သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင် နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၂)


တပ်မှူးတပ်သား ပြောစကား (၀၃၁)

စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ စစ်ခေါင်းဆောင်ဘဝနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က အတွေ့အကြုံတွေနဲ့ အခုတခေါက် သာမန်မြန်မာနိုင်ငံသားတဦးအနေနဲ့ စင်္ကာပူကိုရောက်ရှိခဲ့စဉ်က အတွေ့အကြုံတွေကို ဗီအိုအေကို ပြောပြထားပါ တယ်။ ဦးတင်ဦးရဲ့ စင်္ကာပူအတွေ့အကြုံ အပိုင်း(၂) ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။အန်ကယ် ဦးတင်ဦး ခင်ဗျာ၊ တပ်မတော် ခေါင်းဆောင်ဟောင်းတယောက်ဟာ ကိုယ်က အရင်တုန်းက တပ်မတော်ရဲ့တာဝန်ယူထားတုန်းက စစ်မစ်ရှင်တွေနဲ့ သွားတာတွေဟာ ကိုယ့်ရဲ့အစီအစဉ်နဲ့ မဟုတ်ဘူးပေါ့ နော်။ ဘောင်တွေ အကန့်အသတ်တွေနဲ့ ရှိတယ်။ အခု မိမိအစီစဉ်နဲ့ မိမိ လွတ်လွတ်လပ်လပ်သွားတဲ့အခါမှာ မြန်မာနိုင်ငံထဲက နေ ထွက်သွားပြီးတဲ့အခါမှာ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာတွေပေါ့နော်၊ အန်ကယ့်ကို လာပြီး ဂါရဝပြုကြ တဲ့သတင်းတွေ ကျနော်တို့ တွေ့ရတယ်။ ဂါရဝပြုတာက အခု သတင်းစာ တွေထဲမှာ တွေ့ရတာမျိုး မဟုတ်ဘူး။ သတင်းစာထဲမှာကတော့ မြန်မာ့ရိုးရာအစဉ်အလာအရ ဂါရဝပြုခံတယ်ဆိုပြီး သံရုံးတွေကို ရောက်တဲ့အခါမှာ၊ သံရုံးမိသားစုဝန်ထမ်းတွေက စိတ်ပါ လား မပါလားလည်း မသိဘူး၊ အားလုံး ထိုင်ကန်တော့ရတဲ့ဟာမျိုးတွေ ကျနော်တို့ တွေ့နေရတယ်။ အန်ကယ့်ပွဲက အဲဒီလိုမဟုတ်ဘူး။ အန်ကယ် အဲဒီ စင်္ကာပူကို ရောက်တဲ့ အချိန်က စပြီးတော့ မြန်မာနိုင်ငံသားတွေရဲ့ အန်ကယ့်အပေါ်ထားရှိတဲ့ မေတ္တာစေတနာနဲ့ ပတ်သတ်ပြီး အန်ကယ် ဘယ်လိုတွေ့ကြုံရလဲ၊ အန်ကယ် မျှော်လင့်ထားတာမျိုးလား၊ မျှော်လင့်ထား တာထက် မကတာ မျိုးလား၊ ဒါမှမဟုတ် ဘယ်လိုပါလဲ၊ ဘယ်လိုအနေအထားရှိပါ သလဲ၊ အဲဒါလေး အန်ကယ် ပြောပြပေးပါ ခင်ဗျာ။

ဦးတင်ဦး။ ။ အမှန်ကတော့ ကျနော် ဒီက သွားတယ်ဆိုတော့လည်း သိပ်ပြီးတော့ ဟိုဘက်မှာ အသိတွေ ဘာတွေလည်း မရှိဘူးပေါ့။ ဒီလောက်တောင် ကြိုကြဆိုကြ၊ တွေ့ဆုံ ကြမယ်လို့တော့ မတွက်ပါဘူး။ အသင့်အတင့်တော့ သူတို့ စီမံစီစဉ်ထားတဲ့အတိုင်း လာကြမယ် ပြုကြမယ် လုပ်ကိုင်ပေးမယ်၊ ဒီလို ထင်တာပါ။ သူတို့လည်းပဲ မြန်မာတွေ အချင်းချင်း လူကြီးတယောက် ရောက်လာတယ်ဆိုပြီး ဂါရဝပြုချင်တယ်ဆိုတော့ သွားတာပေါ့၊ သွားတဲ့အခါမှာ ကျနော် အင်မတန်သတိထားသွားပါတယ်။ သူတို့ကန်တော့တဲ့ လက်အုပ်ချီမှမဟုတ် ပါဘူး။ သူတို့ မေတ္တာစေတနာနဲ့ ကျနော့် ကို ချစ်ကြည်လေးစားစွာပေါ့လေ၊ ကြိုဆိုတဲ့အတွက်၊ ကြိုဆိုတဲ့နေရာကလည်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ရုပ်ပွါးတော်ရှေ့မှာ ရှိတဲ့ အဆောက်အအုံ ကြီးထဲမှာ ဝင်ရတယ်ဆိုတော့၊ ဂါရဝတရားနိဝါရတရားများ ထားပြီးတော့ ကျနော်ကလည်း လက်အုပ်ချီပြီး ဝင်သွားတာပါ။ လက်အုပ်ချီပြီး ဝင်သွားပြီးတော့မှ …….

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ပါ အန်ကယ်၊ ပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကိစ္စနဲ့ သွားတဲ့အခါမှာကို ပဲ၊ အန်ကယ့်ကို ဆေးရုံမှာရှိတုန်း၊ ဟိုတယ်မှာရှိတုန်း လာတွေ့ကြ၊ သတင်းမေးကြပေါ့ လေ၊ တချို့တွေဆိုလို့ရှိရင် နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်တယောက်ကို လာတွေ့ဖို့ဆိုရင် သူတို့အတွက် အင်မတန် ဝန်လေးတယ်၊ သူတို့မှာ အန္တရာယ်ရှိတယ် ဆိုတာမျိုး ခံစားနေရတဲ့ ကြားထဲကနေ လာကြတဲ့အပေါ်မှာ အန်ကယ် ဘယ်လိုမြင်ပါသလဲ လို့။

ဦးတင်ဦး။ ။ ကျနော်တို့ မျှော်မှန်းတာထက်ပိုပြီးတော့ သူတို့က မေတ္တာကြီးမားစွာ ကျနော်တို့ကို ကူညီစောင့်ရှောက်တဲ့အတွက်ကြောင့်လည်းပဲ အင်မတန်လည်း ကျနော်တို့က ကျေးဇူးတင်ပါတယ်။ အင်မတန်လည်း ဝမ်းမြောက်ပါတယ်။ ကြည်နူးမိတယ်။ စိတ်ထဲမှာလည်း ခံစားမိတယ်ပေါ့လေ။ ခံစားရတယ်ဆိုတာကလည်း ဒီလောက်တောင် မိဝေးဘဝေးနဲ့ သွားရောက်နေထိုင်ရပြီးတော့ အခုလို လူကြီးတယောက် လာတဲ့အခါမှာ၊ သူတို့ဟာ စေတနာမေတ္တာ ရိုသေလေးစားမှုနဲ့ ကြိုဆိုကြတယ့်အတွက်လည်း အတိုင်းအဆမရှိဝမ်းသာမိတာ ပေါ့၊ နောက်ပြီး စိတ်ထဲမှလည်း ကြည်နူးတာလည်း ရှိပါတယ်။ နောက်တခုက စိတ်ထဲမှာ ဝမ်းနည်းတာလည်း ဖြစ်တာပေါ့။ စိတ်ထဲမှာ ခံစားရတာလည်း ရှိတာပေါ့။ သွားတာ လာတာ တင်မကဘူး။ ကျနော်တို့ နေတဲ့နေရာတွေမှာက အစ လုပ်တတ်ကိုင်တတ်အောင် ဆိုပြီး သူတို့က လူတွေပါ တာဝန်ပေးချထားပြီး အလှည့်နဲ့လာပြီး စောင့်ရှောက်ကြတာတွေ များတော့ စိတ်ထဲမှာ အင်မတန်ပဲ ကျေးဇူးဥပကာရ တင်တာပေါ့ဗျာ။ ဝမ်းသာမိတာပေါ့၊ ကျနော့်ကိုယ်ကျနော်လည်းပဲ ခေါင်းဆောင်တယောက်ရယ်လို့လည်း မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လာရတာလည်းပဲ ရောဂါကုဖို့လာရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ရောဂါသည်တယောက်အနေနဲ့ပဲ ကျနော် နေလိုက်ပြီးတော့ကာ တတ်နိုင်သမျှ သူတို့ရဲ့ အားပေးမှု စောင့် ရှောက်မှု ပြုစုတာကိုပဲ အင်မတန် ဝမ်းသာဝမ်းနည်း ကြည်နူးမိပြီး စိတ်ထဲမှာ နှစ်ထောင်းအားရလည်း ဖြစ်တာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ကိုယ့်နိုင်ငံအပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာ အန်ကယ်က၊ ဪ သူတို့တွေဟာ၊ ပညာတွေလည်း ဒီလောက်တတ်ရဲ့သားနဲ့ ကိုယ့်တိုင်းပြည်ထဲမှာ အလုပ်လုပ်လို့ မရပဲနဲ့ တခြား မှာ ထွက်ပြီး အလုပ်လုပ်ရတဲ့အပေါ်မှာ အန်ကယ် ဘယ်လိုမြင်မိပါသလဲ။

ဦးတင်ဦး။ ။ ကျနော့်ကို ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ကြီးတွေကလည်းပဲ မြန်မာဆရာဝန်ကြီးတွေပဲ၊ သမားတော်ကြီးတွေပဲ၊ နောက်ပြီးတော့ သူနာပြုဆရာမတွေကလည်း တယောက်က ပုသိမ်က သူနာပြုသင်တန်းကျောင်း ဆင်းတဲ့၊ နောက်တယောက်က မြောင်းမြက ကျောင်းဆင်းတဲ့၊ သူတို့ ဟိုမှာသင်တန်းဆင်းပြီးတော့ ဒီဘက်ကို ပြောင်းလာတော့ အခြေခံကစပြီး သင်တန်းတက်ရတယ်ပေါ့လေ၊ အဲဒီတက်ပြီးတဲ့ အချိန်ကစလို့ သူတို့လည်း ခွဲစိတ်ဖို့အတွက် ပါလာတယ်တဲ့။ brain drain (မိမိနိုင်ငံမှာ ပညာတတ်များ တခြားနိုင်ငံ များသို့ ရောက်ကုန်သော ဥနှောက်ယိုစီးခြင်း) ဖြစ်တာပေါ့ဗျာ၊ ကိုယ့်နိုင်ငံမှာရှိနေတဲ့ ကိုယ့်ပြည်သူပြည်သားတွေနဲ့ပတ်သက်လို့ ကုသပေးနိုင်ဖို့၊ ပညာသင်တုန်းက ရန်ကုန်မှာပဲ သင်ကြ တာပဲလေ၊ နောက်ဆုံးကျတော့လည်းပဲ သူတို့တတ်တဲ့ ပညာတိုးတက်ပြီး နိုင်ငံခြားမှာသွားပြီး လုပ်ကိုင်ပေးတယ်ဆိုတော့ ကိုယ့်ပြည်သူပြည်သား ခံစားရဖို့ထက် အခြားပြည်သူပြည် သား ခံစားရဖို့အတွက် သွားလုပ်ရတဲ့ သဘောမျိုးဆိုတော့ brain drain ဖြစ်တာပေါ့၊ သူတို့လာပြီးတော့ လုပ်ကိုင်နေရတဲ့နေရာမှာလည်း တကယ်တမ်းကျတော့ မိဝေးဘဝေးနဲ့ အား လုံး နေကြရတော့၊ သူတို့ မိဘနဲ့ဝေးနေတာဖြစ်လို့ ပြန်ပြီး ကိုယ့်တိုင်းပြည်မှာ အခြေအနေ ကောင်းပြီးဆိုရင်လည်း သူတို့ မြန်မြန်ပြန်လာနိုင်အောင်ပေ့ါ၊ လုပ်ကိုင်ပေးချင်တဲ့စိတ်ဓါတ်တွေ စေတနာတွေ ပိုပြီး ပေါ်ပေါက်လာတာပေါ့လေ။ ဒါ့ကြောင့်မို့ ကျနော် အင်မတန်မှဝမ်းသာကြည်နူးတဲ့အပြင် ကျေးဇူးအထူးတင်တယ်၊ ဒါကြောင့် မို့ ကျေးဇူးဆပ်နိုင်ဖို့အတွက်ကိုတော့ ကျနော်တတ်နိုင်သမျှ ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ အသက်ပင်စွန့်ရစွန့်ရ ဗျာ၊ အဲဒီလောက်ထိ ကျနော် ကြိုးစားပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့အထိ ကျနော် သူတို့အပေါ်မှာ စေတနာ စိတ်နဲ့ ကြည်နူးမိပါ တယ်။ အမှန်အတိုင်း ပြောတာပါ။ ဒီကလေးတွေဟာ တကယ်ကိုပဲ၊ ကိုယ့်မိဘသဖွယ်သဘောထားပြီး သူတို့ရဲ့ဆွေမျိုးရင်းချာကြီးတယောက် ရောက်လာသကဲ့သို့ ပါပဲ။ ပြုစုကြ၊ နှုတ်ဆက်ကြ၊ ခေါ်ကြ၊ နောက်ပြီး သူတို့ ရှိသမျှလေးတွေ ကူကြ၊ လှူကြ၊ ထောက်ပံ့ကြ၊ အဲဒီလိုဆိုတော့ စိတ်ထဲမှာ ဝမ်းနည်းမိတာပေါ့ဗျာ၊ စိတ်ထဲမှာ ထိခိုက်မိတာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အန်ကယ်က ဘာပဲပြောပြော ကိုယ့်မြန်မာနိုင်ငံသားတွေနဲ့ ကိုယ့်ကျန်းမာရေး အတွက် သွားနေတုန်းမှာ တွေ့ရဆုံရတာဆိုတော့၊ ဟိုတုန်းက ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ခေါင်းဆောင် တယောက်အနေနဲ့ နိုင်ငံခြားသွားတာမျိုးမဟုတ်ပဲ၊ ကိုယ်ဟာ လွတ်လွတ်လပ်လပ် ပုဂ္ဂိုလ်တယောက်အနေနဲ့၊ တခါ တိုင်းပြည်ထဲမှာ ပြန်ကြည့်ရင်လည်း နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင် လူထုခေါင်းဆောင်အနေနဲ့ သွားတဲ့အခါမှာ အန်ကယ် ဒီလိုမျိုး လူထုမေတ္တာကို ရရှိတယ်လို့ ကျနော်တို့ ပြောရမှာပါ။

ဦးတင်ဦး။ ။ နောက်တခုက ဒီလိုဗျ၊ ကျနော် ဟိုတုန်းက သွားတယ်ဆိုတာကတော့၊ သဘောက လူကြီးလာတဲ့ အတွက် အောက်မှာရှိနေတဲ့ တာဝန်အသီးသီး ထမ်းဆောင် ေ ကြတဲ့ပုဂ္ဂိုလ်တွေက တာဝန်အရ တွေ့ရတယ် ပြုရတယ် နှုတ်ဆက်ရတယ် ဆိုတဲ့ သဘောသက်သက်ပဲ။ အဲဒီတော့ တာဝန်အရ နှုတ်ဆက်တာပဲ ရှိတယ်လေ၊ အခုဟာက ဒီလို မဟုတ် ဘူး။ တာဝန်အရမဟုတ်ဘူး။ သူတို့က အသိစိတ်ဓါတ်နဲ့လာတာ၊ ဘယ်သူမှ ခိုင်းလို့မဟုတ်ဘူး။ သူတို့ စိတ်ဓါတ်နဲ့သူတို့ တခါတည်းကို တယောက်ကို တယောက် လက်ကုတ်ပြီးတော့ ဒို့ ဒီလိုလုပ်ကြဖို့ရှိတယ် ဆိုတာမျိုး။ စာတွေပေတွေနဲ့ ထုတ်ပြန်ပြီး လုပ်တာလည်းမဟုတ်ဘူး။ တယောက်ကိုတယောက် ဟိုတယ်လီဖုန်းဆက် ဒီတယ်လီဖုန်းဆက်ပြီး ဒို့လုပ်ကြမယ် ဟေ့ ဆိုပြီး စုဝေးပြီးတော့ ရောက်လာကြတာ။ သူတို့ စိတ်ဓါတ်နဲ့စေတနာနဲ့ လာတာပဲ။ အဲဒီတော့ အခုဟာက သူတို့ စိတ်ဓါတ်စေတနာ အရင်းခံပြီးလာတာနဲ့ ဟိုတုန်းက တာဝန်အရ တပ်မတော်ခေါင်းဆောင် တယောက်ကို လက်အောက်ခံပုဂ္ဂိုလ်တွေ တာဝန်အရလာတွေ့ကြတာနဲ့ ယှဉ်လိုက်ရင် အခုလာပြီးလုပ်တဲ့ဟာက ဘယ်လောက်ပဲ သေးသေးမွှားမွှား ဖြစ်ပါစေ၊ ဟိုတုန်းက လာကြတာထက် အများကြီးတန်ဘိုးရှိတယ်၊ ဂုဏ်ယူစရာကောင်းတယ်၊ အဲဒီ လိုတော့ ခံစားမှုဖြစ်မိပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့၊ လူထုမေတ္တာကို အန်ကယ် ရတယ်၊ နောက် သူတို့ကလည်း ပြတာက နိုင်ငံရေးအရ သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသတာပဲ။ တိုင်းပြည်ထဲမှာ လူထုခေါင်းဆောင်ဖြစ်နေတဲ့ ပါတီတခုရဲ့ ခေါင်းဆောင်လာတာကို သူတို့ လာပြီးတော့ တွေ့ဆုံနှုတ်ဆက်ဂါရဝပြုတဲ့အခါမှာ အန်ကယ်ကလည်း သူတို့ကို ဘာပြောခဲ့ လဲ၊ ဆုံးမခဲ့သလဲ ဆိုတော့ “တိုင်းပြည်ကို မမေ့နဲ့၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို မျက်ခြည်မပြတ်စေနဲ့” ဆိုပြီး အန်ကယ် ဆုံးမခဲ့တယ်။ အဲဒါ တန်ဘိုးအရှိဆုံးပါပဲ။ အားလုံးသိကြရအောင် အဲဒါကို အန်ကယ် ပြန်ပြီး ပြောပြပေးပါဦး။

ဦးတင်ဦး။ ။ ဟုတ်တယ်၊ ဒီလိုဗျ၊ ကျနော်ပြောတဲ့အထဲမှာကတော့ သူတို့ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားကိုထွက်လာရတဲ့ဟာက ဒီမှာ ဒုက္ခသုက္ခ ကြီးမားတာတော့ မှန်တယ် ပေါ့၊ အကြောင်းအမျိုးမျိုး ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့၊ ကိုယ့်တိုင်းပြည်မှာ ဒီနေ့ လိုအပ်နေတာက ဘာလဲဆိုတာ သိဘို့လိုတယ်။ အဲဒီတော့ အခုလာရတဲ့ အကြောင်းရင်းပေါ်မှာ အခြေခံပြီးတော့ အကုန်လုံး ညီညီညွတ်ညွတ် နေနိုင်ကြဖို့၊ စည်းစည်းလုံးလုံး ရှိပြီး နေနိုင်ကြဖို့ ဆိုတာကိုပဲ ကျနော်က အသားပေးပြီးပြောတယ်။ ကိုယ့်တိုင်းပြည်အခြေအနေကို အမြဲတမ်း လေ့လာ အကဲခတ်နေပြီးရင် ကိုယ့်တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းပေါ့လေ၊ ကိုယ့်က ဒီမှာ အဆင်ပြေပြီးကြီးပွါးနေတယ်ဆိုရင် ကိုယ်နဲပတ်သက်လို့ ပြည့်စုံရင် အခြားအခြားသော လူ တွေကို ပြည့်စုံအောင်လုပ်ဖို့ တာဝန်ရှိတယ်။ ထို့အတူပဲ၊ နိုင်ငံနဲ့ချီပြီး ဖြစ်လာရင် ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အ၀၀ အကျိုးရှိရာရှိကြောင်းကို မျက်ခြည်မပြတ် လုပ်ကိုင်နေဖို့ တာ ဝန်လည်းရှိတယ်၊ ဆိုတဲ့ အကြောင်းကို ကျနော် အလေးအနက်ပြောခဲ့တယ်။ တခြားဟာတွေ ပြောတယ်ဆိုရင် တခုခုဖြစ်ခဲ့ရင် ကျနော်တို့က ကယ်နိုင်တာလည်း မဟုတ်တော့၊ ကျနော် က ထိန်းထိန်းသိမ်းသိမ်းနဲ့ တတ်နိုင်သမျှ သူတို့ကို နားလည်လွယ်အောင် သူတို့ စိတ်ထဲခေါင်းထဲဝင်သွားနိုင်အောင် ကျနော်က စကားလုံးကို တတ်နိုင်သမျှ ဆက်စပ်မိအောင် ဒီလိုပဲ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့လည်းပဲ ငြိမ်းချမ်းရေးရတာနဲ့ တပြိုင်တည်း၊ ပြေပြေလည်လည် ဖြစ်လာရင်လည်းပဲ ကိုယ့်တိုင်းပြည်ထဲ လုပ်စရာရှိတာ အစွမ်းကုန် ဝိုင်းလုပ်ကြရင် တော့ တနည်းတလမ်း တိုးတက်လာနိုင်မှာပါ။ အဲဒါ ဝိုင်းပြီးတော့ ကြုံးလုပ်ကြဖို့ အတွက် ကြိုးစားဖို့ လိုတာပါပဲလေ။ ဒါပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်၊ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ အန်ကယ်၊ မီးပြန်လာပြီလား။

ဦးတင်ဦး။ ။ ခင်ဗျာ၊..မလာသေးဘူး၊ မလာသေးဘူး၊ မီးက အခု ဒီမှာ ပျက်တယ်ဆိုတာ အရင်လို မဟုတ်ဘူးဗျ၊ အရင်တုန်းကဆို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် အတွင်းပြန်လာ တယ်။ အခုလို အချိန်ပျက်ရင် ကျနော်ထင်တယ်၊ ည (၁၁) နာရီလောက်မှ လာတော့မယ်။

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲနီးတော့ မဲဆွယ်တဲ့အနေနဲ့ လျှပ်စစ်မီးတွေ အပြည့် ပေးနေတယ်ကြားလို့ပါ။ အဲဒီလို မဟုတ်ဘူးလား ခင်ဗျ။

ဦးတင်ဦး။ ။ မဟုတ်ဘူးဗျ၊ အမှန်ကတော့ ဒီလိုအခါမျိုးမှာ ပိုပြီးတော့ တိုင်းပြည်နဲ့ပတ်သက်ပြီး လုပ်လို့ကိုင်လို့ ကောင်းအောင် အကုန်လုံးပြည့်စုံအောင် လုပ်ဖို့တော့ ကောင်း တာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စင်္ကာပူမှာ အောင်မြင်စွာ မျက်စေ့ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးတော့ အောက်တိုဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့ကို ပြန်ပြီး ရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုက ရေ စီအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက စစ်မှုထမ်းဘဝမှာ စစ်ရေးတာဝန်တွေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က အတွေ့အကြုံနဲ့ အခုတခေါက် အတွေ့အကြုံတွေကို နှိုင်းယှဉ်ပြီးတော့ ပြောကြားသွားတာတွေကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ၊ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG