သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင် နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၁)


တပ်မှူးတပ်သား ပြောစကား (၀၃၀)

စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ အောက်တိုဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့ကို ပြန်ပြီး ရောက်ရှိလာခဲ့ပါတယ်။ စစ်မှု ထမ်းဘဝမှာ စစ်ရေးတာဝန်တွေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က စစ်ရေးလေ့ကျင့်မှုနဲ့ဆက်စပ်နေတဲ့ စစ်ရေးနိုင်ငံရေး အတွေ့အကြုံ တွေကို ဦးတင်ဦးက ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ အန်ကယ်ဦးတင်ဦး ခင်ဗျာ၊ ကျနော်တို့ ဝမ်းသာပါတယ်။ သတင်းတွေမှာ အန်ကယ်ရဲ့ မျက်စေ့ ဆေးကုသမှုဟာ အပြည့်အ၀ အောင်မြင်ပြီးတော့၊ အန်ကယ်ဟာ အခုဆိုရင် မိတ်ဟောင်း၊ ဆွေဟောင်းတွေက အစ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ပြန်မြင်ရတယ်။ နောက် စင်္ကာပူမှာလည်း ဝိုင်းဝန်းပြီးတော့ အန်ကယ့်အပေါ်မှာ မေတ္တာ စေတနာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထားရှိတဲ့ ဂါရ၀ ကိုလည်း ဝမ်းသာပါတယ် အန်ကယ်။ အခု အန်ကယ်နဲ့ မေးရင်းပြောရင်းနဲ့ပဲ ကျနော် ပြောသွားလိုက်တော့မယ် နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

ဦးရော်နီညိမ်း ။ ။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ့ (၄၁) မျက်နှာစာတမ်းမှာ သူ ရေးသားခဲ့တယ်။ သူလည်း ဂျပန်စစ်လျှော်ကြေး စစ်မစ်ရှင် အဖွဲ့တွေနဲ့ နိုင်ငံခြားခရီး သွားဖူးတာပဲ။ သို့သော်လည်း သူ အကြာကြီး နိုင်ငံခြား မသွားဖြစ်ဘဲနဲ့ မသွားနိုင်ဘဲနဲ့၊ ၁၉၈၈ နီးတော့မှ သူ သွားခွင့်ရလို့ သွားတဲ့အခါမှာ သြစတြေလျကို သွားတာ။ သွားတဲ့အခါမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရုံနဲ့တင် မျက်ရည်ဝဲခဲ့ရတယ်ပေါ့။ သူများ တိုင်းပြည် တိုးတက်ကြီးပွားနေတာကြည့်ပြီးတော့ သူက အဲဒီလို ခံစားခဲ့ရဖူးပါတယ် ဆိုပြီးတော့ သူ ရေးသွားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ သူ့ရဲ့နိုင်ငံရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်တာက တပိုင်းပေါ့ နော်။ တလောလေးကပဲ “နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေး ကော်မတီ” အဖွဲ့ဝင် အဖြစ်ကနေ အနားယူသွားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်ကလည်း သူရေးခဲ့တဲ့ စာအုပ်ထွက်လာတဲ့ အခါမှာ၊ သူလည်း တပ်မှူးငယ်ဘဝမှာ အမေရိကားကို သွားပြီး သင်တန်းတက်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ ဒွန်မောင်းလေဆိပ် ကိုရောက်တဲ့အခါ မှာ ထိုင်းနိုင်ငံက ဒွန်မောင်း လေဆိပ်ဟာ ငါတို့ ရန်ကုန်က မင်္ဂလာဒုံလေဆိပ်လောက်တောင် မသားနားဘူး၊ ဒို့က သာတယ် ဆိုတာမျိုး သူခံစားမိတဲ့ အကြောင်း သူရေးခဲ့တယ်ပေါ့။ ဒီလိုဆိုတော့ အန်ကယ်ရော စင်္ကာပူလေဆိပ်ကို စရောက်ပြီး စင်္ကာပူနိုင်ငံကို မြင်လိုက်တဲ့အခါမှာ အန်ကယ် စတင်ပြီး ဘယ်လိုခံစားရပါသလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ ဘယ်လိုခံစားရသလဲဆိုတော့ MRTV တို့ ဘာတို့မှာ တလောတုန်းက လေယဉ်ကွင်းကြီး ပြီးသွားတာကို ခမ်းနားကြီးကျယ်ပုံတွေ၊ လုပ်ငန်းတွေ ဘယ်လို အထွေ ထွေ များပုံတွေ၊ ဆန်းကျယ်ပုံတွေ စသည်ဖြင့် သီချင်းဆိုပြီး ပြတော၊့ ကျနော်တို့ကလည်း ဒီမှာ အပြင်လည်း မရောက်တော့ကာ၊ ဒီမှာ ရှိနေတဲ့ ထပ်မံပြီး မွမ်းမံချယ်သထားတဲ့ မင်္ဂလာ ဒုံလေဆိပ်ကြီးဟာ တော်တော်ပဲ ကြီးကျယ်ခမ်းနားပြီးတော့ ဖြစ်နေပါပြီလား ဆိုပြီးတော့၊ ဪ ဒါ ပြည်သူပြည်သားတွေအတွက် သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုင်ပေးလိုက် တာပဲ၊ တောတော်ကြီးကျ်ပါလားလို့ ထင်လိုက်တာပေါ့ ဗျာ။ ကိုယ်ကလည်း မတွေ့ဖူးပဲကိုး။ ဒါနဲ့ သွားရင်းနဲ့ပဲ ချန်ဂိ (Changi) လေဆိပ်ကို ဆင်းလိုက်တာနဲ့ တပြိုင်တည်းပဲ၊ ချန်ဂိလေ ဆိပ်ဟာ ကျနော်တို့ မင်္ဂလာဒုံမှာရှိတဲ့လေဆိပ်နဲ့က အပြတ်ကွာသွားတာပေါ့ဗျာ။ ကျနော် ဟိုး စစ်အတွင်းတုန်းက တပ်မှူးငယ်ဘဝနဲ့ ဒီ ချန်ဂိလေဆိပ်ကို ဆင်းဖူးတယ် ခင်ဗျ။ ချန်ဂိလေ ဆိပ်ဟာ အဲဒီတုန်းကတော့ တောလေဆိပ်လို ပါပဲ။ ဒီလောက် မကြီးဘူး မကျယ်ဘူး ခင်ဗျ။ နောက်တခေါက် ဆင်းတုန်းကလည်း၊ အဲဒီအခါ ကျနော် တပ်ရင်းမှူးအနေနဲ့ သွားတဲ့အခါကျ တော့ ချန်ဂိလေဆိပ်ဟ အလတ်တန်းစားလောက်ပဲ။ နောက်ဆုံးတခါ ဆင်းတော့ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ်ဘဝနဲ့ ဒုဝန်ကြီးပေါ့ဗျာ။

ဦးရော်နီညိမ်း ။ ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အနေနဲ့ သွားတာပေါ့ နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့ ဒုဝန်ကြီး ဘဝနဲ့ on transit ပေါ့ဗျာ၊ ကျနော်က ပထမဦးဆုံး ကွာလာလမ်ပူ (Kuala Lumpur) ကနေ ဆာရာဝက် (Sarawak) သွားတယ်။ ဆာရာဝက်က အပြန်မှာ ချန်ဂိမှာ ဆင်းတာပေါ့။

ဦးရော်နီညိမ်း ။ ။ သြော် မလေးရှားက အပြန်ပေါ့။

ဦးတင်ဦး ။ ။ ကျနော် ကျောင်းတက်ခဲ့တဲ့နေရာ Bokujima ကျောင်းတောင်မှ မရှိတော့ဘူး။ အဲဒီနေရာမှာ တိုက်တွေ ဘာတွေ ဖြစ်နေပြီ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ် ဘယ်လိုခံစားရပါသလဲ ခင်ဗျ။ အရင်တုန်းက ကိုယ်ကသာ နေရာ ကနေ အခု သူများက ကိုယ့်ထက် အပြတ်သာသွားတာကို။

ဦးတင်ဦး ။ ။ အရင်တုန်းက ကျနော်တို့က သာနေတယ် ခံစားရတာကိုး။ အခုတော့ …….။ ပြောနေရင်း ဗျာ၊ ဦးရော်နီညိမ်း ရေ။ အခု ခင်ဗျားနဲ့ ကျနော် ပြောနေရင်း မီးပြတ်သွားလို့ မီးငြိမ်းသွားပြီး ဗျ။ မှောင်သွားပြီ။ အဲဒီတော့ ကိစ္စ မရှိဘူး၊ အမှောင်ထဲမှာ ပဲ။ အမှောင်ထဲမှာ စမ်းပြီး ပြောကြတာပေါ့။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ချုပ်အောင်ကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ဟာ အရမ်းကို ခေတ်နောက်ကျသွားတယ်လို့ သူ့ စိတ်ထဲမှာ ခံစားရတဲ့သဘောမျိုး ရေးထားပါတယ်။ အန်ကယ်ကော နိုင်ငံရေးအရ အခု ဘယ်လိုခံစားရပါသလဲ။

ဦးတင်ဦး ။ ။ အဲဒီလိုပဲ ခံစားရတာပေါ့။ တော်တော့်ကို နောက်ကျသွားတယ်လို့ ခံစားရတာပေါ့။ နောက်ကျတယ် ဆိုတာက ဒီလိုလေ။ ကျနော့်တို့ မြန်မာနိုင်ငံမှာ တချိန်တုန်းက ပညာရေးဌာနနဲ့ပတ်သက်ပြီးတော့ အကြီးအကဲလုပ်သွားခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်က ကုလသမဂ္ဂကိုသွားပြီး ပညာရေးဌာနမှာ ဝန်ထမ်းကောင်းတစ်ယောက်အဖြစ်နဲ့ တာဝန် ထမ်း ဆောင်ခဲ့ပြီး အခုတော့ အငြိမ်းစား ယူသွားပြီ။ နံမည်တော့ မပြောတော့ပါဘူး။ သူက ကျနော်နဲ့ အင်မတန် ခင်မင်ပါတယ်။ အခု ဒီရောက်တော့ သူ့ကို ကျနော်လှမ်းပြီး ဆက်သွယ်လိုက် တော့ ကျနော်တို့ စကားပြောဖြစ်တဲ့အခါ၊ ကျနော်က စင်္ကာပူနဲ့ ကျနော်တို့ နိုင်ငံနဲ့ဟာ တော်တော်လေးကို ကွာခြားသွားပြီ နှစ်(၅၀)လောက် နောက်ကျသွားပြီလို့ ပြောတော့ အဲဒီ ပညာရှင်ကြီးက ပြန်ပြောပါတယ်။ သူက မဟုတ်ဘူးတဲ့။ နှစ်(၁၀၀) လောက်တောင် နောက်ကျ သွားပြီ တဲ့။ သေချာကြည့်ပါ တဲ့။ အားလုံး နှစ်(၁၀၀)လောက် နောက်ကျသွားတယ်တဲ့။ အစစအရာရာပေ့ါ လေ။ သူက အဲဒီ လို နောက်ကျသွားပြီလို့ ပြောတာပါပဲ။

ဦးရော်နီညိမ်း ။ ။ သူတို့က ၁၉၆၅ ခုနှစ်ကမှ လွတ်လပ်ရေးရတာ။ ကျနော်တို့ထက် အများကြီး နောက်ကျတယ်။ (၁၇)နှစ်လောက် နောက်ကျတယ်။ နောက် သူတို့ စင်္ကာပူမြို့ကြီး ရဲ့ စည်ပင်သာယာရေး ဆိုရင်၊ ဒါကို ဘယ်လိုလုပ်ရမလဲ ဆိုပြီးတော့ ရန်ကုန်မြို့မှာ လာပြီး လေ့လာခဲ့ရတဲ့ ဘဝ။ အဲဒီလိုမျိုးကနေမှ အခု ဒီလောက် အနေအထား ဖြစ်သွားတဲ့အပေါ်မှာ အန်ကယ် ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုမျိုး ပြန်ဖြစ်စေချင်သလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီလိုမေးတော့ ကျနော်ပြောရဦးမယ်။ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းကို အများကြီး ကျေးဇူးတင်တယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်း ဆောင်ကြီး၊ တပ်မတော်ဖခင်ကြီးပေါ့ဗျာ။ အင်မတန်မှကို သူ့ ဂုဏ်ကျေးဇူးက ကြီးမားပါတယ် ခင်ဗျ။ ကျနော်တို့ commission (စစ်အရာရှိအဖြစ် စတင် ခန့်အပ်ခံရခြင်း) ရတော့၊ ကျနော်တို့ဟာ British Subject Commission (ဗြိတိသျှစစ်အရာရှိ အဖြစ် စတင်ခန့်အပ်ခံရခြင်း) သဘောမျိုးပေ့ါ လေ။ ဗြိတိသျှတပ်မတော်မှာရှိတဲ့ အရာရှိဆိုတော့၊ အရာရှိငယ်တွေ အနေနဲ့ ကျနော်တို့ အဲဒီမှာ ကျောင်းသွား တက်ရတာပေါ့။ အဲဒါက ၁၉၄၇ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့နှစ် နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းတက်ရတာပေါ့ နော်။

ဦးရော်နီညိမ်း ။ ။ အန်ကယ် ဘယ်နိုင်ငံမှာ သွားတက်တာလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီမှာ ပေါ့။ စင်္ကာပူပေါ့ ဗျ။ ၁၉၄၇ ခုနှစ်မှာ သွားတက်ရတာ။

ဦးရော်နီညိမ်း ။ ။ အန်ကယ် သွားတဲ့အချိန်တုန်းက မလေးနဲ့ စင်္ကာပူနဲ့က မခွဲရသေးဘူး ပေါ့။

ဦးတင်ဦး ။ ။ မခွဲရသေးဘူး။ လွတ်လပ်ရေး မရသေးဘူး။ ဘာမှ မရသေးဘူး။ ဒီ State Settlement (ဗြိတိသျှ အစိုးရလက်အောက်ခံ) ပဲ။ မလေးယား (Malaya) ပဲ။ British Settlement Malaya (ဗြိတိသျှအစိုးရ လက်အောက်ခံ မလေးယား)ပဲ။ မလေးရှား (Malaysia) တွေ ဘာတွေ မဟုတ်သေးဘူး။ အဲဒီမှာ ဘယ်မှာ တက်ရသလဲဆိုတော့ Royal Army Service Corps (ဗြိတိသျှ ဘုရင့်တပ်မတော် စစ်ဝန်ထမ်းကျောင်း)၊ RASC ဆိုတာက ကျနော်တို့ အရာရှိငယ်တွေကို Regimental Duty (တပ်ရင်းအဆင့် တာဝန်များ) သင် ပေးတဲ့ ကျောင်းပေ့ါဗျာ။ အဲဒီမှာ ကျောင်းတက်တုန်းက ကျနော်တို့ကို သိပ်ပြီးတော့ လေးစားကြတယ်ခင်ဗျ။ ဟိုတုန်းကတော့ သိတဲ့အတိုင်းပဲ၊ တနိုင်ငံနဲ့တနိုင်ငံ သွားကြလာကြ ဆို တော့၊ မြန်မာဆိုတာကို တော်တော်ကို ရိုသေတယ် လေးစားတယ်၊ မြန်မာ commissioned officer တယောက်အနေနဲ့ သူတို့က တော်တော်လေးစားကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို ကျနော်က အများကြီး ကျေးဇူးတင်တယ် ဆိုတာက အဲဒါကြောင့်။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ အုပ်ချုပ်ရေးပညာနဲ့ ပတ်သက်လို့ သိပ်ပြီးတာ့ မြင့်မားနေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီမှာ ICS (Indian Commissioned Service) (အိန္ဒိယပဋိဉာဉ်ခံဝန်ထမ်း) လို တော်တော်များများ trained လုပ်ထားတဲ့ အဖွဲ့တွေရှိတော့ သူတို့လာပြီး အုပ်ချုပ်ရေး ပညာသင်ရတဲ့ အကြောင်းတွေလည်း ပြောတယ်ခင်ဗျ။ အထူးသဖြင့် နောက်တခုက CID (Criminal Investigation Department) (မှုခင်းစုံ စမ်းစစ်ဆေးရေးဌာန) ပေါ့။ မှုခင်းစစ် ဆေးတာနဲ့ ပတ်သက်တဲ့ ပညာရပ်ကို သူတို့ ဒီမှာ (မြန်မာနိုင်ငံမှာ) လာပြီး သင်တယ်။ နောက်ပြီးတော့ ရဲအရာရှိသင်တန်းတက်ဖို့ ဆိုပြီးတော့လည်း မန္တလေးက ဆပ်ကျောင်း (ရဲသိပ္ပံ) ၊ ရဲအုပ် ဖြစ်အောင် သင်ပေးတဲ့ကျောင်းမှာ သူတို့တွေ လာပြီး တက်နေကြရတဲ့အချိန်မျိုးမှာ၊ ကျနော်တို့က ဒီက (မြန်မာနိုင်ငံက) လာတာဆိုတော့ သူတို့ တော်တော်လေးစားကြတယ်။ ဒါ တကြိမ်ပေါ့။ နောက်တခါ တပ်ရင်းမှူးဘဝနဲ့ ကျနော်သွားတဲ့ အချိန်ကျတော့ ဥပမာ မြူနီစီပယ်(စည်ပင်သာယာ) ဌာနပိုင်းက ပုဂ္ဂိုလ်တွေဆိုလည်း အရင်က ဒီဘက်မှာ(မြန်မာနိုင်ငံ မှာ) ပညာလာသင်ပြီး ဟိုမှာ (စင်္ကာပူမှာ) ပြန်ပြီး ဖြန့်ဖြူးသင်ကြားပို့ချပေးတဲ့ သဘောမျိုးလေးတွေ ရှိတယ်။ နောက်ပြီးတော့ ရေနံကိစ္စနဲ့ပတ်သက်လို့လည်း သူတို့ ပြောတာတွေ ရှိ တယ်။ ရေနံကတော့ ဒီမှာ သိပ်အများကြီး ရှိပုံတော့ မပေါ်ဘူး။ သို့သော်လည်း ပညာရပ်နဲ့ပတ်သက်လို့ ချောက်မှာလည်း သင်ဖူးတယ် တဲ့။ ဓနိတောက ဘီအိုစီမှာလည်း သင်ဖူး တယ်တဲ့။ အဲဒီတော့ ဟိုတုန်းက ပညာက ဟိုက ဒီကို လာသင်ကြတာ၊ အခုကျတော့ ဒီလို မဟုတ်တော့ဘူး။ ကျနော်တို့က အကုန် ကျကျန်ရစ်ခဲ့ပြီး၊ အဲဒီလို ဖြစ်ကုန်တာပဲ။

ဦးတင်ဦး ။ ။ တနည်းအားဖြင့် ပြောရရင်တော့လည်း ဗျာ၊ လွတ်လပ်ရေးရပြီးစ အချိန်မှာ ဒီမှာက insurrection (ပုန်ကန်ထကြွမှု) ဖြစ်တာကိုး။ သူတို့ဆီမှာလည်း insurrection ဖြစ်တာပဲဗျ၊ ဒါပေမယ့် သူတို့ဆီမှာ ဖြစ်တဲ့ insurrection ကို သူတို့ စီမံခန့်ခွဲပြီးတော့ အုပ်ချုပ်ပုံနည်းလမ်းက စနစ် သိပ်ကျသွားတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီ ကျနော်တို့ သွားတက် တုန်းက ကျနော်က Tangalli မှာလေ၊ ကျနော်တို့ Far Eastern Land Forces Headquarter (အရှေ့ဖျားဒေသ ဗြိတိသျှမြေပြင်တပ်ဖွဲ့များ ဌာနချုပ်) ခေါ်တာပေါ့လေ။ အဲဒီမှာ ကျနော်တို့က တက်ရတာ၊ Advance Senior Officer Course (အဆင့်မြင့် အရာရှိကြီးများ သင်တန်း) တက်ရတာကိုး၊ တပ်ရင်းမှူးတွေ ဆိုတော့ အဲဒီမှာ တက်ကြရတယ်။ အဲဒီမှာ တက်တုန်းက၊ သူတို့မှာက သောင်းကျန်းမှုရှိပေမယ်လို့ ှSingapore itself (စင်္ကာပူ တခုထဲ အနေနဲ့) ကတော့ အေးချမ်းတယ်။ လုံခြုံရေးကတော့ တော်တော်ယူထားတယ်။ ဒါပေမယ့် ဒီ Main Malaya (မလေး ကျွန်းဆွယ်ဒေသ) ပေါ့နော်၊ အဲဒီမှာ သောင်းကျန်းမှုက တော်တော်လေး ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ သင်တန်းသွား တက်တဲ့ အခါကျတော့ သူတို့ Briggs’s Plan ဆိုတာရှိတယ်။ Strategic Hamlet Policy (ဗျူဟာမြောက်စုစည်းခြင်း) ပေါ့။ Brigadier General Briggs (ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးချုပ် ဘရစ်ဂ်စ်) ဗျ။ General Tembla (ဗိုလ်ချုပ်ကြီး တယ်မ်ဘလာ)က General Brigg ကို တာဝန်ပေးတာက strategic hamlet တွေလုပ်တာပေါ့ဗျာ။ အဓိပ္ပါယ်ကတော့ဗျာ၊ အေးဆေးတဲ့မြို့တွေ မှာ ဘေးနားမှာရှိတဲ့ ရွာတွေကို စုပြီးတော့ အရံအတားနဲ့ ထားပြီးတာ့ အရပ်သူအရပ်သားတွေ ကို identity card (မှတ်ပုံတင်ကဒ်) ထုတ်ပေးပြီးလို့ရှိရင်၊ သူတို့ စားဖို့သောက်ဖို့ provision (ရိက္ခာ) အတွက် ဝယ်ချင်တယ် ဆိုရင်၊ လုံခြုံရေး အစီအစဉ်နဲ့ သွားဝယ်၊ ပြီးရင် ပြန်လာကြပေါ့လေ၊ (၇) ရက်စာဖြင့် (၇) ရက်စာ၊ (၁၀)ရက်စာ ဖြင့် (၁၀) ရက်စာပေ့ါ၊ strategic hamlet ဗျူဟာမြောက် ကျေးရွာများပေါ့။ အဲဒါတွေကို တည်ဆောက်တယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီဟာက ကျနော်တို့ဆီမှာ ဟိုဟာနဲ့ သွားမတူဘူးလား ခင်ဗျာ။ ကျနော်တို့ ဆီမှာ မြစ်ဝကျွန်းပေါ် ရှင်းလင်းရေး လုပ်တုန်းက “ဖြတ်(၄)ဖြတ်” နဲ့ နည်းနည်း မတူဘူးလား။

ဦးတင်ဦး ။ ။ အဲဒီလိုမဟုတ်ဘူးဗျ၊ သူတို့က ညက်တယ်၊ ကျနော်တို့ဟာက သိပ်မညက်လှဘူး ခင်ဗျ၊ ကျနော် ကာကွယ်ရေးဦးစီးချုပ်တုန်းက ဒီ ကိစ္စ လုပ်ဖူးပါတယ်။ သိပ်မညက်ဘူး။ မညက်ဘူး။ သူတို့က သိပ်ညက်တယ်။ ကျနော် ပြောပြမယ်။ လူတွေကို ဒီမိုကရေစီနဲ့ ပတ်သက်ပြီး လူသားအမြင်နဲ့ ညက်တာကို ကျနော်ပြောတာပါ။

ဦးတင်ဦး ။ ။ ဘယ်လိုလုပ်သလဲ ဆိုရင် မလေးယားကျွန်းဆွယ်တခုလုံးမှာ အင်မတန် သောင်းကျန်းမှုဖြစ်တဲ့ နေရာတွေမှာ အဲဒီလိုပဲ လုပ်ကြရတယ်။ ပထမတော့ ကျနော်တို့သွား တုန်းက လူတွေက ဆူတယ်ခင်ဗျ၊ ဆူတယ် ဆိုတာက ဒီလို လုပ်တာ မလွတ်လပ်ဘူး၊ တရား မမျှတဘူး၊ သူတို့ လူမျိုးကို နှိမ်တယ်ပေါ့ ဗျာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ လူတွေက သူတို့ဘာသာ သူတို့ သဘောပေါက်သွားပြီးတော့ သိပ်ကြိုက်သွားတယ် ဗျ၊ ဘာကြိုက်သွားလဲ ဆိုတော့ နံပါတ်(၁)က သူတို့ စားဖွယ်သောက်ဖွယ်နဲ့ ပတ်သက်တာ အားလုံးကို သူတို့ အကုန်လုံး စားရတယ်။ ဟိုပေး ဒီပေး (သူပုန်ထနေသော မလေးရှားကွန်မြူနစ်များသို့) လုပ်စရာမလိုတော့ဘူး။ နောက်တစ်ခုက သူတို့ ရတဲ့ လုပ်ခလခတွေ သူတို့ အပြည့်သုံးရတယ်။ ခွဲကြေး ဆက်ကြေး မပေးရတော့ဘူး။ နောက်ပြီးတော့လည်း လုံခြုံနေတော့၊ ဟိုက (သူပုန် ဘက်က) ခေါ်ခိုင်းတဲ့ကိစ္စတွေလည်း သွားပြီး အပိုလုပ်ပေးရတာ မရှိတော့ဘူး။ သူတို့ တော်တော်လေး သဘောကျသွားပြီးတော့၊ သူတို့က ကျေနပ်သွားတော့၊ ပြီးတာနဲ့ တစ်နှစ်တောင် မကြာပါဘူး။ ဘာမှ မကြာပါဘူး။ နောက် တစ်နှစ်လောက်မှာ ဒါ Merdeca (မလေးဘာသာ) လွတ်လပ်ရေး ရသွားတာပါပဲ။ အဲဒါနဲ့ မလေးရှားဟာ ငြိမ်းချမ်းသွားခဲ့တာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ ဟိုဟာကော မကွာဘူးလား ခင်ဗျ၊ ဟိုမှာလုပ်သလို ဒီမှာလည်း လုပ်တဲ့အခါ ကျတော့ ဟိုဘက်က သူပုန်ဘက်ကတော့ ရပ်သူရွာသားတွေ ကို ဘာမှ လာပြီး ဒုက္ခပေးလို့ မရတော့ဘူး။ ဒါပေမယ့် ကိုယ့်တပ်က ပြန်ပြီးတော့ အဲဒီ ရပ်သူရွာသားတွေကို ဒုက္ခ ပြန်ပေးနေတာကျတော့၊ အန်ကယ် ဘယ်လိုနှိုင်းယှဉ်ပြီး ပြောမလဲ။

ဦးတင်ဦး ။ ။ အဲဒါက ကျနော်တို့ ဒီမှာလည်းပဲ ဟိုပုံစံတော့ မဟုတ်ဘူးလေ။ ဒီ Briggs’s Plan, Strategic Hamlet ဆိုတာ ကျနော် တပ်ထဲမှာကတည်းက စလုပ်မယ် ဆိုပြီး တော့လည်း နောက်ပိုင်း “ဖြတ်(၄)ဖြတ်” တို့ ဘာတို့ဆိုတာ အဲဒီကနေ လာတာပဲလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့လေ။ နောက်ပိုင်းတော့လည်းပဲ အေးဆေးတော့ အေးဆေးသွား တယ်။ လူထုကတော့ အတော်ခံလိုက်ရတာတော့ ဖြစ်သွားခဲ့တာပေါ့လေ။

ဦးရော်နီညိမ်း ။ ။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး မရခင်မှာ ဗြိတိသျှတွေအုပ်ချုပ်ကွပ်ကဲတဲ့ ဗမာ့တပ်မတော်ရဲ့ တပ်မှူးငယ်တယောက်အနေနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး စင်္ကာပူနဲ့မလေးရှားကဗြိတိသျှစစ်တပ်မှာ စစ်ဘက်ဆိုင်ရာသင်တန်းတွေ တက်ရောက်ခဲ့စဉ်က အတွေ့အကြုံ၊ တပ်ရင်းမှူးအဆင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) စတဲ့ အဆင့်မြင့်ရာထူးကြီးတွေမှာ ထမ်းဆောင်ခဲ့စဉ် မလေးရှားနဲ့ စင်္ကာပူက အတွေ့အကြုံတွေကို တင်ဆက် ပေးခဲ့တာပါ ခင်ဗျာ။ နောက်သီတင်းပတ် အောက်တိုဘာလ(၂၄)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ” နိုင်ငံရေးပါတီရဲ့ ဒုတိယဥက္ကဌ လူထုခေါင်းဆောင်ဘဝမှာ မြန်မာနိုင်ငံသားတဦးအနေနဲ့ စင်္ကာပူမှာ သွားရောက် မျက်စေ့ခွဲစိတ်ကုသမှုခံယူစဉ် မတူခြားနားကွဲပြားတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG