သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အစိုးရ နှင့် NLD ပူးပေါင်းဆောင်ရွက်မှု အလားအလာ


တပ်မှူးတပ်သား ပြောစကား (၀၈၁)

၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုကာလ မတိုင်မီက၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဖြစ် ခဲ့သူ၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ လက်ရှိအစိုးရနဲ့ NLD တို့၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကို ပူးပေါင်း ဆောင်ရွက်ရေးမှု အလားအလာ အမြင်သဘောထားတွေနဲ့၊ ၁၉၈၈ မတိုင်မီ မြန်မာနိုင်ငံက ရရှိခဲ့တဲ့ နိုင်ငံခြားအကူ အညီဆိုင်ရာ၊ အတွေ့အကြုံတွေကို၊ ဦးရော်နီညိမ်းက မေးမြန်းဆွေး နွေးပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍကို၊ တင်ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ စက်တင်ဘ (၃၀) ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အလုပ်သမား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့၊ သူတို့ရဲ့ (၁၂)ကြိမ်မြောက် ဒီအစိုးရလက်ထက်မှာ ဆိုရင် သုံးကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲမှာ အချက်လေးချက်ကို ဆွေးနွေးခဲ့ကြတယ်လို့၊ နှစ်ဦးလုံးက အဲဒီဆွေးနွေးပွဲအပြီး သူတို့ပြုလုပ် တဲ့ သတင်းစာရှင်း လင်းပွဲမှာ၊ ပြောခဲ့ကြပါတယ်။ အဲဒီအထဲက ဒုတိယအချက်ဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကို ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ ဆိုတာ ပါပါတယ်။ အဲဒီကိစ္စကို NLD နဲ့ အစိုးရ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်၊ ကျနော် မှတ်မိတာက၊ ဦးဝင်းထိန်သည် ၁၉၈၈ လူထုအုံကြွမှုကြီး မဖြစ်ပေါ်ခင်က၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ဌာနေကိုယ်စားလှယ် လုပ်ငန်းကို ဆောင်ရွက်ချိန်မှာ၊ နယ်သာလန်ကုမ္ပဏီအတွက် လုပ်ခဲ့ဖူးတယ်လို့၊ ကျနော်တို့ သိရှိထားပါတယ်။ အဲဒီ တော့၊ အဲဒီတုန်းက ဦးဝင်းထိန်လုပ်ခဲ့တဲ့ အတွေ့အကြုံ background story လေး ကျနော်တို့ သိချင်ပါတယ် ခင်ဗျ။

ဦးဝင်းထိန်။ ။ နယ်သာလန်နိုင်ငံကတော့၊ ကမ္ဘာက သိပြီးသားပါ။ ဘာနဲ့ပတ်သက်လို့ သိပြီးသားလဲ ဆိုရင်၊ သူ တို့နိုင်ငံဟာ ပင်လယ်ရေမျက်နှာပြင်အောက် နှစ်ပေသုံးပေ၊ တချို့နေရာတွေဆိုရင် ရှစ်ပေဆယ်ပေ အောက်အထိ နိမ့်တဲ့နေရာတွေ ရှိနေတဲ့အခါကျတော့၊ ပင်လယ်ရေကြောင်းနဲ့ ပတ်သက်ပြီး၊ သူတို့ပြည်တွင်းမှာ ဘေးကင်းရန် ကင်းနဲ့ နေနိုင်အောင်၊ သူတို့ တောက်လျှောက်လုပ်ခဲ့ကြတာ ဆိုတော့၊ သူတို့က ပင်လယ်ရေ ကြောင်းနဲ့ ပတ်သက် လို့ ဆည်မြောင်းတွေနဲ့ ပတ်သက်လို့၊ အရမ်းကျွမ်းကျင်တယ်။ သူတို့ကနေပြီးတော့မှ ကျနော်နဲ့လုပ်နေတဲ့ နယ်သာ လန်ကုမ္ပဏီတွေက တဆင့် ဆက်သွယ်ပြီး ရောက်လာတဲ့အခါမှာ၊ မြန်မာပြည်က လည်း ဆည်မြောင်းဦးစီးဌာန နဲ့ လုပ်ကြကိုင်ကြဖို့ပေါ့။ သူတို့လာတဲ့ အဓိကအကြောင်းရင်းကတော့၊ ကျောက် ဆည်ဘက်မှာရှိကြတဲ့ ကူမဲ၊ မြစ်သား၊ တံတားဦးစတဲ့နေရာတွေရယ်၊ နောက် ရွှေဘိုဘက်က ရေဦး၊ ခင်ဦး စတဲ့နေရာတွေဘက်က၊ gravity flow canal (ကမ္ဘာ့မြေဆွဲအားအတိုင်း စီးဆင်းနေသော တူးမြောင်းများ) တွေ ပေါ့၊ ရိုးရိုးပဲ ဘာမှ စက်ကိရိယာတွေ မသုံးပဲ၊ မြေ အနိမ့်အမြင့်ကို မူတည်ပြီးတော့မှ၊ ဆောက်ထားတဲ့ သဘာဝ တူးမြောင်းတွေ၊ ရှေးဘုရင်တွေ လက်ထက်ကတည်း က ဆောက်ခဲ့တာတွေ၊ ရေဦး၊ ခင်ဦး ဘက်က ဆိုရင် တော့၊ အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တဲ့ တူးမြောင်းတွေ ကို လေ့လာတာရယ်၊ လေ့လာပြီးတော့မှ ဒီတူး မြောင်းတွေ အခြေအနေ ပြန်ပြီးတော့မှ တိုးတက်အောင် လုပ်ဖို့ဆို ပြီးတော့၊ ရောက်လာကြတာပါ။ သူတို့ ကုမ္ပဏီနဲ့ ဆည်မြောင်းဦးစီးဌာနဲ့၊ ၁၉၈၅ - ၈၆ လောက်မှာ၊ နှစ်နှစ်လောက် သူတို့ လုပ်လိုက်ကြပါတယ်။ နောက်တခုက တဆက်ထဲပြောမယ်ဆိုရင်၊ ဧရာဝတီနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ အကြောင်း အရာကို ကြားလိုက်ရတော့၊ ကျနော်ကတော့ scope of the project ကို၊ ဧရာဝတီမြစ်ကြီး တခုလုံးကို၊ ဟိုး ထိပ်ကနေ အောက်ဘက်အထိ မြစ်ဝကျွန်းပေါ်အထိ၊ ဘယ်လိုနေရာမျိုးမှာ ဘာတွေ လုပ်သင့်တယ် ဆိုတာကို၊ priority အရင်ရွေးရမယ်။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ ငွေရေးကြေးရေးကတော့ အင်မတန် အကုန်အကျများ မယ်။ အင်မတန်ကို ကုန်ကျလိမ့်မယ်။ အဲဒီတချက်က ထည့်စဉ်းစားစရာ ရှိတယ်။ ခုနက ပြောတဲ့၊ နယ်သာလန် ကုမ္ပဏီနဲ့ လုပ်တဲ့ gravity flow canal တွေနဲ့၊ နှိုင်းစာလိုက်ရင်၊ ကုန်ကျမယ့်ငွေက ဧရာဝတီမြစ် ရေကြောင်း ထိန်းသိမ်းရေးကိစ္စက အဆပေါင်း ထောင်သောင်းချီပြီး ကြီးမားတာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ သိရှိထားတာက ပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာ၊ ရေကြောင်း တိုင်း တာရေး (hydrographic surveying) အတွက် ဌာနတခုရှိပါတယ်။ ညွှန်ကြားရေးမှူးချုပ်တယောက် ဦးစီးတဲ့၊ ရေလမ်းထိန်းသိမ်းရေးဦးစီးဌာန (Department of Waterways) ဆိုပြီး ရှိခဲ့ပါတယ်။ နောက်တခါ တပ်မတော် (ရေ) မှာလည်း၊ hydrographic surveying အတွက်၊ တပ်ရင်းကြီးတစ်ရင်းလိုမျိုး “ရေတပ် ပင်မ တိုင်းတာရေးတပ် (Central Naval Hydrographic Surveying Depot)” (ရပတ) ဆိုပြီး ရှိခဲ့ပါတယ်။ အဲဒီ တပ်ရယ်၊ ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်က ရေကြောင်းတိုင်းတာရေးအတွက်လုပ်ရတဲ့ဌာန (ရေလမ်းထိန်း သိမ်းရေးဦးစီးဌာန) ရယ်၊ သူတို့လုပ်နေတဲ့ အလုပ်တွေ၊ မြစ်ကြောင်းတိုင်းတာရာမှာ၊ ဘယ်နားမှာ သောင်တွေ က ထွန်းလာတယ်၊ ဆိုတာမျိုး တွေ အပြင်၊ ဧရာဝတီရဲ့ အထက်ဘက် မြစ်ညာဘက်မှာ ဆိုရင်၊ ကျွန်းလုံးဖေါင် သစ်လုံးဖေါင်တွေက ပြုတ်ထွက်ပြီး မျောလာတဲ့ ကျွန်းလုံးတွေ သစ်လုံးတွေကနေ၊ သောင်တွေထဲဝင် ထိုးစိုက် သွားပြီးတော့မှ ဖြစ်ပေါ်လာတဲ့ ငုတ်လို မျိုး (ဒေသအခေါ် တံစို့) တွေကို၊ ရှင်းလင်းရတဲ့အလုပ်တွေလည်း၊ လုပ်ကြရပါတယ်။ အဲဒီတော့ ဧရာဝတီမြစ် ရေ ကြောင်းထိန်းသိမ်းရေးကိစ္စမှာ၊ ဦးဝင်းထိန်အနေနဲ့ vision (သုံးသပ်မှုအမြင်) ဘယ်လို ရှိပါသလဲ။ ခုနပြောတဲ့ အဆ မတန် များစွာကုန်ကျမယ်ဆိုတဲ့၊ ငွေရေးကြေးရေးက တစ်ပိုင်းပေါ။့ ဦးဝင်းထိန်ရဲ့ အတွေ့အကြုံအရ၊ တစ်ကွက်လောက် ဖြစ်ဖြစ်၊ ပြောပြပါလားခင်ဗျ။

(ရေလမ်းထိန်းသိမ်းရေးဦးစီးဌာန (Department of Waterways) = ၁၉၇၂ ခုနှစ်တွင် ဆိပ်ကမ်းကော်ပိုရေး ရှင်း (နောင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်) လက်အောက်ခံ “ရေကြောင်းတိုင်းတာရေးဌာနစိပ်” - Hydrographic Surveying Section နှင့် ရေကြောင်းအုပ်ချုပ်မှုဦးစီးဌာန (Marine Administration Department) လက် အောက်ခံ “သောင်တူးဖေါ်ရေးနှင့် မြစ်ကြောင်းတိုင်းတာရေး ဌာနစိပ်” (Dredging and River Conservancy Section)၊ တို့အား ပေါင်းလိုက်ပြီး၊ ရေလမ်းထိန်းသိမ်းရေးဦးစီးဌာန (Department of Waterways) ဖြစ်ပေါ် လာခဲ့သည်။ ၁၉၉၉တွင် ရေလမ်းထိန်းသိမ်းရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းကာ၊ ယခုနောက်ဆုံး “ရေအရင်းအ မြစ်နှင့် မြစ်ကြောင်း စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန - Directorate of Water Resources and Improvement of Rivers System) ဟူ၍၊ ဖြစ်ပေါ်လာခဲ့သည်။ ရည်ညွှန်း - http://www.mot.gov.mm/dwir/history.html)

ဦးဝင်းထိန် ။ ။ ဧရာဝတီမြစ်ကြီးက မြန်မာပြည်ရဲ့ အသက်သွေးကြောလေ။ တနိုင်ငံလုံးရဲ့ အရးပါတဲ့ မြစ် ကြီး တစ်စင်းပေါ့။ နောက်တခုက၊ ဟိုတနေ့က သမ္မတ ဦးသိန်းစိန် ကြေညာထားသလိုပေါ့။ ဧရာဝတီမြစ်ညာ မှာ၊ ဆည် တွေ ဆောက်မယ့်ကိစ္စက သူတို့လည်း တိုင်းသူပြည်သားတွေရဲ့ သဘောထားဆန္ဒတွေကို မလွန် ဆန်နိုင်လို့၊ အခု ဒီလို ရပ်ဆိုင်းလိုက်ပြီလို့၊ ဖြစ်တာကိုး။ ကျနော်က နဂိုကတည်းက၊ အဲဒီ နေရာတွေကို၊ သေ သေချာချာရောက်ဖူးတဲ့ အခါကျတော့၊ အင်မတန် စိုးရိမ်ခဲ့တယ်။ ဘယ်လိုစိုးရိမ်လဲ ဆိုရင်၊ ဥပမာ - သူတို့ ဆောက်မယ် လုပ်ခဲ့တဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာဆည်ကြီးဟာ၊ စင်္ကာပူနိုင်ငံလောက်ကို ကျယ်ပြန့်မယ်ဆ်ု တော့၊ အဲဒီလောက် ကျယ်ပြန့်မယ့် ဆည်ကြီးရဲ့ထုထည်ဟာ၊ အင်မတန်ကို အလေးချိန် များတယ်။ ဒီလောက် ရေတွေ အလေးချိန်များတဲ့၊ ဆည်ကြီး ဟာ၊ တစုံတခုသော အကြောင်းကြောင့်၊ ဗြုန်းကနဲ ပွင့်သွားမယ်ဆိုရင်၊ ဒီလောက်ကြီးမားတဲ့ ရေထုကြီး ပြိုဆင်းလာ မှာက၊ အောက်ခြေမှာရှိတဲ့ မြို့တွေရွာတွေကို၊ Weapon of Mass Destruction (လူတွေကို အစုလိုက်အပြုံလိုက် သေစေနိုင်သော လူသတ်လက်နက်) နဲ့ ဖျက်ဆီးပစ် သလို၊ ဖြစ်လိမ့်မယ်လို့၊ နိုင်ငံရေး မိတ်ဆွေတယောက်နဲ့ ဆွေး နွေးဖူးတယ်။ သူကလည်း၊ ကျနော်ပြောတာကို သဘောတူတယ်။ အဲဒီတော့ ဒီရေကာတာကို အဲဒီနေရာမှာ၊ မလုပ် တော့ဘူး ဆိုရင်တော့၊ ဧရာဝတီမြစ် ရေ ကြောင်းထိန်းသိမ်းရေးကိစ္စကို ဦးစားပေး လုပ်ကြရမယ့်၊ သဘောရှိတာ ပေါ့။ ဒါကိုလုပ်မယ်ဆိုရင်၊ ခုနက ခင်ဗျားပြောတဲ့ တပ်မတော်(ရေ)က ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့၊ ရေကြောင်းထိန်းသိမ်းရေး ပညာရှင်တွေ၊ သူတို့တွေက နိုင်ငံခြားမှာ လေ့လာဆည်းပူး လာခဲ့တဲ့သူတွေ၊ ရှိကြ ပါတယ်။ အဲဒီ ပညာရှင်တွေနဲ့ ပေါင်းပြီးတော့မှ လုပ်ကြရမှာပဲ။ ကျနော်ကတော့၊ ဒီလုပ်ငန်းတွေနဲ့ ကင်းကွာခဲ့ တာ၊ နှစ် (၂၀) ကျော်သွားပြီ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ဒီကိစ္စကို အစိုးရက NLD နဲ့ ပူးပေါင်းဆောင်၇ွက်ချင်တယ်၊ ဆိုတော့၊ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို၊ ကျနော် မေးကြည့်ခဲ့တော့၊ ဒါက အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကို ယူချင်တာ ဖြစ်ကောင်းဖြစ်မယ်လို့၊ ဦးတင်ဦးက ပြောခဲ့ပါတယ်။ ခုနက ဦးဝင်းထိန်ပြောခဲ့တဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့က၊ ငွေကြေးအမြောက်အမြား ထည့်ဝင်စိုက် ထည့်ပေးရမယ့်၊ hydro- graphic surveying project ကြီး ဖြစ်နေတဲ့ အခါကျတော့၊ NLD နဲ့ ပူးပေါင်းဆောင် ၇ွက်ချင်တယ် ဆိုတာ၊ ဒီလို ငေါရေးကြေးရေးကိစ္စအတွက်လား၊ ဒါမှမဟုတ် ဘာကို ဆိုလိုသလဲဆိုတာ၊ ဦးဝင်းထိန် တို့ကတော့၊ man on the spot ဖြစ်နေတော့၊ ခန့်မှန်းကြည့်လို့ ရမယ် ထင်ပါတယ်။အဲဒီတော့ NLD နဲ့ ပူးပေါင်းဆောင်၇ွက်ချင်တယ် ဆိုတာ၊ ဦးတင်ဦး ခန်ပမှန်းကြည့်သလို၊ ဒေါ်အောင်ဆန်းစုကြည်မျက် နှာနဲ့၊ နိုင်ငံခြားက ငွေရေးကြေးရေး၊ ရဖို့ သက်သက် ပဲလား၊ တခြားဘာများ ရှိဦးမလဲလို့၊ ဦးဝင်းထိန် ထင်မြင် ပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ဒါနဲ့ပတ်သက်လို့၊ ကျနော် အချက်တချို့ ပြောချင်ပါတယ်။ အခု ဧရာဝတီမြစ်ကြောင်း ထိန်း သိမ်းရေးအတွက်၊ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ် ဆိုတဲ့ကိစ္စဟာ၊ အင်မ တန်ကြိုဆိုထိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက အားကိုး ယုံကြည်ကြတယ် ဆိုတာကို၊ အစိုးရက အသိအမှတ်ပြုပြီးတော့မှ၊ ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲ ခေါ်ယူ တဲ့ သဘောဖြစ်တယ်။ ဒါက တစ်ချက်ပေါ့။ နောက်တခုက၊ ဒီကိစ္စကို လုပ်ဖြစ်တယ်ဆိုရင်၊ အဆင့်ဆင့်သော နေရာတွေမှာ၊ မျိုးစုံသောလုပ်ငန်းတွေ အများကြီးလုပ်ကြရမှာ ဆိုတော့၊ ငွေရေးကြေးရေးက၊ အများကြီး ကုန် မယ်။ ဒီကိစ္စတခုထဲကို၊ မပြောပဲနဲ့၊ ကျနော့်ရဲ့ ၁၉၈၀ လောက်ကနေ၊ ၁၉၈၈-၈၉ အထိ အတွေ့အကြုံကို ပြော ရမယ်ဆိုရင်တော့၊ အဲဒီတုန်းက မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အစိုးရကို ကမ္ဘာက အသိအမှတ်ပြု ထားတဲ့ အတွက်ကြောင့်၊ ကမ္ဘာ့ ဘဏ်အပြင် အင်္ဂလန်၊ ဂျပန်၊ ဟော် လန်၊ ဒိန်းမတ်နိုင်ငံတွေက bilateral loan (နှစ်နိုင်ငံ အကျိုးတူ ချေးငွေ) တွေ၊ ပြီးတော့ grant (ပြန်ဆပ်စရာ မလို သည့် ထောက်ပံ့ကူညီငွေ) တွေ၊ တနှစ် တနှစ်ကို၊ ရခဲ့တာ နည်းတာ မဟုတ်ဘူး။ ဒါပေမယ့် အခု တပ်မတော်အစိုး ရ တက်တဲ့ ၁၉၈၈ကနေ အခုထိ၊ ဘာမှ မရတော့ဘူး။ တစ်ပြားမှ မရတော့ဘူး။ အဲဒီလို မရတော့လို့၊ တိုင်းပြည်ဟာ ဘယ်လောက် နစ် နာနေလဲ၊ အဲဒါကို စဉ်းစားတိုင်းစဉ်းစားတိုင်း၊ တနုံ့နုံ့ ဖြစ်မိတယ်။ အဲဒီလို နစ်နာတဲ့အတွက်ကြောင့် ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးလို ကိစ္စမျိုးတင်မက တခြား စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ တွေမှာ၊ ဘယ် လောက်အထိ ဆုံးရှုံးသွားလဲ၊ ဘယ်လောက်အထိ နစ်နာသွားလဲ ဆိုတာကို၊ စဉ်းစားကြည့်ရင်၊ ယူ ကုံးမရ ဖြစ် စရာရှိတယ်။ ဒါပေမယ့် အခုကျတော့၊ နိုင်ငံတကာကလည်း သူတို့ (အစိုးရ) အပေါ်မှာ အမြင်တွေက၊ တဖြည်း ဖြည်း ပြောင်းလဲလာတဲ့ အခါကျတော့၊ World Bank တို့ IMF တို့ကနေ၊ အကူအညီတွေ ရလာစရာရှိ တယ် ပေါ့။ သို့သော်လည်း ဖြတ်သန်းရမယ့် အခက်အခဲတွေက၊ အများကြီး ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ရမယ့် ကိစ္စတွေ၊ ကျနော်တို့ NLD ကို တရားဝင် အသိအမှတ်ပြုမယ့်ကိစ္စတွေ၊ ပြေလည်သွားမှ သာ လျှင်၊ နိုင်ငံတကာကလည်း သူတို့အပေါ် ပြေလည်လာပြီးတော့မှ၊ နိုင်ငံတကာအကူအညီတွေ ပံ့ပိုးမှုတွေ အကုန် လုံး ရလာမယ့် သဘောရှိတာကိုး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ဦးဝင်းထိန်ပြောတာနဲ့၊ ကျနော်တို့လည်း ပြန်ပြီး မှတ်မိလာတာတွေ ရှိပါတယ်။ နိုင်ငံ တနိုင်ငံကို ကူညီထောက်ပံ့ဖို့ ဆိုရင်၊ အဲဒီနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ရှိရဲ့လားဆို တာကို၊ အရင်ကြည့်ပါတယ်။ ဥပမာ - World Bank တို့၊ IMF တို့ အပြင်၊ ဦးဝင်းထိန်တို့ နိုင်ငံခြားကုမ္ပဏီတွေ ရဲ့ ဌာနေကိုယ်စားလှယ်လုပ်ငန်း လုပ်ခဲ့ကြတဲ့ အချိန်တုန်းက၊ ဂျပန်နိုင်ငံကနေ အင်မတန်သက်သာတဲ့ OECF (Overseas Economic Cooperative Fund) loan၊ ဆိုတာက၊ တနှစ်မှာ တနိုင်ငံကိုပဲ ချပေးတဲ့ ချေးငွေဖြစ် တယ်။ ဒီနိုင်ငံကို ဒီနှစ် ဂျပန်ရဲ့ ဘယ်နှစ်နှစ်မြောက် OECF loan ကို ပေးတယ်ဆိုရင်၊ တခြားနိုင်ငံကို အဲဒီ နှစ်မှာ ဒီ loan မပေးဘူး။ နည်းနည်းနောနော မဟုတ်ဘူး၊ ကျနော် မှတ်မိသလောက်၊ မြန်မာပြည်ဟာ ဂျပန်ရဲ့ နှစ်အလိုက် OECF loan ကို နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်လောက် ရခဲ့ဖူးပါတယ်။ ဂျပန်အစိုးရဆီက (ပြန် ဆပ်စရာမလိုတဲ့) ထောက်ပံ့ကူညီမှု အဖြစ် JICA (Japan International Cooperation Agency) grant တွေ (ဥပမာ - ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းလမ်းပေါ်မှ အများအခေါ် ဂျပန်ဆေးရုံ / ဂျိုက်ကာ ဆေးရုံ) ရခဲ့ တာကိုလည်း၊ မှတ်မိနေပါတယ်။ အဲဒါမျိုးတွေ နိုင်ငံရေးအကြောင်းတွေနဲ့ ဆက်နွယ်ပြီးတော့၊ အခု ပြန်လာဖို့ ရှိနေတယ်လို့၊ ဦးဝင်းထိန် ယူဆပါသလား ခင်ဗျာ။

ဦးဝင်းထိန် ။ ။ ကျနော့်အထင် ပြောရရင်တော့၊ နိုင်ငံရေးအကျဉ်းသား (သို့မဟုတ်) မိမိရဲ့ ယုံကြည်ချက် ကြောင့် အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေ၊ လွတ်မြောက်မယ်ဆိုရင်၊ နောက်တခုက ကျနော်တို့ NLD ကိုလည်း၊ တရားဝင်အသိ အမှတ်ပြုပြီးမှ legalize လုပ်ပေးမယ်ဆိုရင်တော့၊ ပြေလည်စရာအများကြီး ရှိတယ်။ သူတို့ (နိုင်ငံတကာ) ဘက်က ဆိုရင်လည်း၊ ပင်လယ်ကူးသင်္ဘောကြီးလိုပေါ ဗျာ၊ ချက်ချင်းကြီးတော့ direction ကို လှည့်ပစ်လို့ မရသလိုပဲ၊ တဖြည်းဖြည်းနဲ့ လှည့်ယူရမှာဆိုတော့၊ ကျနော်ထင်တာက ခုနပြောတဲ့ အခက်အခဲ တွေ ကျော်လွန်သွားသည့် တိုင်အောင်မှ၊ တစ်နှစ်၊ နှစ်နှစ်လောက်စောင့်ကြည့်ပြီးတော့မှ၊ သူတို့ဘက်က အရေးယူဆောင်၇ွက်ပေးလို့ ရလိမ့်မယ်လို့၊ ကျနော် ထင်တယ်ဗျ။ Wordl Bank တို့ IMF တို့ရဲ့ အကူအညီ တွေက၊ တစ်ကဏ္ဍလေ။ နှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်တဲ့ loan တွေ၊ ဥပမာ - ဒိန်းမတ်ကနေ DANIDA (Danish International Development Agency) loan ရှိတယ်၊ အင်္ဂလန်ဆိုင်လည်း မြန်မာနိုင်ငံနဲ့ ဆက်နွယ် နေတာကြောင့်၊ နှစ်စဉ် မြန်မာနိုင်ငံကို ပေးအပ်ဖို့ သတ် မှတ်ထားတဲ့ grant တွေ ရှိတယ်၊ ချေးငွေ သုံးမျိုးဖြစ် တဲ့ soft loan (အတိုးနည်းချေးငွေ)၊ commodity loan (ငွေပမာဏသတ်မှတ်ချက်တန်းဖိုးနှင့်အညီကုန်ပစ္စည်း ကိုသာ ချေးခှားခြင်း)၊ commercial loan (ကူးသန်းရောင်း ၀ယ်ရေးဆိုင်ရာချေးငွေ) တွေ၊ ရှိတယ်။ ဂျပန်၊ ဂျာ မဏီ၊ ပြင်သစ်နိုင်ငံတွေက၊ သူ့ကဏ္ဍနဲ့သူ မြန်မာနိုင်ငံအတွက် grant တွေ၊ loan တွေ ရှိခဲ့တာ၊ ကျနော် မှတ်မိ နေပါတယ်။ တော်တော့်ကို ဝေေ၀ဆာဆာ ဖြစ်ခဲ့တာပေါ့။ ၈၈ လူထု အုံကြွမှုကြီး ဖြစ်လာတော့မှာ၊ အကုန်လုံး က ရပ်တန့်သွားတာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ OPEC (Organization of Petroleum Countries) (ရေနံတင်ပို့ရောင်းချ သောနိုင်ငံများအဖွဲ့) ကတောင်၊ ချေးငွေရခဲ့တာ မှတ်မိပါတယ်။ နောက် ဂျာမဏီက ဂျာမန်အစိုးရဘဏ် KfW (Kreditanstalt für Wiederaufbau၊ အင်္ဂလိပ်ဘာသာဖြင့် Reconstructing Credit Institute) Bank ရဲ့ loan၊ ဂျာမန်အစိုးရရဲ့ ထောက်ပံ့ကူညီမှု GTZ (Deutsche Gesellschaft für Technische Zusammenarbeit GmbH၊ အင်္ဂလိပ်ဘာသာ ဖြင့် German technical Cooperation) (ယခု GIZ) grant တွေ၊ ရရှိခဲ့တာ ကျနော် မှတ်မိနေပါတယ်။

(GIZ Deutsche Gesellschaft für Internationale Zusammenarbeit GmbH = ၂၀၁၁ ဇန်န၀ါရီလ (၁) ရက်မှ စတင်၍၊ GTZ GmbH (German technical cooperation) သည်၊ နောက်ထပ် ဂျာမန်အစိုးရအေဂျင်စီ နှစ်ခု၊ DED (Deutscher Entwicklungsdienst GmbH (German development service)၊ Inwent – Capacity Building International, Germany တို့နှင့်၊ ပူးပေါင်းလိုက်ပြီး၊ GIZ GmbH ဖြစ်လာခဲ့သည်။)

ဦးဝင်းထိန် ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့၊ အားလုံးကို ခြုံပြီး၊ ဦးဝင်းထိန် ဘယ်လို conclusion (ကေက်ချက်) ဆွဲချင်ပါ သလဲ။ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကို NLD နဲ့ ပူးပေါင်းပြီး၊ အစိုးရက ဆောင်ရွက်ချင်တဲ့ ကိစ္စဟာ၊ ဘယ်လောက် အလားအလာ ရှိပါသလဲ။ အစိုးရဘက်ကတော့ ကမ်းလှမ်းလိုက်တဲ့သဘောလို့ ပြောလို့ ရနေပြီ။ NLD ဘက်က ရော ဘယ်လောက်များ ပြင်ဆင်ပြီးတော့၊ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့၊ အနေအထား ရှိပါမလဲ။

ဦးဝင်းထိန်။ ။ ဒါက သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံပွဲကနေ ဖြစ်ပေါ်လာတဲ့၊ ရလဒ် တွေကိုး။ ဧရာဝတီနဲ့ ပတ်သက်ပြီး၊ လုပ်ကြမယ်ဆိုတာက၊ ကျနော်တို့အတွက်ကတော့ ဒါဟာ ခေါင်းစဉ် အသစ်ပေါ့။ အဲဒီတော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီ လုပ်ငန်းနဲ့ နီးနီးစပ်စပ်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ တဖြည်းဖြည်းနဲ့ တီးခေါက်ကြည့်မယ်၊ နောက်တခုကလည်း ဒေါ်အောင် ဆန်းစုကြည်ကလည်း သူ့ခေါင်းထဲမှာ အစီအစဉ်တွေ ရှိပါလိမ့်မယ်။ သူလုပ်တဲ့ အစီအစဉ်တွေကို မူတည်ပြီး တော့မှ၊ ကျနော်တို့ကလည်း အောင်မြင်အောင်၊ ကြိုးစားပြီး လိုက်လုပ်ကြရမှာပေါ့။ သူ့အဆင့်နဲ့ သူ၊ သွားကြရ မှာပေါ့ ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ဦးဝင်းထိန် ခင်ဗျား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မီတီဝင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံခြားရေးရာလက်ထောက်လည်းဖြစ်တဲ့၊ နှစ်ရှည်နိုင်ငံရေးအကျဉ်း သားဟောင်း ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ကို ဆက်သွယ်ဆွေးနွေး တင်ပြခဲ့တာပါ ခင်ဗျာ။ ဦးဝင်းထိန်ဟာ ၁၉၈၉ ကနေ ၁၉၉၅ အထိ (၆) နှစ် တကြိမ်၊ ၁၉၉၆ ကနေ ၂၀၁၀ အထိ (၁၄) နှစ် တကြိမ်၊ စုစုပေါင်း ထောင် ဒဏ် နှစ်(၂၀) လောက်ကျခံခဲ့ရတဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။ ဦးဝင်းထိန်ဟာ ၁၉၆၃ မှာ၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅)ကနေ၊ ကျောင်းဆင်းခဲ့ပြီးတော့၊ အကောင်းဆုံးဗိုလ်လောင်း အောင်စစ်သည်ဆုနဲ့ စာပေထူးချွန်မှု ရွှေတံဆိပ်ဆုတွေကို၊ ရရှိခဲ့ပါတယ်။ ၁၉၇၆ မှာ၊ တပ်မတော်(ကြည်း)၊ အမှတ် (၇၇) ခြေမြန်တပ်မ လက်အေက်ခံ ခမရ (၁၀၆) မှာ၊ တပ်ခွဲမှူးတာဝန်ထမ်းဆောင်နေစဉ်၊ ဗိုလ်ကြီးအုန်း ကျော်မြင့်ရဲ့ နိုင်ငံတော်လုပ်ကြံမှု ကြံစည်တဲ့ သတင်းကို၊ ထိမ်ချန်ထားခြင်း မသင်္ကာဖြစ်ခံရတာကြောင့်၊ တပ်မတော်ကနေ၊ အငြိမ်းစားပေးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဦးဝင်းထိန်ဟာ ၁၉၈၈ ရှစ်လေးလုံး အရေးတော် ပုံ ကာလအထိ၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်လုပ်ငန်းတွေကို၊ အောင်မြင်စွာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား အစီအစဉ်ကို၊ ဒီမှာတင်ပဲ ရပ်နား ခွင့်ပြုပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG