သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးအခြေအနေကိုင်တွယ်ဖို့ ဥပဒေပြင်ဆင်မှုတွေ လိုအပ်


လူ့အခွင့်အရေးအခြေအနေကိုင်တွယ်ဖို့ ဥပဒေပြင်ဆင်မှုတွေ လိုအပ်
လူ့အခွင့်အရေးအခြေအနေကိုင်တွယ်ဖို့ ဥပဒေပြင်ဆင်မှုတွေ လိုအပ်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူအခွင့်အရေးဖောက်ဖျက်တာတွေကို တိုင်ကြားနိုင် ကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုလိုက်ပေမဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေတချို့ဟာ လူတဦးချင်းရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ဆန့်ကျင်နေတာ ကြောင့်ဖြစ်ပြီး ဒီဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်မယ်လို့လည်း ဝေဖန်ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရသစ်က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို ဖောက်ဖျက်ခံရတယ်ဆိုရင် ကော်မရှင်ကို တိုင်ကြားနိုင်တယ်လို့ ဒီကနေ့ အစိုးရပိုင်သတင်းစာတွေကတဆင့် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေ ဖောက်ဖျက်ခံရတာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိမယ်ဆိုရင် ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီလို ထုတ်ပြန်လိုက်တဲ့အပေါ်မှာတော့ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က လူ့အခွင့်အရေးရှေ့နေ့ ဦးအေးမြင့်က အခုလို ပြောဆိုပါတယ်။

“လူ့အခွင့်အရေးတိုင်ကြားချက်တွေကို လက်ခံတာကတော့ ကြိုဆိုတယ်။ ဒါပေမဲ့ ကျနော်ကတော့ အပြည့်မယုံသေးဘူး။ ဒီအစိုးရသစ်တက်လာပြီဗျာ။ လူ့အခွင့်အရေးနဲ့ နံမည်အကြီးဆုံး အဆိုးဆုံး ကလေး စစ်သားတွေ တိုင်ထားတာ ၈လ၊ ၉လ၊ တနှစ် အခုထိပြန်မရသေးဘူး။ တချို့ ရှေ့တန်းရောက်သွားပြီ။ တိုက်ပွဲကျ သွားပြီ။ တိုင်တာကို လက်ခံတဲ့ ဌာနက ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ပြီးမှ ပြောလို့ ရတယ်။ တခါမှတော့ အခွင့်အရေးမရဘူးသေးဘူးဗျ။ ထုတ်ပြီးဘာမှမလုပ်တဲ့ အစိုးရဆိုရင်တော့ ဘယ်လိုမှ တန်ဖိုးရှိတဲ့ အစိုးရဖြစ်မှာ မဟုတ်ဘူး။”

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ လူအခွင့်အရေးပညာပေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီလို တိုင်ကြားဖို့ လက်ခံတာကို ထောက်ခံပါတယ်။ ဒါပေမဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့ လက်ရှိ တရားရုံးမှာ အမှုဖွင့်တိုင်တန်းထားတဲ့ အမှုတွေ၊ စစ်ဆေးနေတဲ့အမှုတွေနဲ့ ဆုံးဖြတ်ချက်ချထားတဲ့အမှုတွေ လက်မခံကြောင်း ဖော်ပြထားတဲ့အပေါ်မှာ ဦးအောင်မျိုးမင်းက အခုလို ဝေဖန်ပါတယ်။

“ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေပိုင်းဆိုင်ရာမှာ ဥပဒေက လူတယောက်ချင်းရဲ့ အခြေခံလွတ်လပ်ခွင့်ကို အကာအကွယ်မပေးဘဲနဲ့ ဖိနှိပ်တဲ့ဟာမျိုး ဒါတွေက ရှိနေတာတွေ့ရတယ်။ ဥပမာ လူတယောက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ သတင်းများရရှိခွင့်ရှိတယ်ဆိုတဲ့ UDHR အပိုဒ်၁၉ကို သူတို့က လေးစားပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပုံနှိပ်ထုတ်ဝေရေးနဲ့ electronic ဥပဒေက ဒီသတင်းတွေကို ထုတ်ဝေခွင့်ပေးတဲ့ဟာမျိုး ဖြန့်တဲ့ဟာမျိုးက ပြစ်မှုဖြစ်နေတယ်။ အဲတော့ ရှိပြီးသားဥပဒေအရ အရေးယူထားတာ၊ အရေးယူခံထားရတာကို သူတို့အနေနဲ့ ကိုင်တွယ်ဖြေရှင်းမှာ မဟုတ်ဘူးဆိုတဲ့ ဟာမျိုးဖြစ်နေတယ်။ အဲတော့ ဥပဒေတွေက မြင့်ပြီးတော့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေက တဆင့်နိမ့်နေတာမျိုးဖြစ်နေတာကို ဒီကြေညာချက်ထဲမှာ ထောက်ပြလို့ ရပါတယ်။”

လူ့တယောက်ချင်းစီရင် အခြေခံလွတ်လပ်ခွင့်ကို မြှင့်တင်ဖို့ ဆိုရင် ဒီလို မတရားတဲ့ ဥပဒေမျိုးတွေကို ပြန်လည် သုံးသပ်ဖို့နဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေအများဆုံးဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ထိထိ ရောက်ရောက် တိုင်ကြားနိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ပေးဖို့လည်း လိုအပ်တယ်လို့ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။

တဆက်တည်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူဖို့ ဦးအောင်မျိုးမင်းက အခုလိုတိုက်တွန်းပါတယ်။

“အခုလိုမျိုး တင်ပြပါဆိုတဲ့ဟာကို အကြောင်းကြားတာ ကောင်းပါတယ်။ ဒါပေမဲ့ အရင်တုံးက ILO အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တုံးကလည်း တင်ပြမှုတွေရှိတယ်။ တင်ပြတဲ့သူတချို့ကို အနှောက်အယှက် ပေးတာတွေ ရှိတယ်။ အခုချိန်မှာကတော့ အားလုံးက စောင့်ကြည့်နေပါတယ်။ တင်ပြမှုတွေကို အရေးယူဆောင်ရွက်မှုတွေ၊ တင်ပြတဲ့သူတွေကို ဘယ်သူမှ အနှောက်အယှက်မရှိဘဲ အန္တရာယ်ဖြစ်နိုင်မယ့် အကြောင်းအရာ အချက်အလက်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ အားကောင်းတဲ့ လူ့အခွင့်အရေးကော်မရှင်တရပ်ဖြစ်လာမှာဖြစ်တယ်လို့ ကျနော် တိုက်တွန်းချင်ပါတယ်။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အငြိမ်းစား အစိုးရဝန်ထမ်း ၁၅ဦးနဲ့ စက်တင်ဘာလ ၅ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူတွေဟာ တချိန်က စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာမှာ ကာကွယ်ပြောဆိုခဲ့တဲ့ သံအမတ်ဟောင်းတွေဖြစ်နေတာဟာလည်း မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် သတိထားစရာ တခု ဖြစ်နေပါတယ်။

စစ်အစိုးရလက်ထက် ၂၀၀၀ခုနှစ်က ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီးတင်လှိုင်ကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်ပြီး လူ့အခွင့်အရေး ကော်မရှင်ဖွဲ့ခဲ့ဖူးပေမဲ့ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေမရှိဘဲ လူ့အခွင့်အရေးချိုးဖောက် မှုတွေအတွက် ပြည်တွင်းပြည်ပက ဝေဖန်တာတွေ ရှိခဲ့ဖူးပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုအောင် ကုလသမဂ္ဂက မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ကော်မရှင်တရပ်ဖွဲ့စည်းဖို့ကို အကြံပြုထားပါတယ်။

XS
SM
MD
LG