သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၄)


တပ်မှူးတပ်သား ပြောစကား (၀၈၅)

မကြာခင်မှာ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတော့မယ်လို့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA ခေါ်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက၊ ပြည်ပအခြေစိုက်မြန်မာမီဒီယာတွေ ကို ပြောနေကြပါတယ်။ ခုရက်ပိုင်း မွန်ပြည်သစ်ပါတီ(NMSP)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ဟာ လည်း သက်ဆိုင်ရာပြည်နယ်အစိုးရတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တိုးတက်သောကရင် ဗုဒ္ဓဘာသာအဖွဲ့ (DKBA)နဲ့ အစိုးရတို့ကြားမှာ၊ အပစ်အခတ်ရပ်စဲလိုက်ပြီလို့လည်း သတင်းတွေ ထွက်လာခဲ့ပါ ပြီ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ကြားမှာ၊ ထာဝရငြိမ်းချမ်းရေးရရှိနိုင်မှုအလားအလာတွေ ကို၊ အရင်စစ်အစိုးရ အချိန်အခါက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖူးသူ၊ စစ်ထောက်လှမ်းရေးနဲ့ သံ တမန်အရာရှိဟောင်းဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက ဆက်သွယ်ဆွေးနွေးပြီး၊ ဒီသီတင်း ပတ် တပ်မှူးတပ်သားပြောစကားကဏ္ဍမှာ၊ စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ UNFCအဖွဲ့ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က၊ ပြန်ကြည့်ကြရအောင်။ နောက်တဘက်ကနေ ကြည့်ကြည့်တာပေါ့။ UNFCထဲက တိုင်းရင်းသားအဖွဲ့တွေက၊ အခုလိုတပ်ပေါင်းစုအနေ နဲ့ တစ်ခုရှိနေမှ၊ သူတို့မှာက အင်အားအနေနဲ့လည်း ပိုကောင်းမယ်၊ အစိုးရနဲ့ ဆက်ဆံရတာလည်း ပိုကောင်း မယ်၊ လူရိုသေရှင်ရိုသေ ရှိမယ်၊ တနည်းအားဖြင့် အချင်းချင်းကြားက ညီညွတ်မှုကိုလည်း တည်ဆောက်နိုင် မယ်၊ ဆိုတဲ့ ဒီရည်ရွယ်ချက်တွေအပေါ်မှာ သူတို့က ရပ်တည်နေတာဖြစ်တော့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က၊ ပြန်ကြည့်ရင် UNFC ဖွဲ့ရတာက၊ သူတို့မှာလည်း လုံလောက်တဲ့အကြောင်း ရှိနေပါတယ်။ UNFC အဖွဲ့အနေနဲ့ ရပ်တည်ပြီး အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ ကြိုးစားတဲ့ကိစ္စဟာ၊ အကျိုးမဖြစ်နိုင်ဘူးလို့ မြင် ကြည့်လို့ ရပေမယ့်၊ တကယ်တမ်းမှာ၊ သူတို့မှာ ဘုံလုပ်ငန်းစဉ် မရှိသေးတာကို ရှိအောင် လုပ်ပြီးရင်တော့၊ ဘုံ မူဝါဒဘုံလုပ်ငန်းစဉ် ရှိသွားပြီဆိုရင်၊ အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ပိုပြီးတော့ အဆင်ပြေလာမယ်လို့ ယူဆပါသလား။

ဦးအောင်လင်းထွဋ် ။ ။ ကျနော်ပြောချင်တာက၊ UNFC အနေနဲ့ အကျိုးမဖြစ်ဘူးလို့ ကျနော် မဆိုလိုဘူး၊ မပြောလိုပါဘူး။ သူတို့ချင်း တကယ်ညီညွတ်ကြဖို့ လိုတယ်လို့၊ ကျနော်ပြောချင်တာပါ။ ဘုံလုပ်ငန်းစဉ်တစ်ရပ် နဲ့ ညီညီညွတ်ညွတ်ရှိပြီးတော့မှ၊ နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းကြမယ် ဘယ်လိုတောင်းဆိုကြမယ်၊ ဆိုတာ မျိုး ဖြစ်စေချင်တာပါ။ နိုင်ငံရေးအရ ဘုံမူဝါဒ၊ ဘုံရပ်တည်ချက်ရှိရပါမယ်။ ဒါတွေမရှိပဲနဲ့ တစ်ဖွဲ့က တစ်မျိုး ပြော၊ နောက်တစ်ဖွဲ့က တစ်မျိုးလုပ်၊ အဲဒီလို မဖြစ်သင့်ပါဘူး။

ဦးရော်နီညိမ်း ။ ။ တဖွဲ့ချင်းကတော့ သူတို့မှာ၊ မူဝါဒတွေ ရပ်တည်ချက်တွေ ရှိနေကြတာကိုး။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်၊ ဘုံမူဝါဒချမှတ်ပြီးရင်၊ ဒါကို လိုက်နာကြဖို့လည်း လိုပါတယ်။ အခုပဲ ကြည့်ပါ။ တစ်ဖွဲ့ချင်းတော့ မဆွေးနွေးဘူး၊ အများနဲ့ပဲ UNFCအနေနဲ့ပဲ၊ ဆွေးနွေးမယ်လို့ ပြောနေကြပြီးတော့ မှ၊ ဒါပေမယ့် NMSP မွန်အဖွဲ့က၊ အစိုးရနဲ့ စပြီး ဆွေးနွေးတော့မယ်။ အရင်တုန်းကလည်း ဒီလိုပဲ၊ DAB (Democratic Alliance of Burma - မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့) နဲ့မှ၊ ဆွေးနွေးမယ် ဆိုပြီး တော့၊ ဖြစ်ခဲ့ကြဖူးတယ်။ ဦးဘရန်ဆိုင်းရဲ့ KIO က ဖေါက်ပြီးတော့မှ၊ စစ်အစိုးရ ကမ်းလှမ်းတာကို လက်ခံခဲ့ တယ်။ နောက် ဦးနိုင်ရွှေကျင်ရဲ့ NMSP လိုက်လာတယ်။ အန်ကယ်မြကြီး (KNU ခေါင်းဆောင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြ) တစ်ယောက်ပဲ ကျန်ခဲ့တယ်။ နောက်ဆုံး အန်ကယ်မြကြီးပါ လိုက်လာခဲ့တဲ့ အနေအ ထားမျိုးကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် UNFCအနေနဲ့မှ အစိုးရနဲ့ ဆွေးနွေးမယ် ဆိုတဲ့ မဖြစ်နိုင်တဲ့ကိစ္စကို ရှေ့ တန်းကို မတင်စေချင်ဘူး။ UNFC မရှိရဘူး မဟုတ်ဘူး၊ UNFC ရှိရမယ်၊ ဘုံမူဝါဒဘုံလမ်းစဉ် ရှိရမယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာတော့၊ ပထမဦးဆုံးတော့ ကိုယ့်တစ်ဖွဲ့ချင်း အစိုးရနဲ့ ဆွေးနွေးပြီးမှ၊ ကိုယ့်တစ်ဖွဲ့ချင်းနဲ့ အစိုးရနဲ့ ကြားမှာ၊ ငြိမ်းချမ်းရေးရပြီးတော့မှ၊ တိုင်းရင်းသားအဖွဲ့တွေ အားလုံးစုပြီးတော့မှ၊ တချိန်က အမျိုးသားညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ ပြောခွင့်မရခဲ့တာတွေကို တိုင်းရင်းသားအခွင့်အရေး တွေကို အများကြီး ပြောကြရမယ်။ အဲဒီအချိန်မှာ နိုင်ငံရေးအရ တောင်းဆိုမှုမျိုးတွေကို ဦးတည်စေချင်တယ်။

ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးတို့က တပ်မတော်ထောက်လှမ်းရေးအဖွဲ့ ရှိစဉ်က၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်း ရေးကိစ္စမှာ၊ ပါဝင်ထိတွေ့ခဲ့ဖူးတာ ဆိုတော့၊ ဘယ်လို သုံးသပ်လို့ ရပါသလဲ ခင်ဗျ။ အခု အစိုးရဘက်ကနေ ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သွားသွားပြီးတွေ့နေတာမှာ၊ ကချင်နဲ့ သွားတွေ့တာ အဆင်မပြေဘူး။ ‘ဝ’တို့ ကိုးကန့်တို့နဲ့ သွားတွေ့တာမှာတော့၊ ဒီနေရာမှာ ဗိုလ်မှူးပြော သလို negotiator တရုတ်က ပါဝင်နေလို့၊ အဆင်ပြေနေကြသလားတော့ မပြောတတ်ဘူး။ အခု အစိုးရဘက် က ငြိမ်းချမ်းရေးကိစ္စမှာ၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ဘက်ကို လှည့်လာတယ်၊ သူကလည်း သူကိုယ် တိုင် UNFCအဖွဲ့ဝင် မဟုတ်ပဲနဲ့၊ UNFC အနေနဲ့မှ အစိုးရနဲ့ ဆွေးနွေးမယ်လို့၊ ပြောလာတယ်။ ဒါက UNFC အဖွဲ့ဝင် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နဲ့၊ သူတို့နဲ့ ပေါင်းပြီးတဲ့ သဘောမျိုး ဆောင်နေတာလား။ ဒါတွေက မရှင်းလင်းဘူး။ ဗိုလ်မှူး ဘယ်လိုသုံးသပ်ပါ သလဲ ခင်ဗျ။ ဒီတခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက် က မဟုတ်ပဲ၊ အစိုးရဘက်ကနေ သုံးသပ်ပေးပါ။ ရိုးရိုးသားသားနဲ့၊ တကယ်ပဲ ငြိမ်းချမ်းရေး ရချင်ရင်၊ အစိုးရ ဘက်က ဘာလုပ်သင့်ပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ အစိုးရဘက်ကို သုံးသပ်ပြရရင်၊ ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့ဆိုတာ၊ လူ ရိုသေ ရှင်ရိုသေပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ လူတွေလို့လည်း သတ်မှတ်လို့ မရပါဘူး။ သူတို့ ထက် တော်တဲ့တတ်တဲ့သူတွေ၊ မြန်မာအစိုးရရဲ့ပတ်ဝန်းကျင်မှာ အများကြီး ရှိကြပါတယ်။ လူ့အခွင့်အရေး ကော်မရှင်မှာပါတဲ့ ပါမောက္ခဦးထွန်းအောင်ချိန်တို့ ဆိုရင်၊ တကယ့်လူတော်လူကောင်းတွေ သမာသမတ် ရှိတဲ့ လူကြီးလူကောင်းတွေပါ။ ကျနော်ပြောချင်တာက အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းတယ်ဆိုပြီး ကြေညာ နေရုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်တွေ့နေရုံနဲ့၊ မရပါဘူး ခင်ဗျ။ တချိန်တုန်း က ဗိုလ်ချုပ်မှူး ကြီးသန်းရွှေတောင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲတယ်၊ ဆိုတာကို ကြေညာခဲ့ ဖူးပါတယ်။ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တကယ်စစ်စစ်မှန်မှန် ငြိမ်းချမ်းရေး ရချင် တယ်ဆိုရင်၊ သူနာတယ် ကိုယ်နာတယ် မတွက်ပဲနဲ့၊ နံပါတ်(၁)အနေနဲ့၊ တစ်ပြည်လုံးအတိုင်းအတာ အပစ်အ ခတ် ရပ်စဲသင့်ပါတယ်။ အပစ်အခတ် ရပ်စဲပြီးမှသာ၊ ဒုတိယအဆင့် ငြိမ်းချမ်းရေးစကားပြောကြတာကို သွား ရပါမယ်။ ဒီလို စကားပြောတဲ့နေရာမှာလည်း၊ အစိုးရကိုယ်တိုင် ဝင်ပြောဖို့ မလိုသေးပါဘူး။ ဥပမာ - ကချင်နဲ့ ဆိုရင် ဘယ် negotiatorတွေက တဆင့် ဆွေးနွေးမယ်၊ ဆိုတာမျိုး အဖွဲ့လေးတွေ အရင်ဖွဲ့ရမယ်။ ကရင်ဆို ကရင်အလျောက်၊ မွန်ဆို မွန်အလျောက်၊ ရှမ်းဆို ရှမ်းအလျောက် စတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သီးခြား negotiator တွေ ပါဝင်တဲ့ အဖွဲ့တွေ ဖွဲ့ပြီးမှ deal (အပေးအယူ) လုပ်ရပါလိမ့်မယ်။ ဒါကလည်း သိပ် ခက်ခက် ခဲခဲ မဟုတ်ပါဘူး၊ အရင် တချိန် ၂၀၀၉ ခုနှစ်မတိုင်ခင်က၊ အားလုံး သဘောတူညီမှုတွေနဲ့ လက်နက်ကိုင်ပြီး အေးအေးချမ်းချမ်းနေလာခဲ့ကြ ပြီးပြီပဲ။

ဦးရော်နီညိမ်း ။ ။ အဲဒီတုန်းက ဗိုလ်မှူးတို့ လုပ်ခဲ့တုန်းက၊ တစ်ပြည်လုံးမှာ အပစ်အခတ်ရပ်စဲပြီးမှ၊ လုပ်ခဲ့ ကြတာလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ကျနော်တို့ စပြီး ငြိမ်းချမ်းရေးဆွေးနွေးတာတွေ လုပ်ကြတဲ့ အချိန်မှာ၊ တိုက်ခိုက်မှုတွေ မလုပ်ကြတော့ပဲ၊ အပစ်ရပ်လိုက်ကြပါတယ်။ အစိုးရဘက်ကလည်း သွားမတိုက် တော့ဘူး၊ ဟိုဘက်ကလည်း လာမပစ်ကြနဲ့ဆိုပြီး၊ သတ်သတ်မှတ်မှတ်တော့ ထားရတာပေါ့ဗျာ။ ကိုယ့်ဘက် လည်း မင်းမလာနဲ့၊ မင်းဘက်လည်း ငါမကျူးကျော်ဘူး ဆိုတာမျိုးတော့၊ ရှိရတာပေါ့။

ဦးရော်နီညိမ်း ။ ။ အဲဒါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့၊ တပြည်လုံးအတိုင်းအတာနဲ့ လုပ်ခဲ့တာလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ပါ။ ဥပမာ KNU နဲ့ဆိုရင်၊ အစိုးရက KNU နဲ့ အပစ် အခတ်ရပ်စဲတယ်လို့ ကြေညာပြီးမှ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ရပါတယ်။ ‘ဝ’တွေ ကိုးကန့်တွေနဲ့ ဆို ရင်၊ နဂိုက အပစ်အခတ်ရပ်ထားပြီးသားမို့၊ ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ကြတာပါ။ KIA နဲ့ လည်း ဒီအတိုင်းပါပဲ။ နှစ်ဘက်တိုက်ခိုက်နေကြရင်းနဲ့၊ ငြိမ်းချမ်းရေးစကားပြောလို့ မရပါဘူး။ အခုလည်း KIA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်ရင်၊ ပထမဆုံး အပစ်အခတ်ရပ်စဲဖို့ လိုပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီကိစ္စကို၊ တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်သွားတဲ့၊ အခု NLD ဒုတိယဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကိုလည်း၊ တပ်မှူးတပ်သားပြောစကားကဏ္ဍ၊ အင် တာဗျူး တစ်ခုမှာ ကျနော် မေးကြည့်ခဲ့ပါတယ်။ သူရဲ့ ပြောကြားချက်က ရှင်းတယ်။ နဂိုက ရောက်ရှိနေကြတဲ့ နေရာကို အားလုံးပြန်သွားကြ၊ မောင်ပိုနေမြဲ ကျားနေမြဲ၊ status quo ပေါ့။ ဗိုလ်မှူးတို့ ၁၉၉၄-၉၅ တိုင်းရင်း သား တပ်ဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလုပ်ကိုင်ကြတဲ့အချိန်က၊ အခြေအနေမျိုးကို ပြန်သွားကြ၊ အဲဒါပြီး တော့မှ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီးမှ၊ ဆွေးနွေးကြ၊ ဒါဆိုရင် မခက်ဘူးလို့၊ ဗိုလ်ချုပ်ကြီးတင်ဦးက မြင်တယ်၊ အဲဒါကို သဘောမတူတဲ့သူတွေ တချို့လည်း ရှိသေးတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးပြောသလောက် မလွယ်ဘူး ဆိုပြီး၊ VOA ကို ပို့လာတဲ့သဘောထားမှတ်ချက်တွေကိုလည်း၊ ကျနော်တို့ ဖတ်ရပါတယ်။ ဗိုလ်မှူး အနေနဲ့ကော၊ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ အယူအဆနဲ့ သဘောထား အမြင်ပေါ် ဘယ်လို သဘောရပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ကြီးတင်ဦးမြင်တဲ့ အမြင်ကို၊ ကျနော် ထောက်ခံပါတယ်ခင်ဗျ။ ဘာဖြစ်လို့ လဲဆိုတော့၊ ကျနော်တို့က အားလုံးကို လုပ်ခဲ့ပြီးပြီ။ အားလုံးနဲ့ အပစ်အခတ်ရပ်ခဲ့ပြီးပြီ။ နောက်ဆုံးတစ်ဆင့်ပဲ ကျန်တယ်။ နိုင်ငံရေးကိစ္စတွေကို၊ နောက်ဖြစ်ပေါ်လာမယ့်အစိုးရနဲ့မှ ဆွေးနွေးကြမယ်လို့၊ ကျနော်တို့က တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ကတိပေးခဲ့ဖူးတယ်။ နောက်တခါ အမျိုးသားညီလာခံတက်တဲ့ တိုင်းရင်း သားအဖွဲ့တွေကို၊ အမျိုးသားညီလာခံထဲမှာ နိုင်ငံရေးဆွေးနွေးခွင့်ပေးမယ်လို့၊ ကတိပေးခဲ့ဖူးတယ်။ ဒီကတိ တွေကို ပေးခဲ့ပြီးမှ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကုန်ဖျက်ခဲ့တယ်။ ဒါကြောင့် ဒီကနေ့ဖြစ်နေတဲ့ ပြဿနာ တွေ၊ အကုန်တက်လာခဲ့တာ။ နောက်ဖြစ်ပေါ်လာမယ့်အစိုးရနဲ့မှ ဆွေးနွေးကြမယ်ဆိုတာကို၊ ပြောခဲြ့ပီးသား။ မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ခုတည်းရှိရမယ် ဆိုတာကိုလည်း၊ တိုင်းရင်းသားအဖွဲ့တွေ အားလုံးက လည်း လက်ခံခဲ့ပါတယ်။ အသွင်ပြောင်းတဲ့ ပုံစံကိုတော့၊ နောက်ဖြစ်ပေါ်လာမယ့် အစိုးရနဲ့မှ ညှိယူကြမယ်၊ နိုင် ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်လို့၊ ပြောခဲ့တယ်။ KIOနဲ့ ငြိမ်းချမ်းရေး လုပ်တုန်းကဆိုရင်၊ KIO ခေါင်းဆောင် ဦးဇော်မိုင်ကို ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ KIO/KIA ဟာ၊ ကချင်ပြည် နယ်မှာ ခင်ဗျားတို့ စည်းရုံးနိုင်တယ်ဆိုရင်၊ နောက်ဖြစ်ပေါ် လာမယ့်အစိုးရမှာ၊ KIO/KIA ခေါင်းဆောင်က ဝန် ကြီးချုပ် ဖြစ်လာမှာပေါ့ဗျာ၊ ဆိုပြီး အဲလောက်ထိ အာမခံချက်ပေးတဲ့ အနေအထားတွေ ရှိခဲ့တယ်။

ဦးရော်နီညိမ်း ။ ။ ကချင်ပြည်နယ်ဝန်ကြီးချုပ် (Chief Minister) ကို ဆိုလိုတာပေါ့။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဒါပေမဲ့ စည်းရုံးတယ်ဆိုတဲ့နေရာမှာ၊ သေနတ်နဲ့တော့ စည်းရုံး လို့ မရဘူးပေါ့ဗျာ။ တကယ့်နိုင်ငံရေးသမားတွေအနေနဲ့ စည်းရုံးကြဖို့ပါ။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပြီးရင်၊ ဖြစ်လာရမယ့် အနေအထားတွေပါ။ အခုဟာက လှမ်းခဲ့တဲ့ခြေလှမ်းက၊ အဲဒီဘက်ကို ရောက် မလာပဲနဲ့၊ ၂၀၀၉ခုနှစ် အစပိုင်းလောက်က စပြီး ဘယ်တုန်းကမှ ပြောဆိုခဲ့ဖူးခြင်းမရှိတဲ့၊ နယ်ခြားစောင့်တပ် ဆိုတဲ့ ကိစ္စပေါ်လာတယ်။ အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေက နိုင်ငံရေးအရ ဆွေးနွေးမယ်လုပ်တော့ လည်း၊ လုံးဝခါးခါးသည်းသည်း ငြင်းခဲ့တယ်။ ဒါတွေအားလုံးရဲ့ တရားခံဟာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို့ပဲ၊ ပြောရမှာပဲ။ အကုန်လုံး သူ ဖျက်ပစ်တာချည့်ပဲ။ ကောင်းပြီကောင်းရက်နဲ့ နှစ်(၂၀)လောက်၊ အားလုံးလုပ်ခဲ့ကြ တာတွေကို၊ (၂) နှစ်လောက်နဲ့ သူ အကုန်ဖျက်ပစ်တာ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒါက နိုင်ငံရေးပရိယာယ်၊ စစ်ရေးပရိယာယ်ကော၊ မဖြစ်နိုင်ဘူးလား။ ဒီလို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ မငြိမ်းမချမ်းဖြစ်နေအောင် လုပ်ထားမှ၊ ဒီတပ်မတော်ကို စည်းရုံးထားလို့ ရမယ်၊ ပြည်သူလူထုကိုလည်း၊ တိုင်းပြည်မှာ ဒီလိုအန္တရာယ်ရန်စွယ်တွေ ရှိနေပါတယ်လို့၊ ပြထားပြီး၊ ကျုပ်တို့စစ်တပ် က မရှိရင်၊ အင်အားမကောင်းရင်၊ မရဘူး ဆိုတာမျိုးပေါ့။ ဟိုတုန်းက စကားမျိုးနဲ့ပြောရင်၊ တမင်သက်သက် သူပုန်မွေးထားသလို ဖြစ်မနေဘူးလား။ ပုန်ကန်တိုက်ခိုက်နေတဲ့သူတွေကို၊ မပုန်ကန်ချင်အောင်၊ လုပ်ကိုင် ဆောင်ရွက်ပေးရင် အားလုံး လက်နက်စွန့်ပြီးတော့၊ အားလုံးဟာ ဒီတိုင်းပြည်အတွက် ကောင်းရာမွန်ရာတွေ ကို ဝိုင်းပြီးလုပ်ကြမယ့် အခြေအနေတွေကို၊ ဖန်တီးနိုင်ရဲ့သားနဲ့၊ တမင်သက်သက် သူပုန်မွေးထားတဲ့အခြေ အနေကို ဖန်တီးထားတာ ဖြစ်မနေဘူးလား။ ကိုယ့်အာဏာ မြဲနေအောင်။

ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်ခေါင်းဆောင်ပဲ ပြောပြော၊ နိုင်ငံရေးခေါင်းဆောင် ပဲ ပြောပြော၊ ဘာပဲပြောပြော မြန်မာအယူအရ ဘုရင်မင်းပေ့ါ။ မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုတဲ့ မြန်မာစကား ပုံ ရှိနေတယ်။ ကတိတစ်ခု ပေးပြီးသား၊ သစ္စာတစ်ခု ပြုပြီးသား၊ လွယ်လွယ်ကူကူ ရှောက်ပြီးဖျက်နေတာက တော့၊ ခုနပြောသလို သူပုန်ရှိနေမှ စစ်တပ်ရဲ့ အခန်းကဏ္ဍက ရှိနေမယ်ဆိုတဲ့၊ ဒီအတွေးအခေါ်မျိုး၊ ကျနော် တို့မှာလည်း ရှိခဲ့ဖူးပါတယ်။ ဒီအတွေးအခေါ်မျိုး ရိုက်သွင်းခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ပြောင်းလဲနေ ပြီ ဗျ။ ကျန်တဲ့ နိုင်ငံတွေမှာ ဘယ်သူပုန်သူကန်တွေမှ၊ ကျနော်တို့နဲ့ အိမ်နီးနားချင်းပတ်ဝန်းကျင်နိုင်ငံတွေမှာ၊ ဘယ်သူမှ မရှိတော့ ဘူး။ ကျနော်တို့နိုင်ငံမှာပဲ နှစ်(၅၀) ကျော်နေပြီ။ တိုင်းပြည်ကလည်း အောက်တန်းနောက် တန်းကို ဟိုး-နောက်ဆုံးကို ရောက်နေကြပြီဗျ။ ဒီအတွေးအခေါ် မျိုးတွေကို စွန့်လွတ်သင့်ကြပြီ။ ဒီအခုရှိကြတဲ့ လူတွေလည်း ဒီအတွေးအခေါ် မျိုးကို မထားသင့်ကြတော့ဘူး။ စစ်တပ်အုပ်ချုပ်တာလည်း၊ နှစ်ပေါင်းများစွာ ၁၉၆၂ ခုနှစ်ကနေ အုပ်ချုပ်တယ်။ မြန်မာပြည်ဘယ် အဆင့်ရောက်သွားပြီးဆိုတာလည်း၊ ကျနော်တို့ကိုယ်တိုင် စစ်တပ်ထဲမှာနေခဲ့တဲ့ကောင်ဆိုတော့၊ အားလုံးလည်းသိတယ်။ ဘယ်လိုမှမအောင်မြင်နိုင်တဲ့ဥစ္စာကြီး။ ဘာဖြစ် လို့ဆက်လုပ်ချင်နေကြတာလဲ။

ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG