တပ်မှူးတပ်သား ပြောစကား (၀၈၂)
ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (RCSS/SSAS)(Restoration Council of Shan State/Shan State Army – South) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ထိုင်းနိုင်ငံအာဏာပိုင်တွေက တဆင့် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ အောက်တိုဘာလဆန်းမှာ ထွက် ပေါ်ခဲ့ပါတယ်။ တခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း၊ ဌာနေပြည်သူ့ စစ်ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ကမ်းလှမ်းလာခဲ့တယ်လို့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)ရဲ့ ပြောရေးဆိုခွင့်ရှိသူက၊ ပြည်ပကမြန်မာမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက် က ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး၊ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၁)”ကို၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍမှာ တင်ဆက်လိုက်ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ၁၉၈၈-၈၉ နောက်ပိုင်းမှာ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းတဲ့အနေအထား မျိုး၊ အင်မတန်မှ နည်းခဲ့ပါတယ်။ အဲဒီအခွင့်ကောင်းကိုယူပြီး၊ ကိုးကန့်တို့ ‘၀’တို့ နယ်မြေမှာ၊ ဘိန်းအများအ ပြားစိုက်၊ မူးယစ်ဆေးဝါးကနေ ပိုက်ဆံတွေ အများအပြားရခဲ့သလို၊ ခွန်ဆာလှုပ်ရှားတဲ့ ဟိုမိန်းနဲ့ ရှမ်းပြည် အရှေ့ပိုင်းဒေသမှာလည်း၊ မူးယစ်ဆေးဝါးကို အပြိုင်အဆိုင် ထုတ်လာကြတာတွေ ရှိခဲ့ပါတယ်။ ထုတ်တဲ့ မူးယစ်ဆေးဝါးတွေက အဲဒီ အချိန်တုန်းက ယိုးဒယားနယ်စပ်ကို သွားပါတယ်။ တရုတ်ဘက်ကိုတော့ ‘၀’က ပို့ရဲတဲ့ အနေအထားမျိုး၊ အဲဒီတုန်းက မရှိခဲ့သေးဘူး ခင်ဗျ။ အဲဒီအချိန်မှာ ခွန်ဆာရဲ့ မူးယစ်ဆေးဝါးတွေက လည်း ယိုးဒယားကနေပြီးမှ ဖြတ်တယ်။ ‘၀’ တွေ ကိုးကန့်တွေ ဘက်ကလည်း၊ ယိုးဒယားနယ်စပ်ကတဆင့်၊ မူးယစ်ဆေးဝါးလမ်းကြောင်းတွေ လုပ်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ အစိုးရဘက်ပိုင်းကလည်း၊ ဒီမူးယစ်ဆေးဝါး ဘိန်းဖြူဆိုတာက၊ ယိုးဒယားနဲ့ အမေရိကန်တွေပဲ သေတာပဲ၊ သေပေ့စေပေါ့ကွာ ဆိုပြီး၊ မျက်နှာလွှဲထားတဲ့ အနေအထားမျိုးတွေ ရှိခဲ့ဖူးပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒါက အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြ၀ါဒလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား ဆိုတာကို၊ ကျနော် ကြားသိသလောက်ပြောရ ရင် တော့၊ ဒါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စကားပါပဲ။ “ဒီဘိန်းဖြူဆိုတာ ငါတို့ ပြည်တွင်းမှာ ဘာမှ ဖြစ်တာမှ မဟုတ်တာ၊ ယိုးဒယားနဲ့အမေရိကန်တွေ သေတာပဲ၊ သေပေ့စေပေါ့ကွာ”ဆိုတဲ့ သူ့ရဲ့ နှုတ်စကားက၊ လမ်းညွှန် ချက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက။
ဦးရော်နီညိမ်း ။ ။ လွှတ်ထားလိုက်ဆိုတဲ့ သဘောပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်၊ လွှတ်ထားလိုက်ဆိုတဲ့ သဘောမျိုး၊ အဲဒီအချိန်တုန်းက ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄-၉၅ လောက်ကျတော့၊ တစ်ကမ္ဘာလုံးက ၀ိုင်းအော်လာတဲ့အချိန်မှာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး၊ ပြန်ပြီးတော့ ထိန်းရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အဲဒီတော့ မူးယစ်ဆေးဝါးတင်ပို့တဲ့ လမ်းကြောင်း ရှာရာကနေပြီးတော့၊ နဂိုထဲကိုက ရန်သူဖြစ်ခဲ့ကြတဲ့ ခွန်ဆာရဲ့ တပ်တွေနဲ့ ‘၀’ တပ်တွေ၊ အဆင်မပြေဖြစ်ခဲ့ကြ တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါက ‘၀’ တပ်တွေနဲ့ ခွန်ဆာနဲ့ ပြဿနာပေါ့။ အဲဒီတော့၊ န၀တ အစိုးရဆီကို သူက ငြိမ်းချမ်းရေးကမ်းလှမ်းတာကို လက်မခံတဲ့အခါကျတော့၊ ခွန်ဆာက ရှမ်းပြည်နယ်ထဲမှာ အင်အားတည် ဆောက်လာတဲ့ အနေအထား ရှိခဲ့ပါတယ်။ အဲဒီတုန်းက SURA (Shan United Revolutionary Army) ခေါ် တာပေါ့၊ အဲဒီ SURA ထဲကို ရှမ်းတပ်တွေ တော်တော်များများကို ခွန်ဆာက သိမ်းသွင်းလိုက်တဲ့အခါမှာ၊ ၁၉၉၃ ပတ်ဝန်းကျင်လောက်မှာ ခွန်ဆာဟာ တပ်အင်အား သုံးသောင်းလောက်ကို စုစည်းနိုင်တဲ့ အင်အားရှိခဲ့ တယ်။ ဒီ့အပြင် ဟိုမိန်းက ခွန်ဆာရဲ့ ဌာနချုပ်မှာ လက်နက်စက်ရုံတွေက အစ၊ တည်ထောင်ခဲ့ပြီးတော့ ခွန်ဆာက သူ့ကိုယ်သူလဲ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာခဲ့ ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ မှတ်မိတာက၊ ခွန်ဆာက သူဟာ နိုင်ငံရေးအရ တိုက်ပွဲဝင်နေတာ၊ ဘိန်းကုန်ကူးတဲ့ ကုန်သည်မဟုတ်ဘူးဆိုတဲ့ ၀ါဒဖြန့်ချက်မျိုးနဲ့ မြန်မာ့တပ်မတော် စစ်စခန်းတခုကို သူ့ရဲ့တပ် တွေနဲ့ ၀င်ရောက်စီးနင်းတိုက်ခိုက်တာကိုတောင်မှ၊ ဗီဒီယိုရိုက်ပြီး၊ ကမ္ဘာကိုလွှင့်ထုတ်ပြသနိုင်အောင် ကြိုးပမ်း ခဲ့တာကို မှတ်မိနေပါတယ်။ နောက်တခါ သူ့ရဲ့စခန်းကို ဖိတ်ခေါ်ပြီးတော့၊ သူ့ရဲ့တပ်တွေ အများကြီးနဲ့ စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်နေတဲ့ ဗီဒီယိုကိုလည်း၊ နိုင်ငံခြားမီဒီယာတွေကနေ လွှင့်ထုတ်ပြသဖို့ သူ ကြိုးစားခဲ့ တာကိုလည်း၊ ကျနော်တို့ မှတ်မိနေပါတယ်။ အဲဒါတွေနဲ့ သူ့ကိုယ်သူ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာတာနဲ့ ဆက်စပ်နေပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်အဲဒီအခါတုန်းက အမေရိကန်သမ္မတရဲ့မူးယစ်ဆေးဝါးဆိုင်ရာအကြံပေး အရာရှိ Peter Bourneကိုယ်တိုင် ဟိုမိန်းကို သွားပြီးတော့၊ ခွန်ဆာနဲ့တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ် ခင်ဗျ။ ခွန် ဆာက သူဟာ မူးယစ်ဆေးဝါးကုန်သည် မဟုတ်ဘူး၊ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်လို့၊ ကြွေးကြော် ပြနေတဲ့အနေအထား ရှိခဲ့ပါတယ်။ တဘက်မှာလည်း မြန်မာ့တပ်မတော်ရဲ့ တပ်တွေကို သူ ၀င်တိုက်တာလည်း ရှိပါတယ်။ ၁၉၉၃လောက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမိုင်းဆတ်နယ်မြေက ဗျူဟာမှူးအခြေစိုက်တဲ့ မိုင်း ကျွတ်စခန်းကုန်းကို ခွန်ဆာရဲ့တပ်တွေက ၀င်တိုက်တဲ့အခါမှာ၊ မြန်မာ့တပ်မတော်ဘက်က တော်တော်လေး အကျအဆုံးများ ခဲ့ပါတယ်။ တစ်နေ့ထဲမှာပဲ ရာနဲ့ချီပြီး တပ်မတော်သားတွေ ကျဆုံးခဲ့တဲ့ အနေအထားရှိတယ်။ အဲဒီတိုက်ပွဲပြီးတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင်၊ အဲဒီစခန်းကုန်းကို သွားပြီး စစ်ဆေးရတဲ့ အနေ အထားရှိခဲ့ပါတယ်။ ကျနော် ကိုယ်တိုင် အဲဒီခရီးမှာ ပါသွားခဲ့ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီနောက်ပိုင်း အစိုးရနဲ့ သူနဲ့ အဆင်မပြေဘူး ဖြစ်လာတဲ့အခါမှာ၊ သူ့ကို အမေရိကန်အစိုးရကလည်း ဆုငွေထုတ်ထားတဲ့ အခါကျတော့၊ ဗိုလ်မှူးတို့ရဲ့ ထောက်လှမ်းရေးဌာနက သူ့ကို လက်ရဖမ်းဆီးရေး ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။ ဒါမှမဟုတ် မြန်မာ့တပ်မတော် တခုလုံးအနေနဲ့ သူ့ ကို လက်ရဖမ်းဆီးဖို့၊ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ ခွန်ဆာကို အဲဒီအချိန်က လက်ရဖမ်းဖို့ မလွယ်ပါဘူး ခင်ဗျ။ ခွန်ဆာရဲ့တပ်တွေက အင်အားကောင်းတယ်။ ကျနော်တို့ မြန်မာ့တပ်မတော်က အဲဒီအချိန်က ခုလောက် အင်အားမတောင့်သေးပါ ဘူး ခင်ဗျ။ အဲဒီအခါမှာ မြန်မာ့တပ်မတော်က ခွန်ဆာကို နိုင်အောင် မတိုက်နိုင်တဲ့အခါမှာ၊ တဘက်လှည့်နဲ့ UWSA (United State Wa Army) ‘၀’ တပ်တွေကို အကူအညီတောင်းခဲ့ရတဲ့ အနေအထားရှိခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ‘၀’ တပ်တွေ၊ကို၊ မြန်မာ့တပ်မတော်က လက်နက်ကြီးကျည်တွေ အပါအ၀င် လက်နက်ခဲယမ်းတွေ ထုတ်ပေးပြီးတော့မှ၊ ရှမ်းပြည်တောင်ပိုင်းက ခွန်ဆာရဲ့တပ်တွေကို တိုက်ခိုင်းခဲ့ရပါ တယ်။ ဒီလုပ်ငန်းစဉ်ကို အဲဒီတုန်းက စစ်ဦးစီးအရာရှိချုပ် (ယခု တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲ ရေးမှူး ရာထူး - Joint Chief of Staff Army-Navy-Air) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ကိုယ်တိုင်၊ ကွပ်ကဲခဲ့ပါ တယ်။
ဦးရော်နီညိမ်း ။ ။ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ န၀တ နအဖ အတွင်းရေးမှူး(၂) ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပါခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့ အဲဒီက စပြီး၊ ‘၀’ တပ်ဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်းကနေ တောင်ပိုင်းကို ရွှေ့ ပြီး ရောက်ရှိသွားတဲ့ အဓိကအကြောင်းရင်းက၊ ဦးခွန်ဆာရဲ့ တပ်တွေကို တိုက်ဖို့လား (သို့မဟုတ်) ကရင် အမျိုးသားအစည်းအရုံး (Karen National U)nion - KNU) ကို၊ ထိုင်းနိုင်ငံက သူတို့နဲ့ မြန်မာနိုင်ငံကြားမှာ ကြားခံ(buffer)အဖြစ် သဘောထားသလို၊ မြန်မာအစိုးရကလည်း ဒါကို လက်တုန့်ပြန်ဖို့တဲ့အနေနဲ့၊ ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံကြားမှာ buffer ထားဖို့အတွက်၊ ရှမ်းပြည်တောင်ပိုင်းကို ‘၀’ တပ်ဖွဲ့တွေကို၊ ရောက်အောင် စေ လွှတ်ပို့ပေးလိုက်တဲ့ သဘောပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အချက်နှစ်ချက်ပေါ့။ bufferထားတဲ့ theoryလည်း မှန်ပါတယ်။ ယိုးဒယားနဲ့ ကျနော်တို့နိုင်ငံကြားမှာ၊ (UWSA)‘၀’ တပ်တွေကို ကြားခံပေးထားလိုက်တဲ့ အနေအထားလည်း ပါပါတယ်။ တဘက်ကလည်း (UWSA) ‘၀’ တပ်တွေရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းပေါ့လေ၊ ခုထိ အဲဒီနေရာဒေ သမှာရှိတဲ့ ‘၀’ခေါင်းဆောင် (ဘိန်းဘုရင်)ဝေရှောက်ခန် ဆိုရင်၊ သူ့ရဲ့လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ ဘိန်း တွေကို၊ မြန်မာနိုင်ငံဘက်ကို ပို့နေတာမဟုတ်ပဲ၊ ရာဘလို့ ခေါ်တဲ့ မြင်းဆေး (methamphetamine) တွေက အစ၊ ယိုးဒယားဘက်ကိုပဲ သွားတဲ့အနေအထား ရှိပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို၊ ခွန်ဆာတပ် တွေကို (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ခိုင်းပြီး၊ ယိုးဒယားနိုင်ငံက ကျနော်တို့ နိုင်ငံအပေါ်မှာ ကျင့်သုံးနေတဲ့ buffer theory ကို၊ မြန်မာစစ်အစိုးရက ပြန်ကျင့်သုံးပြီး (UWSA)‘၀’တပ်တွေနဲ့၊ ကြားခံထားတာကို ယိုးဒယား ကို ပြန်ပြီးလုပ်ခဲ့တာလို့ ပြောရမှာပါ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီအခြေအနေကို ရောက်သွားတဲ့အချိန်မှာ၊ နောက်ပိုင်း ဦးခွန်ဆာလက်နက် ချတဲ့ အခြေအနေကို၊ ဘ်ာလိုရောက်ရှိလာပါသလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီမှာ ခွန်ဆာတပ်တွေနဲ့ (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ကြတဲ့အခါ၊ နှစ်ဘက် စလုံး အကျအဆုံးတွေ တော်တော်များကြပါတယ် ခင်ဗျ။ ‘၀’ တပ်တွေဘက်က နှစ်ထောင်နီးပါးလောက် သေ ဆုံးကြသလို၊ ခွန်ဆာတပ်တွေဘက်ကလည်း နှစ်ထောင်နီးပါးလောက် သေကုန်ကြပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါတွေဟာ ၂၀၀၀ ခုနှစ် မတိုင်ခင်မှာ ဖြစ်နေတာတွေပေါ့။
ဦးအောင်လင်းထွဋ် ။ ။ ၁၉၉၃-၉၄ နှစ်တွေမှာ ဖြစ်ခဲ့တာပါ ခင်ဗျ။ ၁၉၉၆ မှာ၊ ခွန်ဆာက လက်နက်ချခဲ့ တာကိုး။
ဦးရော်နီညိမ်း ။ ။ သူ့ကို အမေရိကန်က ဖမ်းမိတော့မယ် ဆိုတဲ့ အနေအထား၊ ရောက်သွားလို့ ပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ ၁၉၉၃-၉၄ နှစ်တွေမှာ (UWSA) ‘၀’ တပ်တွေနဲ့ တိုက် ရင်းနဲ့၊ ခွန်ဆာတပ်တွေ အားပျော့လာခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ၊ SSNA (Shan State National Army) လို့ခေါ်တဲ့ ကမ်းရွက်တို့ စိုင်းမိန်းတို့ အဖွဲ့က၊ အင်အား (၄၀၀၀)လောက်က၊ ခွန်ဆာကို အာခံပြီး၊ ကျနော်တို့ မြန်မာ့တပ်မတော်နဲ့ လာပြီးပေါင်းပါတယ်။ SSNA က၊ အစိုးရနဲ့ ‘၀’ တွေ ကိုးကန့်တွေနဲ့ ငြိမ်းချမ်းရေးယူကြ သလို၊ သူတို့လည်း၊ အစိုးရနဲ့ ငြိမ်းချမ်းရေးယူချင်ပါတယ်လို့၊ ကမ်းလှမ်းလာခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က န၀တခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကမ်းရွက်တို့ကိုတော့ ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ လက်ခံလို့ မရဘူး၊ သူတို့ကို အသာလေးပဲ ဒို့ကိုင် ထားလိုက်မယ်ဆိုတဲ့၊ လမ်းညွှန်ချက်နဲ့ ကမ်းရွက်တို့ကို လက်ခံလိုက်ပါ တယ်။ ကမ်းရွက်တို့အဖွဲ့ဟာ ငြိမ်းချမ်းရေးအဖွဲ့လည်း မဟုတ်ဘူး။ ရန်သူလည်းမဟုတ်၊ မိတ်ဆွေလည်းမဟုတ် တဲ့ အနေအထားမျိုးနဲ့ handle လုပ်ဖို့ဆိုပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကျနော်တို့ ကကလှမ်း (တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး)ကို၊ တာဝန် ပေးခဲ့ပါတယ်။ ကကလှမ်းရယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ရယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရယ်၊ သုံးဖွဲ့ ညှိနှိုင်းပြီး၊ ကမ်းရွက်တို့အဖွဲ့ကို ထိန်းခဲ့ရပါ တယ်။ ကမ်းရွက်တို့ အဲဒီလို အစိုးရဘက်ကို ၀င်သွားတာနဲ့ပတ်သက်ပြီး၊ နောက်ပိုင်း ခွန်ဆာကို ကျနော်ကိုယ် တိုင် interrogate (စစ်ဆေးမေးမြန်း) လုပ်တဲ့အခါမှာ၊ သူ့ပါးစပ်က ကိုယ်တိုင်ပြောတာ ရှိပါတယ်။ သူဟာ သူ့ တပ်ကြီးကို ကြီးထွားအောင်လုပ်ခဲ့တာနေရာမှာ၊ ရှမ်းလူမျိုးတွေကို အခြေခံပြီး လုပ်ခဲ့တာဖြစ်ပေမယ့်၊ ရှမ်းတွေ က သူ့အပေါ်မှာ သစ္စာမရှိဘူး၊ ဒီလောက်သူတို့အတွက် သူ့အနေနဲ့ အနစ်နာခံပြီးလုပ်ကိုင်ခဲ့ပေမယ့်၊ ကမ်းရွက် တို့က ဒီလိုလုပ်ရပါ့မလားဆိုပြီး၊ သူ့မှာ အဲဒီ စိတ်ခံစားမှုတွေ ပေါ်လာခဲ့ရတယ်လို့၊ ခွန်ဆာက ပြောပါတယ်။ မင်းတို့ ဒီလိုလုပ်ရင်၊ ငါလည်း လုပ်လို့ရတာပဲဆိုတဲ့ အတွေးအခေါ် သူ့မှာ ၀င်လာပါတယ်။ ဒါကြောင့် သူကိုယ် တိုင်ပဲ၊ အဲဒီတုန်းက တာချီလိတ်က ထောက်လှမ်းရေး (၂၄) တပ်ရဲ့ တပ်မှူးကို ဆက်သွယ်ခဲ့ပါတယ်။ သူတို့ အနေနဲ့လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့၊ ခွန်ဆာက ပြောလာတာကို၊ ထောက်လှမ်းရေး (၂၄) တပ်က၊ အဆင့်ဆင့်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို သတင်းပို့ ခဲ့ရပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါပေမဲ့ အရင်တခေါက် အခုလိုပဲ ဦးခွန်ဆာ ကမ်းလှမ်းခဲ့တုန်းက၊ အစိုးရဘက်က လက် မခံခဲ့ဘူး။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ဗိုလ်ချုပ်ကြီးခင်ညွန့်က တဆင့်၊ ထောက်လှမ်းရေး (၂၄) တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးသိန်းဟန်ကို၊ ပြန်ပြောခိုင်းပါတယ်။ ခွန်ဆာအဖွဲ့ကိုတော့ ငြိမ်း ချမ်းရေးအဖွဲ့အနေနဲ့ လက်မခံနိုင်ဘူး၊ လက်နက်ချမယ်ဆိုရင်တော့၊ လက်ခံမယ်လို့၊ အကြောင်းပြန်ခိုင်းလိုက် ပါတယ်။ ပထမတော့၊ ခွန်ဆာဟာ လွယ်လွယ်နဲ့တော့ လက်နက်ချမှာ မဟုတ်ဘူးလို့၊ လူကြီးပိုင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့က၊ တွက်ခဲ့ကြ ပါတယ်။ ဒါပေမယ့် မထင်မှတ်တာက ဖြစ်လာခဲ့ပါတယ်။ ခွန်ဆာက ထောက်လှမ်းရေး(၂၄) တပ်မှူးက တဆင့်၊ ပြန်ပြီးပြောလာတာက၊ သူနဲ့ သူ့အဖွဲ့တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံရေးကို အာမခံချက်ပေးမယ် ဆို ရင်တော့၊ အစိုးရပြောသလို၊ သူတို့ လက်နက်ချမယ်လို့၊ အကြောင်းပြန်ခဲ့ပါတယ်။ ခွန်ဆာက ဒီလို အကြောင်း ပြန်လာတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့ တော်တော်လေး ဦးနှောက်ခြောက် သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မ (၈၈) တပ်မမှူး ဖြစ်စဉ်) ကျိုင်းတုံမှာ နေတုန်းက၊ အခုလိုပဲ ခွန်ဆာက လက်နက်ချမယ်၊ လက်နက်ချမယ်၊ ဆို ပြီး မကြာမကြာပြောခဲ့ဖူးတော့၊ အခုလည်း ခွန်ဆာ လိမ်တာပဲလို့၊ လူကြီးတွေက တွက်ကြပါတယ်။ တဘက် ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကကလှမ်းကို၊ ခွန်ဆာ လက်နက်ချမှာ တကယ်ဟုတ်မဟုတ်၊ တရားဝင် မဟုတ်ပေမဲ့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပြီး လေ့လာခိုင်းပါတယ်။ အဲဒီအဖွဲ့ကို ကကလှမ်း ဒုညွှန်မှူး ဗိုလ်ချုပ်ကျော်ဝင်း က ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့လေးမှာ ဗိုလ်မှူးချုပ်ကျော်သိမ်း၊ ဗိုလ်မှူးကြီးသန်းအေး၊ ဗိုလ်မှူးကြီးစန်းပွင့်နဲ့ ကျနော်တို့ ပါဝင်ခဲ့ပါတယ်။ ကျနော်ကတော့ မှတ်တမ်းရေးရတဲ့သူပါ။ ဒီအဖွဲ့လေးက၊ ခွန်ဆာ တကယ်လက် နက် ချမချ ဆိုတာကို၊ အသေးစိပ် လေ့လာရပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ် စနေနေ့ မနက်ခင်း နဲ့ ညနေခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “ရှမ်းပြည်တပ်မတော် - တောင်ပိုင်း သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၂)“ ကို၊ ဆက်ပြီး ထုတ်လွှင့်သွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။