သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၈၃)

ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (RCSS/SSAS)(Restoration Council of Shan State/Shan State Army – South) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ထိုင်းနိုင်ငံအာဏာပိုင်တွေက တဆင့် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ အောက်တိုဘာလဆန်းမှာ ထွက် ပေါ်ခဲ့ပါတယ်။ တခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း၊ ဌာနေပြည်သူ့စစ်ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ကမ်းလှမ်းလာခဲ့တယ်လို့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)ရဲ့ ပြောရေးဆိုခွင့်ရှိသူက၊ ပြည်ပကမြန်မာမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက် က ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး၊ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၂)”ကို၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍမှာ တင်ဆက်လိုက်ပါတယ်။

ဦးအောင်လင်းထွဋ် ။ ။ ပထမဦးဆုံး၊ ခွန်ဆာကြီးကိုယ်တိုင်၊ သူ တကယ် လက်နက်ချပါမယ်လို့ ပြောဆို တာကို၊ ဗီဒီယိုရိုက်ခိုင်းပြီးတော့မှ၊ ထောက်လှမ်းရေး(၂၄) တပ်မှူးဆီကို ပို့ခိုင်းလိုက်ပါတယ်။ စကားနဲ့ပြောရုံနဲ့ မယုံဘူးပေါ့ ဗျာ၊ ဗီဒီယိုရိုက်ပြီးတော့မှ ပြောပါဆိုပြီးတော့၊ ခွန်ဆာရယ် သူ့ရဲ့လက်ထောက် စစ်ဦးစီးချုပ်လုပ် တဲ့ ကျန်စုရှင် ရယ်၊ ကျန်စုရှင် ကတော့ တရုတ်ပါ၊ သူတို့နှစ်ယောက်ကို ဗီဒီယိုရိုက်ပြီးတော့မှ၊ ဗီဒီယိုအခွေနဲ့ ဒီဘက်က လူကြီးတွေကို တင်ပြခိုင်းတဲ့ အနေအထားရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ တစ်ခု ဖြတ်မေးချင်တာက၊ တကယ်ပဲ သူ့တပည့် ကမ်းရွက်တို့လိုလူတွေက သူ့ကို သစ္စာဖေါက်သွားလို့၊ သူက စိတ်နာနာနဲ့ ဒီလို လုပ်တာလား၊ သို့မဟုတ် အမေရိကန်ထောက်လှမ်းရေး က သူ့ကို ဖမ်းမိဖို့ သိပ်ကို နီးစပ်နေပြီ၊ နီးကပ်နေပြီ ဆိုတဲ့ အနေအထားမှာ၊ သူဟာ ပြေးမယ်ဆိုရင် တရုတ် ပြည်ကိုပဲ ပြေးရတော့မယ့် အနေအထား ဖြစ်နေတယ်၊ ဒါပေမယ့် တရုတ်ကလည်း မင်းကိုတော့ ငါတို့ လက်ခံ လို့ မဖြစ်ဘူး၊ မြန်မာအစိုးရဆီမှာပဲ လက်နက်ချလိုက်လို့၊ နည်းလမ်းပေးတယ်လို့၊ အဲဒီအချိန်က သတင်းတွေ လည်း ထွက်ပေါ်ခဲ့ဖူးပါ တယ်။ ဘယ်လောက်မှန်တယ်ဆိုတာတော့၊ မသိဘူးပေါ့။ ဒါကြောင့် နောက်ဆုံးမှာ သူ ဟာ ရွေးစရာမရှိတဲ့အတွက်၊ တကယ်ပဲ လက်နက်ချသွားတယ်လို့၊ အဲဒီလို ပြောဆိုမှုတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါ တွေနဲ့ အခုဗိုလ်မှူးပြောတာနဲ့ ချိန်ထိုးပြီးတော့၊ အဲဒီလို ပြောဆိုမှုတွေ ဘယ်လောက်မှန်တယ် မမှန်ဘူးဆိုတာ၊ ဗိုလ်မှူးအနေနဲ့ သုံးသပ်ပေးပါ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင်ကို ပြောရရင်၊ အမေရိကန်အနေနဲ့ အခု ဘင်လာဒင်ကို ပါကစ္စတန် မှာ သွားပြီး ဖမ်းဖို့လုပ်ခဲ့သလို၊ ခွန်ဆာကို ဟိုမိန်းအထိ သွားပြီး၊ ဖမ်းဖို့ဆီးဖို့ အာသီသ မရှိခဲ့ပါဘူး။ ခွန်ဆာက လည်း သူ့အတွက် လွတ်မြောက်နယ်မြေ ဟိုမိန်းမှာ၊ တကယ့်ကို ခမ်းခမ်းနားနားနေခဲ့တဲ့ အနေအထား ရှိပါ တယ်။ သူဟာ လိုချင်တာ အကုန်ရ၊ သုံးချင်တာ အကုန်သုံးနေနိုင်တဲ့သူ ဖြစ်ပါတယ်။ ဟိုမိန်းကိုလည်း နိုင်ငံ ခြားသားတွေ ဝင်ထွက်လည်ပတ်လို့ ရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် ခွန်ဆာဟာ အမေရိကန် ဖမ်းမှာဆီးမှာ ကြောက်ပြီး၊ ကျနော်တို့ဆီ လာပြီး လက်နက်ချတဲ့ အနေအထားလို့၊ ကျနော် မမြင်ဘူး။ တခု ရှိတာက၊ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိလာတယ်၊ ပိုင်ဆိုင်မှုတွေ အများကြီးရှိလာတယ်၊ အသက်အရွယ် ထောက်လာတာလည်း ပါတယ်ပေါ့ ဗျာ။ သူဟာ အေးအေးချမ်းချမ်းနဲ့ ဘဝကို အဆုံးသတ်သွားချင်တယ်လို့၊ ကျနော့်ကို သူပြောခဲ့ပါတယ်။ ဒါကြောင့်လည်း သူလက်နက်ချတာက မလိမ့်တပတ်နဲ့ လက်နက်ချတာပါ။ သူ ကိုယ်တိုင်က လက်နက်ချချင်ခဲ့ပေမယ့်၊ သူ့ လက်အောက်က ရှမ်းတပ်တွေအားလုံးက၊ သူဒီလိုမျိုး လက်နက် ချသွားတာကို၊ ခုချိန်ထိ လုံး၀ မကြိုက်ကြပါဘူး။ နောက်တခုက အဲဒီအချိန်အဲဒီအခါမှာ၊ စစ်တပ်နဲ့စစ်တပ်ချင်း ဆိုတော့၊ စစ်သား စစ်သားချင်းဆိုပြီးတော့ ကျနော်တို့အပေါ် ယုံကြည်မှုလည်း မူတည်ပါလိမ့်မယ်။ သူ့ကို အမေရိကန်ကို လွဲှပြောင်းမပေးပါဘူးဆိုတာကို၊ မြန်မာ့တပ်မတော်က အာမခံချက်ပေးရတဲ့ အနေအထား တော့၊ ရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါဆိုရင်၊ အခုတော့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် (Lt. General Yawd Serk) ပေါ့၊ အခုတော့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA – South ပေါ့။ သူက SURA ဆိုတဲ့ တပ်ကို ပြောင်းပြီး ဖွဲ့ခဲ့တုန်းက၊ ဗိုလ်မှူးကြီးရွက်ဆစ်ဆိုပြီး၊ သူ ဦးဆောင်ခဲ့တယ်။။ ဦးရွက်ဆစ် ဆိုကြပါစို့။ ဒီဦးရွက်ဆစ်နဲ့ SURA က တဆင့်၊ အခု SSA – South ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကို၊ နည်းနည်းရှင်းပြပေးပါ ခင်ဗျ။ ဦးခွန် ဆာရဲ့ မောင်ထိုင်းတပ်မတော် (MTA – Muang Tai Army) ကနေ၊ ကမ်းရွက်တို့ ခွဲထွက်ပြီး အစိုးရဆီ လက် နက်ချသွားလို့၊ ဦးခွန်ဆာ စိတ် ဓါတ်ကျနေတဲ့အချိန်၊ ဦးခွန်ဆာကိုယ်တိုင် စစ်အစိုးရဆီ လက်နက်ချသွားတဲ့ အချိန်က စပြီး၊ ဆက်ပြောပြပေးပါလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ခွန်ဆာကြီး လက်နက်ချသွားတဲ့အခါကျတော့၊ အခု ဒုတိယဗိုလ် ချုပ်ကြီး ရွက်ဆစ်က၊ အဲဒီအချိန်က ခွန်ဆာတပ်မှာ၊ တပ်မှူးအဆင့်လောက် ရှိပါလိမ့်မယ်။ ရွက်ဆစ်တို့ အဖွဲ့ တွေလည်း၊ လက်နက်ချတဲ့အထဲမှာ ပါခဲ့ပါတယ်။ အဲဒီတုန်းက လက်နက်ချတဲ့ ဦးရွက်ဆစ်နဲ့ ထောက်လှမ်းရေး (၂၄)တပ်မှူး ဗိုလ်မှူးသိန်းဟန်နဲ့၊ တဲတစ်တဲထဲ အတူတူအိပ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့၊ ခွန်ဆာ ကြီး လက်နက်ချနေတဲ့ အချိန်မှာ၊ ခွန်ဆာရဲ့ တပ်မဟာ (၈)က၊ လက်နက်ချဖို့ စီစဉ်နေတုန်းမှာ၊ မြန်မာ့တပ်မ တော်ဘက်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ကြူးရဲ့ တပ်က၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရွာတွေကို မီးသွား ရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီးခင်ကြူးက နောက်ပိုင်းမှာ ကရင်ပြည်နယ်မှာ ဗျူဟာမှူးနဲ့ ကရင်ပြည် နယ်ရဲ့ ပဝတ (ပြည်နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ) ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းက ဗိုလ်မှူးကြီးခင်ကြူးက၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံတပ်ရင်းတစ်ရင်းရဲ့ တပ်ရင်းမှူးပါ။ ခွန်ဆာတပ်တွေ လက်နက်ချနေဆဲအချိန်မှာ၊ ဗိုလ်မှူးကြီးခင်ကြူးရဲ့ တပ်က၊ ရှမ်းရွာတွေကို မီးသွားရှို့တဲ့အခါ ကျတော့၊ လက်နက်ဆက်ချမဲ့သူတွေက၊ မြန်မာ့တပ်မတော်အပေါ် အယုံအကြည်မရှိတော့ပဲ၊ အားလုံး လက် နက် မချကြတော့ပါဘူး။ လက်နက်ချမဲ့ ရှမ်းတပ်ဖွဲ့ဝင် (၈၀၀)လောက်က၊ လက်နက်မချတော့ပဲနဲ့၊ လက်နက်ချ ပြီးသား ရွက်ဆစ်လည်း သူ့ရဲ့အပေါင်းအပါတစုနဲ့ ပြန်ထွက်သွားပြီး၊ အဲဒီလူ(၈၀၀)အဖွဲ့နဲ့ သွားပေါင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းအင်အားကောင်းလာပြီး၊ အခုလက်ရှိမှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို သူယူပြီး၊ ရှမ်းပြည်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ အနေအထားဖြစ်ပါတယ်။ စစချင်း သူ့မှာ အင်အား (၈၀၀)လောက်ပဲ ရှိ ခဲ့ရာက၊ နောက်ပိုင်းမှာ ထောင်နဲ့ချီပြီး ရှိလာခဲ့တယ်လို့၊ သိရပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီအဖွဲ့တွေအားလုံးဟာ အရင်က ဦးခွန်ဆာရဲ့ မောင်ထိုင်းတပ်မတော်(MTA) က၊ အဖွဲ့တွေချည့်ပဲပေါ့။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ မောင်ထိုင်းတပ်မတော် (MTA) ဆိုတာကလည်း၊ ခွန်ဆာရဲ့ SURA (Shan United Revolutionary Army) တပ်နဲ့ မိုးဟိန်းရဲ့ SUA (Shan United Army)တပ်တွေ ပေါင်းထား ပြီး၊ မောင်ထိုင်းတပ်မတော် (MTA) လို့၊ ခေါ်တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီကနေပြီးတော့မှ၊ ဦးရွက်ဆစ်က SSA (South) ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) လို့၊ ခံယူခဲ့တာလဲ ခင်ဗျ။ SSA ဆိုတာ၊ အစဉ်အလာ အင်မတန်ကြီးမားပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပထမဆုံးသော (ကွယ်လွန်သူ) သမ္မတကြီး စဝ်ရွှေသိုက်ရဲ့ ဇနီး၊ (ကွယ်လွန်သူ) မဟာဒေဝီ စတင်တည်ထောင် ခဲ့တဲ့ တပ်ပဲ။ ဒီ SSA နဲ့ ဗိုလ်မှူး ကြီးရွက်ဆစ်နဲ့ ဘယ်လိုသွားပြီး ပတ်သက်တာပါလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ လက်နက်ချထဲ့တဲ့ ရွက်ဆစ်က၊ လက်နက်ပြန်ကိုင်သွားပြီးတဲ့ နောက်ပိုင်း၊ ရှမ်း တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး SSA (South) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)လို့၊ သူရပ်တည်နေတယ် ဆိုတာပဲ၊ ကျနော်တို့ သိရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဦးရွက်ဆစ်က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)လို့၊ အမည်ခံယူသွားတော့၊ မူလ SSA က ဘယ်လိုအနေအထား ရှိပါသလဲ။ ဦးရွက်ဆစ်က ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ဆိုပြီး လုပ်လိုက် လို့၊ မူလ SSA က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဆိုပြီး ဖြစ်သွားတာလား။

ဦးအောင်လင်းထွဋ် ။ ။ မူလ SSA က၊ သူတို့ကိုယ်သူတို့ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) လို့၊ မသတ် မှတ်ပါဘူး။ အဲဒီအချိန်တုန်းက စစ်အစိုးရကလည်း၊ သူတို့ကို SSA (ရှမ်းပြည်တပ်မတော်)လို့ပဲ၊ သတ်မှတ်ပါ တယ်။ မြောက်ပိုင်းတို့ တောင်ပိုင်းတို့ ဖြစ်နေတာက၊ သူတို့ ရှမ်းလက်နက်ကိုင်တပ်တွေထဲမှာပဲ၊ သတ်သတ် မှတ်မှတ်နဲ့ သူတို့ဟာသူတို့ ခွဲထားတဲ့ အနေအထားမျိုးပါ။ အဲဒီအချိန်တုန်းကတော့၊ စစ်အစိုးရအနေနဲ့က ဗိုလ် ချုပ်ဆေးထင် ဦးဆောင်တဲ့ တပ်ကိုပဲ၊ SSA (ရှမ်းပြည်တပ်မတော်)လို့၊ အသိအမှတ်ပြုထားတာပါ။ ရွက်ဆစ် တို့ အဖွဲ့ကိုတော့၊ ခွန်ဆာကြီးအောက်က ခွဲထွက်လာတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတဲ့ အဖွဲ့အဖြစ်၊ ခွဲခြား ပြီး ဆက်ဆံခဲ့ပါတယ်။ ‘ဝ’ဆို့၊ ကိုးကန့်တို့၊ ဗိုလ်ချုပ်ဆေးထင်ရဲ့ SSA(ရှမ်းပြည်တပ်မတော်)တို့လို၊ သူတို့ကို လည်း ငြိမ်းချမ်းရေးအဖွဲ့အဖြစ် လက်ခံဖို့၊ ရွက်ဆစ်တို့က အကြိမ်ကြိမ် တောင်းခံခဲ့ပေမဲ့၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူအရ၊ လမ်းစဉ်အရ၊ ရွက်ဆစ်တို့အဖွဲ့နဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူး ဆိုတဲ့၊ မှတ်ချက်နဲ့၊ မြန်မာ့တပ်မတော်က မဆွေးနွေးပဲ နေခဲ့တာပါ။

ဦးရော်နီညိမ်း ။ ။ နောက်ပိုင်းမှာ (ယခု ပြန်လည်လွတ်မြောက်လာသည့်) ဗိုလ်ချုပ်ဆေးထင်ကို ထောင် ဒဏ် (၁၀၆)နှစ် ချမှတ်ထားလို့၊ ထောင်ကျနေတဲ့အချိန်မှာ၊ SSA North (ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း) ကို၊ ဗိုလ်ချုပ်ပန်ဖတို့ ဦးဆောင်နေတဲ့အချိန်မှာ၊ ဦးရွက်ဆစ် ဦးဆောင်တဲ့ SSA (South) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)နဲ့ ပေါင်းမယ်၊ SSA တခုတည်း ဖြစ်အောင်လုပ်ကြမယ် ဆိုတဲ့၊ အသံလည်း ထွက်လာပါတယ်။ အဲဒါကကော၊ တကယ်ပဲ ပေါင်းဖြစ်သွားပါပြီလား။ ပထဝီအနေအထားရဲ့ ပေါင်းနိုင်ကြပါ့မလား၊ နောက်တခုက ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ ခံယူချက်မူ ဝါဒတွေကလည်း၊ မတူဘူးလို့၊ ကျနော်တို့က တွေ့ထားပါတယ်။ ဗိုလ်ချုပ်ပန်ဖတို့ SSA North(ရှမ်းပြည်တပ်မတော် -မြောက်ပိုင်း)က၊ လက်ဝဲသဘောတရားအပေါ်မှာ အခြေစိုက်တယ်၊ ဦးရွက် ဆစ် ဦးဆောင်တဲ့ SSA (South) ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ကတော့၊ ကုန်ကူးတာသက်သက်နဲ့ ရပ် တည်နေတဲ့ အဖွဲ့။ အဲဒီလိုဆိုတော့၊ ဒီနှစ်ဖွဲ့ ပေါင်းလို့ ရပါ့မလား၊ ပေါင်းဖို့ လက်တွေ့မှာ ဖြစ်နိုင်ပါ့မလား။ နောက်တခါ အခုကော၊ တကယ်ပေါင်း ဖြစ်နေကြသလား၊ ဗိုလ်မှူး ဘယ်လိုယူဆပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ ဒီနှစ်ဖွဲ့ ပေါင်းပြီးနေကြတယ်ဆိုတဲ့ အယူအဆကို၊ ကျနော် သဘောမတူပါဘူး။ ဟိုတုန်းထဲက၊ ဗိုလ်ချုပ်ဆေးထင်တို့အဖွဲ့၊ သေသွားပြီဖြစ်တဲ့ ကမ်းရွက်တို့အဖွဲ့၊ ရွက်ဆစ်တို့ အဖွဲ့တွေ၊ ရှိနေကြ တယ်။ တစ်ခုရှိတာက၊ ရှမ်းတိုင်းရင်းသား အချင်းချင်းတွေမို့၊ ဘာသာစကား ယဉ်ကျေးမှုလည်းတူ၊ တော်လှန် ရေး လုပ်ကြတာချင်းလည်း အတူတူမို့၊ သူတို့ချင်း အဆက်အဆံတွေ ရှိကြပါတယ်။ ဒါပေမဲ့ တဖွဲ့ရဲ့ကွပ်ကဲမှု အောက်ကို၊ နောက်တဖွဲ့က ဝင်ဖို့ဆိုတာကို၊ သူတို့ချင်း အင်မတန်မှစဉ်းစားကြပါတယ်။ ဒါကြောင့်မို့၊ ကမ်းရွက် တို့ ဗိုလ်ချုပ်ဆေးထင်တို့ ရွက်ဆစ်တို့ အဖွဲ့တွေ၊ သပ်သပ်စီ နေကြပါတယ်။ ခွန်ဆာလက်နက်မချခင်က၊ ကမ်း ရွက်တို့ရဲ့ SSNA ကို၊ မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဗိုလ်ချုပ်ဆေးထင်တို့ SSAအောက်မှာ ဝင် ပေါင်းလိုက်ပါလို့၊ မြန်မာ့တပ်မတော်က တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါကို ကမ်းရွက်တို့က လက်မခံခဲ့ပါဘူး။ သူတို့ ဟာသူတို့ပဲ၊ သီးခြားနေပါရစေလို့၊ ပြောခဲ့ပါတယ်။ အခုအခါမှာလည်း ဗိုလ်ချုပ်ပန်ဖတို့ SSA North(ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း)က၊ ရွက်ဆစ်တို့နဲ့ ပေါင်းပြီး၊ ကွပ်ကဲမှုတခုတည်းအောက်မှာ ရပ်တည်နေကြတာမျိုး မရှိပေမဲ့၊ နှစ်ဖွဲ့ညှိနှိုင်းပြီး လုပ်ကိုင်နေကြတာတော့ ရှိကောင်းရှိနိုင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဒီနှစ်ဖွဲ့၊ လက်တွေ့မှာ တကယ်ပေါင်းသလားဆိုတာကို၊ တိုက်ပွဲတွေနဲ့ ကြည့်တဲ့အခါမှာ၊ မကြာသေးခင်က ဗိုလ်ချုပ်ပန်ဖတို့ SSA North (ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း)တို့ရဲ့၊ တပ်မဟာ(၁) ဌာန ချုပ်ကို၊ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ - ကစထ (၂) ကနေ၊ အကြီးအ ကျယ် ထိုးစစ်ဆင်ခဲ့တယ်။ နှစ်ဖွဲ့ပေါင်းထားတယ်ဆိုတဲ့၊ ဦးရွက်ဆစ်တို့ရဲ့ SSA (South) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က၊ ဘာမှ သွားပြီးကူတာကို မတွေ့ရဘူး။ ပထဝီအနေအထားအရ၊ ကူလို့လည်း မလွယ်ဘူး။ အဲဒါတွေအပြင် ဘာထပ်ပြီးပေါ်လာသလဲဆိုတော့၊ ဦးသိန်းစိန်အစိုးရက မကြာသေးခင်က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်းလိုက်ပြီး၊ ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ကိစ္စမှာ၊ အခုပေါ်ထွက်လာတဲ့ သတင်းတွေ အရ၊ ဦးရွက်ဆစ်တို့ရဲ့ SSA (South) ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ကိုလည်း၊ ထိုင်းအစိုးရက တဆင့်၊ ချဉ်းကပ်တယ်ဆိုတဲ့ သတင်းရှိသလို၊ ဌာနေရှမ်းပြည်သူ့စစ်ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်းချမ်းရေးဆွေး နွေးကြရအောင်ဆိုပြီး ကမ်းလှမ်းတယ်ဆိုတဲ့ အသံတွေလည်း၊ ကြားရပါတယ်။ အဲဒီအနေအထားတွေကို၊ ဗိုလ် မှူးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ဦးသိန်းစိန်အစိုးရပိုင်း အနေနဲ့ သုံးသပ်ကြည့်ရင်တော့၊ အရင် ဗိုလ်ချုပ်ခင်ညွန့် ရှိစဉ်က၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ခဲ့သမျှ လုပ်ငန်းစဉ်တွေမှာ၊ ဦးသိန်းစိန်ဟာ၊ နီးနီးကပ်ကပ် နဲ့ အတွင်းကျကျပါဝင်ခဲ့ပြီးတော့၊ အကုန်လုံးကို နားလည်သဘောပေါက်တဲ့သူပါ။

ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ် စနေနေ့ မနက်ခင်း နဲ့ ညနေခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “ရှမ်းပြည်တပ်မတော် - တောင်ပိုင်း သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၃)“ ကို၊ ဆက်ပြီး ထုတ်လွှင့်သွား ပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG