သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် နှင့် ပါတီစုံရွေးကောက်ပွဲများ အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၃၂)

၂၀၁၀ နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲ နီးလာချိန်မှာ၊ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကနေ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအထိ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ရွေးကောက်ပွဲတွေမှာ၊ တပ်မတော်ရဲ့ ပါဝင်ပတ်သက်ခဲ့ပုံတွေကို ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ “တပ်မတော် နှင့် ပါတီစုံရွေးကောက်ပွဲ များ အပိုင်း(၁)” ခေါင်းစဉ်နဲ့ တင်ပြထားပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၊ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်တို့နဲ့ ဗီအိုအေနဲ့ ဆွေးနွေး ထားချက်တွေကို ဦးရော်နီညိမ်း က စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗြိတိသျှလက်အောက် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ကြိုးပမ်း ရုန်းကန်မှုတွေနဲ့ ပေါက်ဖွါးလာခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဗြိတိသျှနယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွေမှာလည်း ထိပ်တန်းကနေ ပါဝင်ခဲ့တာကြောင့် မြန်မာ့လွတ် လပ်ရေးသမိုင်းမှာ တပ်မတော်ဟာ ကြီးမားတဲ့အခန်းကဏ္ဍမှာ မော်ကွန်းတင်ထားခြင်း ခံခဲ့ရပါတယ်။ ဒီ့ အတွက်ကြောင့်ပဲ မြန်မာ့တပ်မတော်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ချုပ် ကြီးနေဝင်းက တပ်မတော်ဟာ ဒေါင်ဒေါင်မြည် မျိုးချစ်နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒီ့ အတွက်ကြောင့်ပဲ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီမိုကရေစီနိုင်ငံတွေက တပ်မတော်တွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း ပြည့်အစေခံ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ပြီး နိုင်ငံရေးနဲ့ ကင်းကင်းရှင်း ရှင်းနေဖို့ မြန်မာ့တပ်မတော်က လိုလားခြင်း မရှိခဲ့ပါဘူး။ တော်လှန်ရေးကာလတွေတုန်းကလိုပဲ တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးအင်အားစုကြီး တခုအဖြစ်နဲ့ အမြဲပါဝင်ခွင့်ရှိ တယ်လို့ တပ်မတော်ခေါင်းဆောင် အဆက်ဆက်ထဲက အများစုက ခံယူ မှတ်ယူခဲ့ကြတာပါ။ ဒါကြောင့်လည်း မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ တပ်မတော်ကို “စိတ်နဲ့တောင် မပြစ်မှားရဘူး”လို့ ပြည်သူလူထုကို သွန်သင်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မျိုးလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါတွေကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရွေးကောက် ပွဲတွေမှာ၊ တပ်မတော်ရဲ့လုပ်ဆောင်ခဲ့ပုံတွေကို အခုလို ၂၀၁၀ နိုဝင်ဘာ(၇)ရက် မြန်မာနိုင်ငံက (၆)ကြိမ်မြောက် ပါတီစုံရွေးကောက်ပွဲ နီးလာချိန်မှာ လေ့လာဆန်းစစ်ကြည့်စရာ ဖြစ်လာ ခဲ့ပါတယ်။ ၁၉၄၇ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကနေ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအထိ ဖြတ်သန်းကျော်ဖြတ်လာခဲ့ကြတဲ့ လွတ်လပ်ရေးမော်ကွန်းဝင် အငြိမ်း စားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့တပ်မတော်ရဲ့ တပ်မှူးငယ်တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မွေး ဖွါးလာခဲ့သူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် တို့ နဲ့ မြန်မာနိုင်ငံက ပါတီစုံရွေးကောက်ပွဲ (၅)ခုမှာ မြန်မာ့တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုတွေကို “တပ်မတော် နှင့် ပါတီစုံရွေးကောက် ပွဲများ” ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြလိုက်ပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ ၁၉၄၇ခုနှစ် ဧပြီလ(၉)ရက်နေ့မှာ ကျနော်တို့ မြန်မာနိုင်ငံမှာပြုလုပ်ခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲပေါ့ နော်၊ အဲဒီလို တိုင်းပြုပြည်ပြုလွှတ်တော်လို့ ခေါ်ရတာလည်းတဲ့၊ အနာဂတ်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့သာ ဖြစ်ပြီးတော့၊ အဲဒီရွေးကောက်ပွဲပြီးသွားရင် (၁၈)လအကြာမှာ ပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲ လုပ်ရမယ်။ အဲဒီ ၁၉၄၇ ရွေးကောက်ပွဲ ပြီးသွားရင်၊ အဲဒါက ယာယီအမျိုးသားလွှတ်တော်ပဲ ဖြစ်လာမယ် ဆိုပြီးတော့၊ ဒါပေမယ့် တကယ်တမ်းမှာ (၁၈)လအတွင်း မလုပ်နိုင်ခဲ့ဘူး။ တိုင်း ပြည် မငြိမ်းချမ်းလို့ ဆိုပြီး (၁၈)လ ကနေ (၂၈)လ၊ (၂၈)လ ကနေ လပေါင်း(၄၀)၊ လပေါင်း(၄၀) ကနေ (၄၈)လ ဆိုပြီး သုံးကြိမ်တိုင်တိုင် ပြင်ဆင်သတ်မှတ်ပြီးတော့မှ ၁၉၅၁ ခုနှစ် ဇွန်လ (၁၂)ရက်ကနေ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့၊ ကြားထဲမှာ သုံးခါခွဲပြီးတော့မှ အဲဒီရွေးကောက်ပွဲကို လုပ်လိုက်ရတယ်။ ၁၉၅၂ ခုနှစ်မှာ ပေါ့နော်။ အဲဒီမှာ စပြီးတော့ တပ်မတော်နဲ့ ပတ်သက်ပြီး အပြောခံရ အဆိုခံရတဲ့ ကိစ္စတွေ ပေါ်လာတယ်။ အခု အန်ကယ်တို့ကို ကျနော်ပြောနေတာက “၁၉၉၀ ပြည့် နှစ် မေလ(၂၇)ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း” ဆိုပြီး ရေနံချောင်းမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ကပဲ၊ ဦးခင်ကျော်ဟန် ပြုစုထားတဲ့ စာအုပ်ကို ကိုးကား ပြီးတော့ ကျနော် ပြောနေတာပါ။ အဲဒီအခါကျတော့ သူက ၁၉၅၂ခုနှစ် ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ တပ်မတော်နဲ့ပတ်သက်ပြီးတော့ ပြဿနာတစ်ခုကို သူ့ရဲ့စာအုပ်ထဲမှာ သူ ထောက်ပြ ထားတယ်။ အဲဒါ ဘာလဲဆိုတော့၊ ၁၉၅၁ ခုနှစ် ရွေးကောက်ပွဲမှာ သာယာဝတီခရိုင် မိုးညိုမြို့နယ်မှာ၊ ဖဆပလ က ဒီ ဆိုရှယ်လစ်အမတ် အနိုင်ရဖို့အတွက် ဆိုရှယ်လစ်တပ် မှူး ဗိုလ်မှူးထွန်းတင် အုပ်ချုပ်တဲ့ အမှတ်(၂၂) UMP တပ်က တပ်သားတွေက ဝင်ရောက် ခြိမ်းခြောက်နှောက်ယှက်ပြီးတော့မှ အဲဒီ ဖဆပလအမတ်က အနိုင်ရရှိသွားတယ်တဲ့။ မင်းလှ မြို့နယ်မှာလည်း အမှတ်(၂၂) UMP တပ်ကပဲပေါ့ နော်၊ ပြည်စောင့်ရဲကပဲ ဒီလိုမျိုး ဝင်ရောက်နှောက်ယှက်တယ်။ အဲဒီဟာကို ကျနော်တို့ စတွေ့ ရတာပေါ့နော်။ အဲဒီအချိန်မှာ အန်ကယ် ဦးတင်ဦးက ကျနော် ထင်တယ်။ တပ်ရင်းမှူး ဖြစ်နေပြီ ထင်ပါတယ် ခင်ဗျ။ (UMP = Union Military Police - ပြည်ထောင်စု စစ်ရဲ)

ဦးတင်ဦး။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ၁၉၅၂ ခုနှစ် မတိုင်ခင်မှာ War Office Council Order (စစ်ရုံးချုပ် စစ်ကောင်စီအမိန့်) ပေါ့ဗျာ၊ အဲဒါကို သေသေချာချာ ကြပ်ကြပ်မတ်မတ် ထုတ်ထားတာ ရှိတယ်။ အဲဒါက ဗိုလ်ချုပ်မောင်မောင်၊ အဲဒီတုန်းက ဗိုလ်မှူးကြီးမောင်မောင် ပေါ့၊ အခုတော့ ဆုံးသွားပြီ၊ သူ့လက်မှတ်နဲ့ ထုတ်တယ်။ အဓိပ္ပါယ်ကတော့ဗျာ၊ လွတ်လွတ် လပ်လပ် မဲပေးနိုင်တယ်။ လွတ်လွတ်လပ်လပ် ကိုယ်လိုလားတဲ့ ပုဂ္ဂိုလ်ကို ထောက်ခံနိုင်တယ်၊ စသည်ဖြင့် ဒါတွေကတော့ ရှိတယ်။ ဒါပေမယ့်လည်းဗျာ၊ ကျနော်တို့တွေလည်း ဘာ ပြောပြော အထက်ကအမိန့်နဲ့ လုပ်ကိုင်ပေးရတဲ့ ကိစ္စတွေကလည်း ရှိခဲ့တယ်။ ဘာလဲဆိုတော့ သံယောဇဉ်ရှိတဲ့လူကို သွားလုပ်ကိုင်ပေးတာပေါ့ဗျာ။ ဆိုရှယ်လစ်ချင်း ဆိုရှယ်လစ်ချင်း ဆိုတော့ကာ နီးစပ်တဲ့သဘောတွေ ရှိတော့ကာ၊ အဲဒီအခါမှာ တပ်က ခုနက ရှိခဲ့တဲ့ အစဉ်အလာကောင်းကြီးကို ဖျက်ပြီးတော့ ဝင်ပြီးတော့ နိုင်ငံရေးမှာ တစိပ်တပိုင်း ပါကြတာတွေ ရှိ ကတည်းက၊ စပြီး ပျက်တာပဲခင်ဗျ။ အဲဒီတုန်းကတော့ဖြင့် ဟုတ်သလိုလို မှန်သလိုလို ကောင်းသလိုလို နဲ့ပေါ့။ စပြီးတော့ ပျက်စပြုလာတာ။

ဦးရော်နီညိမ်း။ ။ အန်ကယ်ကိုယ်တိုင် ဖြတ်သန်းရတဲ့ ၁၉၅၂ ခုနှစ်ရွေးကောက်ပွဲမှာ အန်ကယ် ဘယ်လိုကြုံရသလဲဆိုတာ တစ်ခုနှစ်ခုလောက် အန်ကယ့်အတွေ့အကြုံ ပြောပြ ပေးပါလား။

ဦးတင်ဦး။ ။ ဟုတ်ကဲ့ ကျနော် တပ်ရင်းမှူးဘဝနဲ့ လုပ်နေတုန်း ပျဉ်းမနားမှာ ခင်ဗျ၊ ရွေးကောက်ပွဲအတွက် ခန့်ထားတဲ့ ပုဂ္ဂိုလ်တွေလာပြီး တပ်ရင်းမှူးနဲ့ ညှိနှိုင်းပြီးတဲ့နောက် ကျနော်တို့က အဲဒါနဲ့ ပတ်သက်ပြီးတော့ စုဝေးပေးရ တယ်။ အခန်းထဲမှာ မဲပုံးထားတာကို ကျနော်တို့ သွားပြီးတော့ မဲထည့်လိုက်ရတယ်ပေါ့ ဗျာ။ ဒါပါပဲ။ အဲဒီတုန်းကတော့ အမှန်အ တိုင်း ပြောရမယ်ဆိုရင်တော့ အခု ကျနော်တို့က ဖဆပလ က အားလုံးကိုပဲ တပ်မတော်သားတွေက တညီတညွတ်တည်း ဆန္ဒပြုပြီး ထည့်လိုက်တဲ့ဟာမျိုးက များပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အခု ကျနော်တို့ ၁၉၅၆ခုနှစ်ရွေးကောက်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး ဘာများ ထူးခြားတာ ပြောချင်ပါသလဲ ခင်ဗျာ။ အဲဒီမှာ …..

ဦးတင်ဦး။ ။ ဟုတ်ကဲ့ ၁၉၅၆ ခုနှစ်ကျတော့ ထူးခြားလာပြီ ခင်ဗျ။ ၅၆ခုနှစ် မတိုင်ခင်မှာလည်း ထူးထူးခြားခြား ဖြစ်ခဲ့တယ် ခင်ဗျ။ ကျနော်တို့ကတော့ ရှမ်းပြည်မှာနေရတာကိုး။ ကျနော်က မိုင်းဆတ်မှာ တပ်ရင်းမှူးဘဝနဲ့ တာဝန်ကျတယ်။ အဲဒီမှာ တရုတ်ဖြူကို တိုက်ပြီးတဲ့အချိန်ကျတော့ မဲရွေးကောက်ပွဲ လုပ်ပါတယ် ခင်ဗျ။ လုပ်ရတဲ့အချိန်မှာ အဲဒီတုန်းက ကျနော်တို့ရဲ့ တပ်မတော်ထဲမှာ ဘာတွေ ဝင်လာသလဲဆိုတော့ ရှမ်းပြည်မှာ ပဒေသရာဇ်ဆန့်ကျင်ရေးဆိုတဲ့ ဟာတွေက လှုပ်ရှားလာကြတာ ဖြစ်တယ်။ တပ်ထဲမှာလည်း တော်တော် များများ ပြောကြဆိုကြ လှုပ်ရှားကြ၊ ဆိုတာလေးတွေ ဖြစ်လာတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း ပဒေသရာဇ်ဆန့်ကျင်ရေး ဆိုတာကို အင်မတန်မှ တက်ကြွစွာနဲ့ စိတ်ဓါတ်ဖြစ်နေကြ ပါတယ်။ အဲဒီလို အချိန်အခါမျိုးမှာ မဲရွေးကောက်ပွဲ လုပ်ပါတယ်။ အဲဒီတော့ ဒီ ရှမ်းစော်ဘွားတွေက “စော်ဘွားကောင်စီ” ဆိုတာ ရှိတယ်။ နောက်ပြီးတော့ “ရှမ်းတောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွ့ဲ” ဆိုတာ ရှိတယ်။ အဲဒါ စော်ဘွားတွေ ချုပ်ကိုင်တဲ့ အဖွဲ့အစည်းပါ။ သူတို့ကလည်း သူတို့ ဟိုတုန်းက ပိုင်ခွင့်အရ ရွေးကောက်ပွဲမှာ သူတို့ အရွေးမခံရဘဲနဲ့ ဒီ နယ်ရှင်ကြီးတွေကတော့ သူတို့ရဲ့ divine rights (စော်ဘွားမျိုးရိုး အစဉ်ဆက်အရ ရွေးကောက်ပွဲမဝင်ပဲ အလိုအလျောက် အမတ်ဖြစ်ခွင့် ရှိသူများ) အရေအတွက်တွေ ရှိတယ်။ ဒါပေ မယ့် ကျန်တဲ့၂၅%ကတော့ ရွေးကောက်ရမယ် ဆိုပြီးတော့ ဖြစ်တယ်။ ပဒေသရာဇ် အဖွဲ့ကနေ ပေးလိုက်တဲ့ ဦးယီတစ် ဆိုတာက ကျိုင်းတုံက ကိုယ်စားလှယ်ပါ။ နောက်ပြီးတော့ အောက်ဖက်မှာ ပါလာတဲ့ သူနဲ့အတူတူ ယှဉ်ပြီးအရွေးခံမယ့် ကျိုင်းတုံကပုဂ္ဂိုလ်က စိုင်းလုံကြီးပါ။ အခြားနေရာတွေမှာလည်း အားလုံး ပါပဲ။ ကျနော်တို့ နားထောင်လိုက်တဲ့အခါမှာ ရှမ်း ပြည်တပြည်လုံးမှာလည်း အလားတူပဲ တပ်တွေတပ်တွေအနေနဲ့ ပဒေသရာဇ်ဆန့်ကျင်ရေးဆိုတဲ့ ကိစ္စ၊ သူတို့ကလည်းပဲ အာဏာစွန့်မယ် ပြုမယ် ဆိုတာတွေတော့ ကြားရတာပေါ့လေ။ ကျနော်တို့က တပ်ထဲမှာ အချင်းချင်း၊ ဒါအမိန့် တရပ်တော့ မဟုတ်ဘူးခင်ဗျ၊ အချင်းချင်း ဘယ်လိုဖြစ်လာသလဲဆိုတဲ့ အခါကျတော့၊ ပဒေသရာဇ်စနစ် ပပျောက်ရမယ်ဆိုတဲ့ သဘော အရ အဲဒီ ပဒေသရာဇ်တွေကို ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ မဲ မရဖို့ဆိုတဲ့ လှုပ်ရှားမှုလုပ်ငန်းတွေ ပေါ်လာတော၊့ ကျနော်တို့လည်း အဲဒါတွေနဲ့ ပတ်သက်ပြီး လုပ်ဖို့ကိုင်ဖို့ စိတ်ပါကြတယ် ခင်ဗျ။ ဦးစိုင်းလုံကြီးကို မဲပေးဖို့ရာအတွက် ကျနော်တို့က ပြည်သူလူထုကြားထဲမှာ ဝင်ရောက်ပြီးတော့ ပြောတာဟောတာ ဆိုတာ ပြုတာတွေ ဖြစ်လာတယ် ခင်ဗျ။ ဒါ ကျနော်တို့ ကိုယ် တိုင်လည်း ခွင့်ပြုတဲ့ သဘောမျိုးလိုပဲ၊ အထက်က အမိန့်အရတော့ မဟုတ်ဘူး။ အဲဒီ ရှမ်းပြည်တပြည်လုံးမှာ ဖြစ်နေတယ်ဆိုတဲ့ နိုင်ငံရေးရဲ့ ဒီ အဟောအပြောတွေပေါ့ ဗျာ၊ ပြည်သူတွေ ကို ပြောတာပြုတာဆိုတာတွေ ဒါတွေက ကျနော်တို့ တပ်ထဲမှာလည်း ပြောကြပြုကြ သိကြတဲ့အခါကျတော့ ရှင်းရှင်းပြောရလို့ရှိရင်တော့ဗျာ၊ ဦးယီတစ် ပြုတ်ပြီးတော့ ဦးစိုင်းလုံကြီး ရဖို့ ဆိုတာကို ဖြစ်သွားတဲ့အတွက်၊ ကျနော်တို့က ဦးစိုင်းလုံကြီး ရနိုင်အောင်ဆိုပြီးတော့ တတ်နိုင်သမျှ အဲဒီမှာ မသိနားမလည်တဲ့ အဲကောတို့ ရှမ်းတို့ ဘာတို့ညာ တို့၊ အဲဒီတုန်းကလည်း ကျနော်တို့က သြဇာညောင်းတာကိုး၊ တပ်ကလည်း တရုတ်ဖြူကိုတိုက်တာ နိုင်ပြီးကာစဆိုတော့ သြဇာညောင်းတယ်၊ ဘာလုပ်ရမလဲ ဆိုတဲ့အခါကျတော့ ကျနော်ကလည်း ဒါ ကျနော့် အောက်မှာရှိတဲ့အဆင့်ဆင့်ကို ဦးယီတစ်ကို မပေးနဲ့၊ ဦးစိုင်းလုံကြီးကို ပေးဖို့ ပြောလိုက်တဲ့အတွက်ကြောင့်မို့လို့၊ အဲဒီမှာ ဦးစိုင်းလုံကြီးကို အကုန်လုံး မဲထည့်လိုက်ကြတဲ့အတွက်၊ အမှန် မှာ ဦးယီတစ်က အခြားနေရာတွေမှာ နိုင်သော်လည်းပဲ၊ မိုင်းဆတ်မဲ တခုတည်းနဲ့ ဦးယီတစ် ရှုံးသွားပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၆၀ ရွေးကောက်ပွဲ အကြိုကာလ အာဏာရ ဖဆပလ ပါတီကြီးရဲ့ တည်မြဲအုပ်စုက ဆိုရှယ်လစ်ခေါင်းဆောင်တွေနဲ့နီးစပ်တဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ပုံ ကိုင်ပုံတွေဟာ ပိုပြီးဆိုးတယ်လို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၁)က ဆင်းခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့် ကဆိုပါတယ်။

ဦးခင်မောင်ညွန့်။ ။ စစ်ရုံးက ညွှန်ကြားချက်ထုတ်တာကတော့ ဒီရွေးကောက်ပွဲဟာ မိမိရဲ့ယုံကြည်ချက်အတိုင်း ပါတီအဖွဲ့အစည်းကို လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်။ ဒီထဲ မှာ တပ်မတော်က ဘာမှပါဖို့ မလိုဘူးမပြုဘူးဆိုပြီး အဲဒီလို ညွှန်ကြားချက်တော့ စာတွေပေတွေနဲ့ ထုတ်တာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲ နီးလာတဲ့အချိန်ကျတော့ ဖြစ်လာတာက ဘယ် လိုဖြစ်လာသလဲဆိုတော့၊ ဒါလည်း တည်မြဲတပ်မှူးကြီး တွေပေါ့၊ အထူးသဖြင့်တော့ အဲဒီတုန်းက တပ်မဟာတွေ တော်တော်များများမှာ ဦးစီးနေကြတာက တည်မြဲတပ်မှူးကြီးတွေ ကိုး၊ သူတို့က အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ တွေကို ညွှန်ကြားချက်ထုတ်တဲ့အခါမှာ အထူးသဖြင့် တပ်ရင်းမှူးကို လိပ်မူပြီးတော့ပေါ့ဗျာ၊ တပ်ရင်းမှူးကလည်း အဲဒါကို တပ်ရင်းမှာရှိတဲ့ officer conference ပေါ့နော်၊ တပ်ရင်းမှူးရဲ့ အစည်းအဝေးမှာ ဒီ message ကို ဖတ်တာပဲ။ ဒီ ၁၉၆၀ ရွေးကောက်ပွဲဟာ တို့အတွက် အင်မတန်မှကို အရေးကြီးတယ်။ အဲဒီတော့ လူမသတ်နဲ့ မီးမရှို့နဲ့ မုဒိန်း မကျင့်နဲ့၊ ကျန်တဲ့ဟာတွေ လုပ်နိုင်တယ်။ ရွေးကောက်ပွဲမှာ တည်မြဲဖဆပလ အနိုင်ရဖို့ကို။ ဒီစာကိုလည်း “တပ်ရင်းမှူးက ဖတ်ပြီးရင် အမြန်ဆုံး ဖျောက်ဖျက် ပစ်ပါ” ဆိုပြီးတော့ အဲဒီလို တခါတည်း command ပေးတာပေါ့ နော်၊ အဲလိုဟာမျိုး ညွှန်ကြားတယ် ဆိုတော့၊ ဒါကလည်း တော်တော့်ကို စိတ်ထဲမှာဗျာ၊ တော်တော်ကို ခံစားပြီးတော့၊ ဟာ..ဘယ်လိုပါလိမ့် တပ်မတော်က ဘယ့်နဲ့၊ ကြားနေရမယ်လို့လည်း ပြောတယ် ပြုတယ်။ ကိုယ်ကြိုက်နှစ်သက်တာကိုလည်း မဲပေးနိုင်တယ်လို့လည်း ပြောတယ်။ ဒီလို ပြောပြီး အခု ကျတော့မှ ဒီလိုဖြစ်ပါလား ဆိုပြီး၊ အဲဒါတွေမှာလည်း ကျနော်တို့ အများကြီးခံစားရပါ တယ်။

ဦးရော်နီညိမ်း။ ။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၊ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်တို့ ဗီအိုအေနဲ့ ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်။ နောက်သီတင်းပတ် နိုဝင်ဘာလ (၇) ရက် တနင်္ဂနွေနေ့ မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ "တပ်မတော် နှင့် ပါတီစုံရွေးကောက်ပွဲများ အပိုင်း(၂)" ကို ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ် ပါတယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

(UMP = Union Military Police – ပြည်ထောင်စု စစ်ရဲ)

XS
SM
MD
LG