင်တာကတော့ ဗမာ့တပ်မတော်ဟာ အကြီး အကျယ်ပြောင်းလဲသွားပြီ ခင်ဗျ၊ ပြောင်းလဲသွားတဲ့နောက်ပိုင်းမှာ တစ်ဦးတစ်ယောက် ခေါင်းဆောင်မှုဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဦးဆောင်မှုကို ဘယ်သူမှ မတွန်းလှန်ရဲတဲ့အနေ အထား ဖြစ်နေပါတယ်။ ဒီလို အနေအထား ဖြစ်နေတယ်ဆိုတာ သိပ်ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီးတော့မှ တပ်မတော်ကို တည်ဆောက်နေ တယ်။ နိုင်ငံတော်ကို လုပ်ချင်သလိုလုပ်နေတယ် ဆိုရင်၊ ဒါဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက စစ်သားဆိုရင် ကတိတည်ရပါတယ်။ ကိုယ်ပေးတဲ့ကတိ ကို အောင်မြင်အောင် အကောင်အထည်ဖော်ရပါတယ်။ အဲဒီတော့ ကောင်းကောင်းဆိုးဆိုး ကိုယ့်ကတိအတိုင်း ဖြစ်လာတဲ့ရလဒ်တွေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွား ဖို့လိုပါတယ်။ ဒါပေမယ့် ကျနော်တို့ တပ်မတော်ခေါင်းဆောင်အများစုက ဘာဖြစ်နေသလဲဆိုလျှင် ကျနော် လေ့လာမိသလောက် အခုအချိန်မှာ အများကြီးလည်း ပျက်စီးသွားပြီ။ ပြည်သူလူထုကို ရင်ဝယ်သားလို သဘောမထားနိုင်တော့ဘူး အတိုက်အခံတွေကို ရက်ရက်စက်စက် ဖိနှိပ်၊ နှိပ်ကွပ်နေတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်၊ ဒီမိုကရေစီလွတ်လပ်ခွင့်၊လူ့အခွင့် အရေးတွေကအစ ဘာမှ ဂရုမစိုက်တော့ဘူး။ တိုင်းရင်းသား အ ခွင့်အရေး၊ ပြည်နယ်တွေရဲ့အခွင့်အရေး၊ ပြည်သူလူထုရဲ့ ဘဝတွေကိုလည်း မစာနာတော့ဘူး။ ဒီအချိန်မှာ ကိုယ့်မိ သားစု ကိုယ့်ဆွေမျိုးသားချင်း ကောင်းစားရေးတွေပဲ လုပ်နေကြတယ် ခင်ဗျ။ အဲဒီတော့ အခုချိန်မှာ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့မိသားစုတွေ ဆွေမျိုးသားချင်းတွေက အရမ်းကို ကြွယ်ဝချမ်းသာလာပြီးတော့ မြန်မာပြည်ရဲ့ ကျန်တဲ့ သာမန်ပြည်သူလူထုအများစုက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေပြီး နိမ့်ကျသွားတဲ့ အနေအထား ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော် စိတ်မကောင်းပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ပြယုဂ်တွေပါ။ ဒါပေမယ့် တစ်ဖက်ကလည်း ဗိုလ်ကြီးအုန်းကျော်မြင့်တို့က အစ အမှန်တရားကို ဦးတည်ပြီးတော့မှ ပြောခဲ့ဆိုခဲ့တာတွေ ရှိပါတယ်။ (၈၈)အရေးအခင်းမှာ ကျနော်ပါဝင်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ အမှန်တရားပြောဆိုမှုတွေဟာ ရလဒ်တွေအနေနဲ့ အခု တပ်မတော် ထဲမှာ မျိုးဆက်သစ်တွေ ကကော၊ ကျနော့်ထက် စီနီယာကျတဲ့ အစ်ကိုကြီးတွေ ကကော၊ ကျနော့်ထက် ဂျူနီယာကျတဲ့ ညီငယ်တွေ ကကော၊ ကျနော်နဲ့ level တန်းတူ အဆင့်ရှိတဲ့ တချို့သော အရာရှိတွေ ကကော၊ အတွေးအမြင်တွေ ပြောင်းလဲပြီး၊ အမှန်တရားကို ဖော်ထုတ်ပြောဆိုရဲတဲ့ သတ္တိတွေရှိလာတယ်။ အင်မတန်မှ အားရစရာကောင်းတဲ့ လေးစားထိုက် တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာတယ်။ နောက်ပြီး သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ကျသွားတဲ့ တချို့ပုဂ္ဂိုလ်တွေလည်း ထွက်လာတယ်ဆိုတော့ အမှန်တရားကိုမူတည်ပြီး ပြောရဲဆိုရဲလုပ် ရဲကိုင်ရဲရှိတဲ့ အရာရှိ အကြပ် စစ်သည်တွေ တပ်မတော်ထဲမှာ အများကြီးပေါ်ပေါက်လာဖို့ ကျနော့်အနေနဲ့ အများကြီး ဂုဏ်ယူပါတယ် ခင်ဗျ။ ဝမ်းသာပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံ ပြု ပြင်ပြောင်းလဲတိုးတက်ဖို့အတွက် ကောင်းတဲ့ အလားအလာပဲလို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။ အမှန်တရာကို လိုလားပြီး အမှန်တရားကို ပြောရဲဆိုရဲသတ္တိရှိတဲ့၊ အမှန်တရားဘက် က ရပ်တည်တဲ့၊ ပြည်သူလူထုနဲ့ နိုင်ငံတကာအခြေအနေတွေကို နားလည်တဲ့၊ တိုးတက်တဲ့ အသိအမြင် အတွေး အခေါ်ရှိတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတန်ဘိုး ထားတတ်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားမြတ်နိုးတဲ့ တပ်မတော်သားနဲ့ပြည်သူတွေ အများစုကသာလျှင် မြန်မာပြည်နိုင်ငံရေးကို အဓိကကျတဲ့နေရာမှာ အဆုံးအဖြတ်ပေးပြီး အပြောင်းအ လဲကြီး တစ်ခုဟာ မကြာခင်ကာလအတွင်းမှာ ဖြစ်ပေါ်လာမယ်လို့ ကျနော့်အနေနဲ့ အကောင်းဆုံး ကို မျှော်လင့်ထားပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုကိုပစ်ခတ်နှိမ်နင်းဖို့ တာဝန်ပေးခြင်းခံထားရတဲ့ တပ်မတော်အရာရှိအဖြစ်ကနေ ပြည်သူလူထုဘက် ကို ကူးပြောင်းပါဝင်ခဲ့သူ၊ အခုအခါ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး”ကို စတင် တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ စစ်သားဘဝကနေ မမျှော်လင့်ဘဲ နိုင်ငံရေးအကျဉ်းသားအထိဖြစ်လာတဲ့ နိုင်ငံရေးအတွေ့အကြုံတွေကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ မကြာသေးခင်က အသစ်ခန့်အပ် လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ ဒုတိယတန်းစစ်ခေါင်းဆောင်တွေ ဖြစ်ကြသူ စစ်တိုင်းမှူး(၁၃)ဦးထဲမှာ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော် တက်ရောက်ခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်း အ ပတ်စဉ်(၂၄)က ကျောင်းဆင်းတဲ့ စစ်တိုင်းမှူး(၅)ဦး ပါရှိပါတယ်။ ကျန်တဲ့ စစ်တိုင်းမှူးတွေဟာလည်း ဗိုလ်ကြီးစိုင်းဝင်းကျော်ထက် နှစ်အနည်းငယ်ပဲစောပြီး ဗိုလ်သင်တန်းဆင်းသူ၊ နှစ်အ နည်းငယ်ပဲ နောက်ကျပြီး ဗိုလ်သင်တန်းဆင်းကြသူတွေပါ။ လာမယ့် အောက်တိုဘာလ(၁၀)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား ” အပတ်စဉ်ကဏ္ဍမှာတော့ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်က သူနဲ့ခေတ်ပြိုင် လက်ရှိစစ်တိုင်းမှူးတွေနဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြထားတာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG