သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွှေ့ပြောင်းအလုပ်သမားအရေး ထိုင်း မြန်မာဆွေးနွေး


ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ပြုလုပ်ဖို့ကိစ္စရယ်၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ် ပေးနိုင်ရေး ကိစ္စတွေနဲ့ပက်သက်ပြီး နှစ်နိုင်ငံအလုပ်သမား ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ အလုပ်သမားတွေ မှတ်ပုံတင် လွယ်လင့်တကူ ပြုလုပ်နိုင်ဖို့ သွားလာရေး အဆင်ပြေတဲ့ဒေသတွေမှာ အဖွဲ့ခွဲပြီး လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေအနေနဲ့ လက်ရှိအစိုးရရဲ့ အလုပ်သမားအရေး လုပ်ဆောင်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆိုပေမဲ့ တဘက်မှာ စောင့်ကြည့်ရမယ့် အနေအထား ရှိနေသေးတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေ သဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ တရားဝင် မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ပက်သက်ပြီး အကာအကွယ်ပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်စိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"အဓိကကတော့ဗျာ။ လေဘာ Term မှာတော့ Employment Contract ပေါ့နော်။ Employment Contractက အဲဒီအထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမား စာချုပ်ချုပ်တဲ့ကန်ထရိုက်။ အလုပ်ရှင်ကတော့ သူပေးမယ့်လစာကို ဖော်ပြတယ်။ အလုပ်သမားကလည်း သူကြိုက်မှ ကန်ထရိုက်ကို လက်မှတ်ထိုးလို့ ရတယ်လေ။ Employment Contract ချုပ်ပြီးရင် နောက်တရားဝင် ပတ်စ်ပို့လည်း ကိုင်ထားတယ်ဆိုရင်တော့ သူတို့ဘက်က ထိုင်းလေဘာဥပဒေရော၊ ထိုင်း လူမှုဖူလုံရေးရော အပြည့်အ၀ အကာကွယ်ပေးမယ်ဗျာ။ ကျနော်တို့ကလည်း အသစ်လွှတ်တဲ့သူတွေမှာ အနည်းဆုံးလုပ်ခ လစာ ၂၀၀ မရဘဲနဲ့ ကျနော်တို့ မလွှတ်ဘူး။"

မြန်မာအလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနဲ့ ထိုင်းအလုပ်သမားဝန်ကြီး ဖဒုံချိုင်းစာဆွန်ဆက် တို့ဟာ အောက်တိုဘာ ၁၂ ရက်နေ့တုန်းက မြန်မာအလုပ်သမားအရေးနဲ့ ပက်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံ သဘောတူနားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာအလုပ်သမားတွေ အလုပ်လုပ်ခွင့်ပါမစ် လျှေက်ထားဖို့ လွယ်ကူအောင် မြန်မာအစိုးရ အနေနဲ့ အဖွဲ့တွေစေလွှတ်ပြီး အလုပ်သမား မှတ်ပုံတင်ရုံးတွေအဆင်ပြေမယ့် နေရာကိုရွေးချယ်ပြီး လုပ်ဆောင်သွားမယ်လို့ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်စိန်က အခုလိုပြောပါတယ်။

"နေရာရွေးရမှာပေါ့နော်။ နေရာရွေးတဲ့အခါ နှစ်ဘက်ရွေးရမှာပေါ့နော်။ မဟာချိုင် လိုနေရာမျိုးပေါ့နော်။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းပေါ့နော်။ ဘန်ကောက် ဧရိယာပေါ့။ အကြမ်းဖျင်းတော့ ဒီလိုဖြစ်သေးတယ်။ ဘယ်နေရာမှာ ရုံးဖွင့်မယ်ဆိုတာ နေရာတွေကိုထပ်ရွေးရဦးမှာ။ ရနောင်းမှာ ကျနော်တို့ ဖွင့်ထားတယ်လေ။ သူတို့က တော်တော် cover ဖြစ်နေပါတယ်။ အခုကတော့ ကျနော်တို့က အဖွဲ့ ၅ ဖွဲ့ ဝင်လုပ်တယ်။ အဲဒီမှာရှိတဲ့ သူတို့ မှတ်ပုံတင် လုပ်ထားတဲ့သူတွေ၊ ကျနော်တို့က ယာယီပတ်စ်ပို့တို့ ဘာတို့ အထောက်အထား ရရှိအောင် လုပ်ပေးဖို့ကိစ္စပေါ့နော်။ သူတို မှတ်ပုံတင် မလုပ်ရသေးတဲ့လူတွေကို ကျနော်တို့က မှတ်ပုံတင် ပြန်လုပ်ပေးဖို့ ဆွေးနွေးဖို့ကိစ္စပေါ့နော်။"

မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေတို့ မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားမှတ်ပုံတင် ရရှိရေးနဲ့ ရပိုင်ခွင့်တွေကို ဆွေးနွေးပြီးသဘောတူညီချက် ရတဲ့အပေါ် ကြိုဆိုပေမဲ့ တဘက်မှာ မြန်မာသံရုံးကနေ ဘယ်လို အကျိုးဆောင်ပေးနိုင်မလဲ ဆိုတဲ့အပေါ် စောင့်ကြည်ရဦးမယ်လို့ ထိုင်းအခြေစိုက် ရောင်ခြည်ဦးအလုပ်သမား အဖွဲ့ရဲ့ တာဝန်ခံ ကိုမိုးဆွေကပြောပါတယ်။

"အခု မြန်မာအလုပ်သမား ဝန်ကြီးဌာနကနေ လာပြီးတော့ အလုပ်သမားတွေရဲ့ ကိစ္စကို လုပ်သားတွေရဲ့ လက်မှတ်တွေကို ထိုင်းနိုင်ငံအရောက် လာလုပ်ပေးတယ်။ ဒါက ကျနော်တို့ ကြိုဆိုပါတယ်။ အလုပ်သမားတွေရဲ့ လုပ်အားခပြဿနာတွေ၊ လုပ်ငန်းခွင် ချိုးဖေါက်ခံရတဲ့ကိစ္စ၊ အဲဒီကိစ္စတွေအတွက်ကို ထိုင်းအစိုးရနဲ့ တရားဝင် ဆွေးနွေးပေးမယ်ဆိုရင်လည်း မြန်မာအစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပဲ ဖြစ်တယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိနေတဲ့ မြန်မာသံရုံးတွေအနေနဲ့လည်း ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာ ကော်မီတီဖွဲ့ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ အကူအညီတောင်းတဲ့အခါကျရင် သံရုံးဖုန်းဟာ ဘယ်သူမှမကိုင်တဲ့ ကိစ္စကြီးက အမြဲတမ်းဖြစ်နေတယ်။ တကယ်ပဲ အလုပ်သမားတွေက ဆက်လာတဲ့အခါမှာ ဒီအစိုးရအနေနဲ့ တကယ်လုပ်ပေးမလားဆိုတာ ကျနော်တို့ စောင့်ကြည့်ဖို့တော့ လိုမယ်ထင်တယ်။"

အရင်က အလုပ်သမား မှတ်ပုံတင်ပြုလုပ်တဲ့နေရာမှာ ပွဲစားတွေကနေတဆင့် လုပ်ဆောင်နေရလို့ အလုပ်သမားတွေ ငွေကုန်ကြေးကျ ပိုများခဲ့သလို သွားလာရေး အခက်အခဲနဲ့ ခရီးစရိတ်တွေလည်း ကုန်ကျမှုများပါတယ်။ အခုလို အစိုးရအနေနဲ့ အဖွဲ့ခွဲပြီး အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်မှတ်ပုံတင် လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်ဟာ အလုပ်သမားတွေအတွက် အကျိုးရှိမယ်လို့ ကိုမိုးဆွေက ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ပက်သက်ပြီး အလုပ်လုပ်ခွင့် ပါမစ်ရရှိဖို့ရယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေး အကာအကွယ်ပေးဖို့ရယ်။ သမားရိုးကျမဟုတ်တဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီအပါအဝင် တရားမဝင် အလုပ်သမားဥပဒေကြောင်းဆိုင်ရာ သက်ဆိုင်ရာ နိုင်ငံသားအလိုက် ခွဲခြားစိစစ်ပေးဖို့ရယ်၊ နှစ်နိုင်ငံအကြား အလှည့်ကျ ဆွေးနွေးပွဲလုပ်ဖို့ရယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဝိုင်းဝန်းညှိနှိုင်း အဖြေရှာဖို့ စတဲ့အချက်တွေကို နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားဦးရေ တစ်သန်းခွဲလောက် ရှိနေပါတယ်။

XS
SM
MD
LG