ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ လက်ရှိ ပြစ်ဒဏ်နဲ့ပတ်သက်လို့ အထူးအယူခံကို လက်ခံသင့်မသင့် တရားရုံးချုပ်က ရန်ကုန်မှာ လာမယ့် အောက်တိုဘာ လ ၁၈ ရက် တနင်္လာနေ့မှာ ကြားနာမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ချခဲ့တဲ့ အကြောင်းအရာတွေအရရော ဥပဒေကြောင်းအရပါ ဒေါ်အောင်ဆန်းစုကြည်ဟာ လုံးဝ အပြစ်မရှိခဲ့ဘူး ဆိုတာကို ဥပဒေကြောင်းအရ သက်သေပြဖို့အတွက် အခုလို အထူးအယူခံ လျှောက်လဲချက် တက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
နေအိမ်အကျယ်ချုပ် ကန့်သတ်ထားမှုတွေ ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်အတွက် အထူးအယူခံ လျှောက်လဲချက်ကို လက်ခံမယ်လက်မခံဘူး ဆိုတာကို တရားရုံးချုပ် ရန်ကုန်မှာ အောက်တိုဘာ လ ၁၈ ရက်နေ့မှာ ကြားနာမှာပါ။ ၂၀၀၉ ခုနှစ် သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ အကြောင်းအရာ အရရော ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် လုံးဝ လွဲချော်နေတဲ့ စီရင်ချက်တွေ ဖြစ်တယ်လို့ အမှုကို လိုက်ပါအကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။
“ကျနော်တို့ကတော့ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လုံးဝ အပြစ်မရှိဘူး။ အကြောင်းခြင်းအရရော၊ ဥပဒေအရရော အသေအချာ စဉ်းစားလေ လုံးဝ အပြစ်မရှိဘူး။ တကယ့် innocent ပါ။ ဒါကို ကျနော်တို့ အထူး အယူခံဝင်ခွင့် ကျနော်တို့ လျှောက်ထားတာ ၁၈ ရက်နေ့ ကြားနာဖို့ရှိတာပါ။ ကျနော်တို့က ဥပဒေအမြင်အရတော့ အဲဒီသုံးသပ်ချက်တွေက ကျနော်တို့နဲ့ မတူဘူးခင်ဗျ။”
မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာဝင်ခဲ့တဲ့ အယူခံကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့ကတင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခံခဲ့ဘူးတာမို့ အယူခံလွှာ ၂ ကြိမ် ပယ်ချခံရဖူးပါတယ်။ ဒီ ၂ ကြိမ်စလုံးကိုကြည့်ရင် သက်ဆိုင်ရာ တရားရုံးတွေက နောက်ဆုံး ပယ်ချတယ်ဆိုတဲ့ အဖြေတွေသာ တူညီပြီး အမှုအကြောင်းအရာအပေါ် သုံးသပ်ချက်တွေ ကွဲလွဲနေခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ သုံးလို့ရလား။ ကျနော်တို့က လုံးဝ သုံးခွင့်မရှိဘူး။ ဒီဥပဒေဟာ ပျက်ပြယ်သွားပြီ မရှိဘူးလို့ပြောတယ်။ ဒါပေမဲ့ မူလရုံးက ရှိတယ်လို့ပြောတယ်။ ပထမ အယူခံရုံးကတော့ မရှိဘူး။ သို့သော်လည်း အပြစ်ရှိတယ်ပြောတယ်။ နောက်တခါ တရားရုံးချုပ် ရောက်တော့လည်း တရားရုံးချုပ်က ၁၉၇၄ ဖွဲ့စည်းပုံ ထဲက ပုဒ်မတွေကိုသုံးတာက ညွှန်းတာပါ။ တကယ် သုံးတာမဟုတ်ဘူးတဲ့။ order ထဲမှာ ထည့်ရေးထားပြီးတော့ order ဆိုတာက တားဆီးမိန့်ထဲမှာ ထည့်ရေးထားပြီးတော့မှ ဒီဥစ္စာက တကယ်သုံးတာ မဟုတ်ဘူးလို့ဆိုပြီးတော့ နောက်ဆုံး အပြစ်တွေ့တာပဲ တူတာ။ သူတို့ သုံးသပ်ချက်တွေက အကုန်လုံး အကွဲကွဲအပြားပြားတွေ ဖြစ်နေတယ်။ အဲဒီတော့ အခြေခံရမယ့် ဥပဒေအချက်အလက်တွေမှာ သူတို့ကိုယ်က တည်တည်ငြိမ်ငြိမ် မဟုတ်ဘူး။ ကွဲပြားနေတယ်။”
လာမယ့် အောက်တိုဘာလ ၁၈ ရက် တရားရုံးချုပ်မှာ အထူးအယူခံကို လက်မခံမခံ ကြားနာတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာနိုင်ဖို့ အခွင့်အလမ်း မရှိဘူးလို့လည်း ပြောပါတယ်။
“အစဉ်အလာအရတော့မရှိဘူး။ တခါ ကြိုးစားဖူးတယ် မရဘူး။ နောက်လည်း မရပါဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲကလွတ်လာဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်ရဖို့ ကြိုးစားနေတာ။ ကိုယ်မှားတာကို မှားတယ်လို့ ၀န်ခံရဲတဲ့သတ္တိရှိလာမယ်။ တရားဥပဒေနဲ့ ဆုံးဖြတ်မယ်ဆိုရင် ကျမတို့ ကျိန်းသေနိုင်တယ်။”
ရှေ့နေကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်လည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တဦးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် ၆ နှစ်ချမှတ်ထားတဲ့ အချိန်ပြည့်ခါနီး လပိုင်းလေးအလိုမှာပဲ ၂၀၀၉ ခုနှစ် မေလက နေအိမ်ကို အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော တရားမ၀င် ရေကူးဝင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာပါ။ အဲဒီနောက်တော့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချပ်မှူးကြီး သန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ ဆိုင်းငံ့ပြစ်ဒဏ် ၁ နှစ်ခွဲနဲ့ အကျယ်ချုပ် ချထားတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စတင် ဖမ်းဆီးခဲ့ချိန်နဲ့ အင်းစိန်ထောင်တွင်း ချုပ်ရက်တွေကိုပါ တွက်ကြည့်မယ်ဆိုရင် လာမယ့် နိုဝင်ဘာ ၁၃ရက်နေ့ဟာ နေအိမ်အကျယ်ချုပ်ရက် သက်တမ်းပြည့်ပြီလို့ နိုင်ငံတကာ ဥပဒေရေးရာအဖွဲ့တွေက ထောက်ပြထားပါတယ်။