သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်မှာအပိတ်ခံရကျောင်းတွေ ပြန်ဖွင့်သူသံဃာများသတိပေးခံရ


ရွှေဝါရောင် သံဃာလှုပ်ရှားမှုကာလမှာ အာဏာပိုင်တွေက စီးနင်းသိမ်းယူ ချိတ်ပိတ်ခဲ့တဲ့ ရန်ကုန်တိုင်း အတွင်းက ကျောင်းတိုက်တွေကို၊ နိုင်ငံရေးအရ အကျဉ်းကျပြီး မကြာခင်က ပြန်လွတ်လာတဲ့ သံဃာတော် အချို့က သော့တွေ ရိုက်ချိုးပြီး ကျောင်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ပိတ်ခံရတဲ့ အချို့ကျောင်းတွေမှာ သက်ဆိုင်ရာ သံဃာတော် တွေ ပြန်လည်သီတင်းသုံးနေပြီး အချို့ကျောင်းတွေမှာကျောင်းဖွင့်ခဲ့ပေမဲ့ သံဃာတော်တွေ သီတင်းသုံးခွင့်မရသေးပါဘူး။ ဒီလို ပိတ်ထားတဲ့ကျောင်းတွေကို ပြန်ဖွင့်တာဟာ ဝိနည်းနဲ့ မညီညွတ်ဘူးဆိုပြီး နိုင်ငံတော်သံဃာ့မဟာနယက (မဟန) က အဲဒီ ကျောင်းတွေကို ဖွင့်ပေးခဲ့တဲ့ သံဃာ တော်တွေကို သြဝါဒပေးဖို့ ဆင့်ခေါ်ထား ပါတယ်။ မအေးအေးမာက သတင်းပို့ထားပါတယ်။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဟာ နိုင်ငံရေးကြောင့်အကျဉ်းကျပြီးပြန်လွတ်လာတဲ့ ဦးဂမ္ဘီရ အပါအဝင် သံဃာတော်ငါးပါးကို အရေးယူဖို့အတွက် စာနဲ့ ဆင့်ခေါ်ခဲ့ကြောင်းမဂ္ဂင်ကျောင်းတိုက်က ဆရာတော် ဦး ကအခုလို မိန့်ပါတယ်။

“ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော ရဟန်းများကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၅-၁-၂၀၁၂ နေ့တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် ပထမ အထူးအစည်းအဝေးက ဖော်ပြပါအတိုင်း ဆုံးဖြတ်ပါသည်။ ဆုံးဖြတ်ချက် - ပြစ်မှုကျူးလွန်နေသော ဦးဂမ္ဘီရ၊ ဦးဤသရိယ၊ ဦးပဏ္ဍဝံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသီဟတို့အား - သို့ဖြစ်ပါ၍ အထက်အပိုဒ် (၁) ပါဆုံးဖြတ်ချက် အရ ပြစ်မှုကျူးလွန်နေသော ရဟန်းတော်များ သည် ၂၇-၁-၂၀၁၂ သောကြာနေ့ မွန်းလွဲ ၁၂း၃၀ နာရီအချိန် ကမ္ဘာအေးကုန်းမြေ ဥတ္တရကုရု ကျောင်းဆောင် အစည်းအဝေးခန်းမသို့ ကြွရောက်သတင်းပို့ရန် အကြောင်း ကြားပါသည်တဲ့။”

ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေဟာ ၂၀၀၇ခုနှစ် ရွေဝါရောင်လှုပ်ရှားမှုဖြစ်တဲ့အချိန်မှာ အဲဒီ ကျောင်းဝင်းတွေထဲကို စစ်တပ်နဲ့ ပြည်ခိုင်ဖြိုး စွမ်းအာရှင်တွေ ဝင်ပြီး ဘုန်းကြီးတွေကို သင်္ကန်းတွေ ဆွဲချွတ် ရိုက်နှက်ပြီး ကျောင်းတိုက်တွေက ပစ္စည်းတွေဖျက်ဆီးခံခဲ့ရတာပါ။ အခုသံဃာတော်တွေ ပြန်လွတ်မြောက် လာချိန်မှာ သူတ့ိုနေထိုင်စရာနေရာအခက်အခဲကြောင့် သူတို့ရဲ့ကျောင်းကို ပြန်ပြီးဝင်ခဲ့ရတယ်လို့ဆိုပါတယ်

“သူတို့ ချိတ်ပိတ်ထားတာတို့ကို စာတွေဘာတွေတင်တာနဲ့ ကြာနေတာပေါ့။ ကြာနေတော့ ကိုယ်တော်တွေမှာ သတင်းသုံးစရာနေရာ မရှိဘူးလေ။ ဒီပြင်ကျောင်းတွေက လည်း အကျဉ်းထောင်ကပြန်လာတဲ့ ကိုယ်တော် တွေ ဖြစ်နေတော့ လက်မခံရဲကြဘူးပေါ့နော် ကိုယ်တော်တွေက ညအချိန်ရောက်တဲ့အခါကျတော့ ကျိန်းစရာ မရှိတော့ အဲဒိလိုဘဲ ဖွင့်ပြီးဝင်ရတာပေါ့။”

သံဃာတော်တွေ ချိတ်ပိတ်ထားတဲ့ကျောင်းကို ဖျက်ဝင်တာဟာ သံဃ့ာဝိနည်းနဲ့ ညီခြင်းရှိမရှိကိုတော့ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ဆရာတော် ဦးဇဝနက အခုလိုမိန့်ပါတယ်။

“ချိတ်ပိတ်ပြိးကျောင်းကိုဝင်တဲ့ကိစ္စက ကျောင်းပြသနာတက်လို့ ဝိနည်းအရ ပိတ်ထားတဲ့ကျောင်းကို ဝင်တယ် ဆိုရင်တော့ ဖျက်ဝင်တဲ့သံဃာတွေမှာ အပြစ်ရှိတာပေါ့။ ဒါမှမဟုတ်ဘဲ ကျောင်းကိုဓါးမြတိုက်သလို သိမ်းထား တဲ့ အချိန်တုန်းကလည်း ဝိနည်းကြောင်းအရ မဟုတ်ဘဲနဲ့ သူတို့သိမ်းချင်းသလို သိမ်းထားပြီးတော့ သံဃာ တွေက ကိုယ်ပစ္စည်းကိုယ်ဝင်ယူတာ ဝိနည်းအရ အပြစ်မရှိပါဘူး။ ဒါက သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေ လည်းသိပါတယ်။ ဒီကိစ္စက သူတိုသိမ်းစဉ်အခါက သူတို့ ဘယ်လို ဝိနည်းကြောင်းနဲ့မှ သိမ်းခဲ့တာမဟုတ်ဘူး။ နိုင်ငံရေးအရ လုံးဝမကျေနပ်လို့ နိုင်ငံရေးအရ ဘုန်းကြီးတွေကျောင်းတွေကို ကလဲ့စားချေတဲ့အနေနဲ့ ဒဏ် ခတ်တဲ့အနေနဲ့ အဲဒီလို လုပ်တာကျတော့ ဝိနည်းကြောင်းအရ လုပ်တာမဟုတ်ဘူး။ အဲဒီအချိန်တုန်းကတော့ သံဃာအဖွဲ့အစည်းတွေက အစိုးရလုပ်တာကို တရားသလို မှန်ကန်သလို ငြိမ်နေပြိးတော့ အခုလို အချိန်မှာ လည်း ဆက်ပြိးတော့ ငြိမ်နေမယ်ဆိုလို့ ရှိရင် အစိုးရလုပ်ချင်သလိုလုပ် ကိုယ့်ဝိနည်းကိုတောင်မှ သံဃာတွေ က ကာကွယ်တဲ့ အနေအထားမရှိတဲ့ အဖြစ်ကိုရောက်သွားမယ်။”

အခု မဟန ကဆင့်ခေါ်တာကတော့ မြို့နယ်အုပ်ချုပ်ရေးမူတွေကနေ တိုင်ကြားတာကြောင့်လို့ သံဃာတွေက ဆိုပါတယ်။ အခုအခါမှာတော့ မြန်မာအာဏာပိုင်တွေက သံဃာ့ကိစ္စတွေကို ကိုင်တွယ်ရာမှာ နိုင်ငံတော် သံဃာ့မဟာနာယကကို အသုံးပြုပြီး ကိုင်တွယ်လာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရွေညဝါဆရာတော်ကို တရားဟောတဲ့အတွက် ကျောင်းတိုက်ကနေ ဖယ်ရှားပေးဖို့ ဖိအားပေးခဲ့သလို ပြီးးခဲတဲ့ရက်ပိုင်းကပဲ တရားဟောတဲ့ ဒယ်အိုးဆရာတောဦးသုမင်္ဂလကိုလည်း ပြည်ခိုင်ဖြိုးနဲ့ စွမ်းအားရှင်တို့က နှောက်ယှက်ခဲ့တာပါ။ အခုအခါမှာတော့ မိမိကျောင်းတိုက်ကို ဝင်တာကို ဝိနည်းအရ မညိ ဘူးဆိုပြီး အရေးယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။


XS
SM
MD
LG