သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်


တပ်မှူးတပ်သား ပြောစကား (၀၃၄)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျနေရာက နိုဝင်ဘာ(၁၃)ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာပဲ ကသာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက် တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ပါ။ သူ့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ရဲ့ ရှုမြင်သုံးသပ်ထားတဲ့ အမြင်သဘောထားတွေကို ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်” ခေါင်းစဉ်နဲ့ ဦးရော်နီညိမ်း က စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ စစ်အစိုးရက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်(၁၄)နှစ်ကို လျှော့ရက်မရှိ အပြည့်အ၀ကျခံခဲ့ရပြီးတော့၊ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့က ကသာထောင်ကနေ ပြန်ပြီး လွတ်မြောက်လာသူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဖြစ်ပါတယ်။ ပြည်ပသတင်းမီဒီယာတွေကို သတင်းမှားတွေ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၉၉၆ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒုတိယအကြိမ်ဖမ်းဆီးခံရပြီး ထောင် ဒဏ်(၁၄)နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကလည်း ဇူလိုင်လ(၂၀)ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အထိန်းသိမ်းခံခဲ့ရပြီး ပထမအကြိမ် ထောင်ဒဏ်(၆)နှစ် ကျခံခဲ့ရပါတယ်။ ၁၉၉၅ခုနှစ်မှာ ပြန်ပြီးလွတ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ် လက်ထောက်တစ်ဦး ဖြစ်လာခဲ့ပုံကို ဦးဝင်းထိန်က အခုလိုရှင်းပြခဲ့ပါတယ်။

ဦးဝင်းထိန်။ ။ စစချင်းကတော့ ကျနော်က ဦးတင်ဦးအနားမှာပဲ ရှိတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ တစ်နိုင်ငံလုံး စည်း ရုံးရေး ခရီးထွက်မယ်၊ ထွက်တဲ့အခါ မြို့တွေမှာ ရင်ဆိုင်ရမယ့်ကိစ္စတွေကို ဒိုင်ခံဖြေရှင်းနိုင်မယ့် လူတစ်ယောက် ပေးပါဆိုပြီးတော့၊ ဒေါ်အောင် ဆန်းစုကြည်က ဦးတင်ဦးဆီကို ပြောတဲ့အခါမှာ ကျနော်က ပါသွားတယ်။ စစချင်း အထက်မြန်မာပြည်ပေါ့၊ ပြည်တို့ မကွေးတို့ တောင်တွင်းကြီး တို့ အစရှိတဲ့ နေရာတွေ သွားတဲ့အခါမှာ အဲဒီကတည်းက သူတို့က အန်အယ်လ်ဒီကို စနစ်တကျနှိပ်ကွပ်ရမယ်ဆိုတာ ညွှန်ကြားချက် ရှိထား တယ်နဲ့ တူတယ်။ ရောက်တဲ့နေရာတွေမှာ ပြဿနာရှာတယ်။ ပြဿနာရှာတဲ့အခါကျတော့ မ၀တ ဥက္ကဌတွေက များသောအား ဖြင့်ကလည်း စစ်တပ်ကလူတွေ ဆိုတဲ့အခါကျတော့၊ ကျနော်က ပြောရဆိုရတာ လွယ်တယ်။ သာယာညှင်းပြောင်း ပြောမယ်၊ သို့မဟုတ်လည်း တခါတလေ ကျရင် ဆွေးနွေးမယ်၊ တခါတလေကျရင်လည်း နည်းနည်း တင်းတင်းမာမာ ပြောမယ်နဲ့ ပြဿနာတွေကို ဖြေရှင်းလာတော့၊ နောက်ဆုံးမှာ ပြန် လာတဲ့အခါမှာ ကျနော့်ကို ဒေါ်စုရုံးမှာ ထားပေးပါလို့ မေတ္တာရပ်ခံတော့ ကျနော်ကလည်း လိုလိုလားလားနဲ့ ရောက်သွားတယ်။ ရောက်သွားတဲ့ အခါမှာတော့ ဒေါ်စုရဲ့ ရုံးကိစ္စတွေ အစည်းဝေးကိစ္စတွေ၊ စာတွေ ဖတ်တယ်၊ ပြင်တယ် လုပ်တဲ့အခါမှာ၊ သူများတွေက ကျနော့်ကို မျိုးစုံပြောတာ ပေါ့၊ ဒေါ်စုရဲ့ ပီအေ၊ ဒေါ်စုရဲ့ ပီအက်စ်အို၊ ဒေါ်စုရဲ့ ရုံးအဖွဲ့မှူး ဘာညာ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရာထူးရယ်လို့ သတ်မှတ်ထားတာကို မရှိဘူး။ ဒေါ်စု အထွေထွေအတွင်းရေးမှူးရဲ့ ရုံးကိစ္စတွေ လုပ်ပေးတဲ့လူတစ်ယောက် အဖြစ်ပဲ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတယ်။ ဒါ တစ်ချက်။ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော့်ထက် ငယ်တာကိုး။ ငယ်တော့ ကျနော့်ကို သူ့ရဲ့ လက်ထောက်အနေနဲ့ ပြောရမှာ ပါးစပ်က သူနှုတ်တွန့်နေဟန် တူတယ်။ အားနာနေဟန်တူတယ်။ ဒါကြောင့် ကျနော့်ရဲ့ရာထူးကို သီးခြားဘာမှ ကျနော်တို့ နှစ်ယောက်ကြားမှာ သတ်မှတ်ထားတာ မရှိဘဲနဲ့ သူများပြောရင်လည်း ရုံးအဖွဲ့မှူးဆိုလည်း ‘ဟုတ်တာပေါ့’၊ ဒေါ်စုလက်ထောက် ဆိုလည်း ‘သြော် ဟုတ်တယ်’၊ ဒေါ်စု ရဲ့ပီအေ ဆိုလည်း ‘ထားလိုက်ပါတော့’။ အဲ…အဲဒီလိုမျိုးနဲ့ ဖြစ်လာတာပါ။

ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့(၂၂)နှစ်အတွင်း ထောင်ထဲမှာ စုစုပေါင်း နှစ်(၂၀)လောက်နေခဲ့ရသူ ဦးဝင်းထိန်ဟာ ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၅)ရဲ့ အောင်စစ်သည်ဆု နဲ့ စာပေထူးချွန်ဆု၊ ဆုနှစ်ဆုကိုရပြီး ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော် (ကြည်း)မှာ အရာရှိဖြစ်လာခဲ့သူ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၇၆ ခုနှစ်မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာ ရှိ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံမယ့်အစီအစဉ်မှာ ပတ်သက်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဦးဝင်းထိန်ဟာ ၁၉၈၈ခုနှစ်လူထုအုံကြွမှုအရေးတော်ပုံကာလအထိ နိုင်ငံခြားကုမ္ပဏီ တွေရဲ့ ဌာနေကိုယ်စားလှယ်အဖြစ်၊ အဲဒီခေတ်က အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကာလမှာ ဦးဝင်းထိန်ဟာ “မျိုးချစ် ရဲဘော်ဟောင်းများ” အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီးတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်း တည်ထောင်ခဲ့ရာမှာ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ လက်ထောက်တွေထဲက တစ်ဦးအဖြစ်နဲ့ အန်အယ်လ်ဒီပါတီထဲကို ရောက်ရှိလာခဲ့ ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချစွာ တာဝန်တွေပေးအပ်ခြင်းခံရသူ ဖြစ်လာတဲ့အခါမှာ။ ကိုယ့်ရဲ့ခေါင်းဆောင် အပေါ် ပထမဆုံး သူ့ရဲ့ ရှုမြင်သုံးသပ်ခဲ့မှုကို ဦးဝင်းထိန်က အခုလို ပြောပါတယ်။

ဦးဝင်းထိန်။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နံမည်ပဲ ကြားဖူးတာ ကိုး။ နံမည်ပဲကြားဖူးတဲ့ အခါကျတော့ သူ့ အရည်အချင်းလည်း ကျနော် မသိဘူး။ ကျနော်ထက်လည်း ငယ်တယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာလည်း သွားနေတယ် ဆိုတော့၊ ကျနော် သိပ်ပြီးတော့ လေးလေးနက်နက် မရှိမိဘူး။ သို့သော် ခရီးသွားရင်းနဲ့ တွေ့တဲ့အခါမှာ၊ ပြည်သူလူထုနဲ့ဆက်ဆံတာတွေ နောက် သူ့ရဲ့ပြောဆိုတာတွေ၊ နှစ်ယောက်ချင်း အချိန်ရလို့ ပြောတာဆိုတာတွေ ရှိတဲ့အခါမှာ သူဟာ ကျနော့်ထက် ငယ်သော်လည်းပဲ၊ နိုင်ငံရေး အရည် အချင်းကတော့ ကျနော့်ထက် အများကြီးမြင့်တယ် ဆိုတာ သိလိုက်ရတဲ့အတွက်၊ ဒါက တစ်ကြောင်း။ နောက်တစ်ကြောင်းက သူ့ရဲ့ စေတနာ၊ ဘာ စေတနာလဲဆိုရင် နိုင်ငံရေးလုပ်တဲ့အခါမှာ ဒီနိုင်ငံရဲ့ အာဏာအပြောင်းအလဲကို သွေးထွက်သံယို မရှိဘဲနဲ့လုပ်တဲ့ ထုံးတမ်းစဉ်လာတစ်ခု တည်ဆောက်မယ်ဆိုတဲ့ သူ့ရဲ့စေတနာကို ကျနော်က လေးစားပြီးတော့မှ သူ့ဆီ မှာ လုပ်ဖို့ သဘောတူခဲ့တာ။

ဦးရော်နီညိမ်း။ ။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ စစ်အစိုးရက အန်အယ်လ်ဒီပါတီအနေနဲ့ လူထုကို ဦးဆောင်ပြီး အာဇာနည်ဗိမာန်ကို ချီတက်ပွဲ ပြုလုပ်ရင်၊ ပစ်ခတ် နှိမ်နင်းမယ်လို့ ရာဇသံပေးထားခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချတာ မှာ၊ အနီးကပ် လက်ထောက်ဖြစ်နေသူ ဦးဝင်းထိန်အနေနဲ့ သူကြုံတွေ့ခဲ့ရ တဲ့ အတွေ့အကြုံကို အခုလိုပြောပါတယ်။

ဦးဝင်းထိန်။ ။ အာဇာနည်နေ့ ကိစ္စကတော့ ဒါ န၀တ အစိုးရ ထောင်ဖမ်းတဲ့ သဘောပေါ့။ ဘယ်လိုထောင်ဖမ်းသလဲ ဆိုရင်၊ အာဇာနည် ကုန်းကို ချီတက်တဲ့နေ့မှာ ဘယ်နှစ်ယောက်ပဲ လာရမယ်တို့ ဘယ်နှစ်ယောက်ပဲ အလေးပြုခွင့်ရှိတယ်တို့ သတ်မှတ်လိုက်တယ် ဆိုတာ ဒါ တမင် သက်သက် နိုင်ငံရေးဆင်ကွက်ကိုး။ အဲဒါကို ဒေါ်စုက လက်မခံဘဲနဲ့ ပထမ သူတို့အမိန့်ကိုမနာခံဘဲ ချီတက်မယ်ဆိုပြီးတော့၊ ညကျမှ လူကြီးတွေ နဲ့ တိုင်ပင်ပြီးတော့ နောက်တစ်နေ့ မချီ တက်တော့ဘူးဆိုတဲ့ သဘောဖြစ်တဲ့အခါ၊ ဒါပေမယ့် အဲလို လုပ်တဲ့အခါမှာ နောက်ကျသွားပြီ။ သူတို့က နှိပ်ကွပ်ဖို့ ဆုံး ဖြတ်လိုက်တဲ့အခါမှာ၊ ကျနော်အပါအ၀င် ဒေါ်စုခြံထဲမှာရှိတဲ့လူတွေ အကုန်လုံးကို ထောင်ထဲပို့လိုက်တာပေါ့။ ဒေါ်အောင်ဆန်းစု ကြည်ကတော့ သူက နိုင်ငံတကာ အတွေ့အကြုံကော၊ ပြည်တွင်းမှာ ၁၉၈၉ခုနှစ် ဇူလိုင်လအထိ လှုပ်ရှားခဲ့တာကော၊ နည်းတာမဟုတ်ဘူး။ နောက်ပြီးတော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမယ် ဆိုလို့ရှိရင် ဒီ CEC (Central Executive Committee – ဗဟိုအလုပ်အမှုဆောင် ကော်မီတီ) ပေါ့၊ ဦးကြည်မောင်တို့ ဦးအောင်ရွှေတို့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ နဲ့ တိုင်ပင်သလို ကျနော်တို့နဲ့လည်း သီးသန့်တိုင်ပင်တာတွေ ရှိတယ်။ တိုင်ပင်တဲ့အခါမှာ ကျနော်တို့က ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောတဲ့အခါမှာ တခါတလေကျ သူ လက်ခံတာလည်း ရှိတယ်။ လက်မခံတာ လည်း ရှိတယ်။ သူ လက်မခံတဲ့ဟာတွေလည်း ကျနော်တို့က နားလည်တယ်။ အဲဒီလိုပေါ့၊ တဘက်သတ် န၀တ စွပ်စွဲသလို အာဏာကို သုံးပြီး တော့မှ သူ့အရှိန်အ၀ါနဲ့ လူကြီးတွေကော လူငယ်တွေကော ဒရွတ်တိုက်ပြီး ခေါ်သွားတယ် ဆိုတဲ့ဟာ မဟုတ်ပါဘူး။

ဦးရော်နီညိမ်း။ ။ ပထမအကြိမ် ဖမ်းဆီးခြင်းခံခဲ့ရပြီး (၆)နှစ်အကြာ ၁၉၉၅ ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် လအ နည်းငယ်စောပြီး လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ်မှာ စစ်အစိုးရရဲ့ဖိအားပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အန်အယ်လ်ဒီကနေ ထုတ်ပယ်ခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စ အပေါ်မှာ ရပ်တည်ခဲ့ပုံကို ဦးဝင်းထိန် က အခုလိုပြောပြပါတယ်။

ဦးဝင်းထိန်။ ။ ၁၉၉၅ ခုနှစ်မှာ ကျနော်က ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ လွတ်တယ်။ ဒေါ်စုက ဇူလိုင်လ(၁၀) ရက်နေ့မှာ လွတ်တယ် ဆိုတော့၊ (၅) လလောက် ကွာတာပေါ့။ အဲဒီတုန်းက န၀တရဲ့ ဖိအားပေးမှုကြောင့် ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးတင်ဦးကို အန်အယ်လ်ဒီက ထုတ်ထားပြီးပြီ။ အဲဒီတော့ နယ်တွေမှာလည်း အဲဒီလို ထုတ်ထားလို့ မကျေနပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသီးသီး တကွဲတပြား ဖြစ်နေကြပြီ။ အဲလိုဆိုတော့ …အင်း ..ဒေါ်စု လွတ်ရင်တော့ ဘယ်လိုများနေမလဲမသိဘူး ဆိုပြီး၊ ကျနော် အတွေးတွေ ဝေနေတာပေါ့။ တကယ်လည်း ဇူလိုင် လ(၁၀)ရက်နေ့ လွတ်တဲ့အခါကျတော့၊ အပြင်ကလူအုပ်ကြီးတွေ အများကြီးပေါ့လေ။ နိုင်ငံခြားသံရုံးတွေ နိုင်ငံခြားသတင်းထောက်တွေပါ အကုန် လုံး ရောက်လာတဲ့အချိန်မှာ ပထမဦးဆုံးမေးတဲ့ မေးခွန်းက ဘာလဲဆိုရင်၊ ‘ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေအပေါ်မှာ ဘယ်လို သဘော ထားသလ’ဲ ဆိုတာ။ အဲဒီမေးခွန်းက သိပ်အရေးကြီးတယ်။ ကျနော်လည်း လုံးဝ မမျှော်လင့်ထားဘူး။ ဦးအောင်ရွှေတို့ ဦးလွင်တို့ ဆိုတာက အန် အယ်လ်ဒီကနေ ဒေါ်စုကို ထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီအချိန်မှာ ထိုင်နေတာက ညာဘက်မှာ ဦးအောင်ရွှေနဲ့ ဦးလွင်၊ ဘယ်ဘက်မှာ ဦးတင်ဦး နဲ့ ဦးကြည်မောင်၊ ကျနော်က မှတ်တမ်းတင် ပေါ့။ အဲဒီတော့ ဒေါ်စုရဲ့အဖြေက ဘယ်လောက်အထိ အချက်ကျသလဲ ဆိုလို့ရှိရင် “ကျမတို့ အခု ဒီလို အတူတူထိုင်နေကြတာပဲ ကြည့်ကြပါ။ ဒီလို အတူတူ ညီညီညွတ်ညွတ်ထိုင်နေကြသလို နောင်ဆိုရင်လည်း ဒီလိုပဲ ညီညီညွတ်ညွတ် လုပ် သွားကြမယ်” ဆိုတဲ့ အဖြေတစ်ခုနဲ့တင် အရင်တုန်းက န၀တ ဆင်ထားတဲ့ ဆင်ကွက်ကြီးက အကုန်လုံး ပျက်သွားတယ်။ သူတို့ ဆင်တာက ဘယ်လိုလဲ ဆိုတော့ ဦးအောင်ရွှေနဲ့ ဦးလွင်ကတော့ ဒေါ်စုကို ထုတ်လိုက်ပြီ။ ဒေါ်စုက မာနကြီးတယ်။ စိတ်ထက်တယ်။ ဒေါ်စုကတော့ ခံမှာ မဟုတ်ဘူး။ ဦးအောင်ရွှေနဲ့ ဦးလွင်ကို ဆော်ကြမှာပဲ။ အန်အယ်လ်ဒီ နှစ်ခြမ်းကွဲမှာပဲ ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တဲ့ ခွင်ကြီးဟာ၊ အဲဒီအဖြေတစ်ခုတည်းနဲ့ ကိစ္စပြီးသွားပြီ လို့ ကျနော်က ဘေးကနေရင်းနဲ့ သဘောပေါက်လိုက်တယ်။

ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးဝင်းတင်က ပြောပါတယ်။ “ဒီရွေးကောက်ပွဲ ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဒီလိုတွေပဲ ကြုံရမယ်” ဆိုတာ သိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီရွေးကောက်ပွဲကို အန်အယ်လ်ဒီအနေနဲ့ မ၀င်ဖို့ ဆုံးဖြတ်ချက်ချမှုက ခိုင်မာတယ်၊ ဒီဆုံးဖြတ်ချက် ပေါ် မူတည်ပြီးတော့ “ပြည်သူလူထုကလည်း ကိုယ်မဲမပေးချင်တဲ့ပါတီကို မဲမပေးဘဲ နေလို့ရတယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူကို သတင်းပေးချက်ကလည်း အောင်မြင်ပေါက်ရောက်တယ်၊ ဒါတွေ အတွက်ကြောင့်မို့လို့ “ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်တယ်” လို့ ဦးဝင်းတင်က ပြောပါတယ်။ အဲဒီအပေါ်မှာကော ဦးဝင်းထိန် အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ ခင်ဗျာ။

ဦးဝင်းထိန်။ ။ ကျနော်က အခု သွားတာလာတာတွေက ဘတ်(စ်)ကားနဲ့ သွားနေတယ်။ ဘာ့ကြောင့်လဲဆိုရင် ဘတ်(စ်)ကားထဲမှာ လူ တွေ ပြောတဲ့ဆိုတဲ့အသံကို နားထောင်ချင်လို့။ အခု ရွေးကောက်ပွဲလည်း ပြီးလို့ မနေ့ကကော တမြန်နေ့ကကော ဘတ်စ်ကားပေါ်မှာ “ ဟာ အန်အယ်လ်ဒီလုပ်တာ မှန်တာပေါ့၊ ဒေါ်စုလုပ်တာ မှန်တာပေါ့” ဆိုတာမျိုးတွေ ကြားရတယ်။ အဲဒီလိုတွေ ဖြစ်လာတယ်။ ပြောရရင်တော့ ပါဠိ စကား ပေါ့ဗျာ။ ဗဟိဒ္ဓ နဲ့ အဇ္ဇျတ ၊ ဗဟိဒ္ဓ ဆိုတာ ‘အပြင်’ ပေါ့။ ‘အဇ္ဇျတ’ ဆိုတာ အတွင်းသားပေါ့။ ဗဟိဒ္ဓအားဖြင့်ဆိုရင် သတင်းစာထဲမှာ ကြည့် လိုက်။ အမတ်တွေဟာ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး အကုန်လုံးပဲ။ ဒါ ဗဟိဒ္ဓအားဖြင့် သူတို့ နိုင်တယ်ဆိုတဲ့ သဘောပေါ်တာ ပေါ့။ သို့သော်လည်း အဇ္ဇျတ အားဖြင့်ဆိုရင် အရပ်ထဲမှာ သွားကြည့်၊ ဈေးထဲမှာ သွားကြည့်၊ ဘတ်စ်ကားပေါ်မှာ သွားကြည့်၊ လူတွေက ဒီရွေး ကောက်ပွဲကြီးကို ဟာသ လုပ်နေကြတယ်။ အပြစ် ပြောနေကြတယ်။ ဟာ..ရိုက်စားကြီးပါကွာ ပေါ့။ အဲဒီတော့ အဇ္ဇျတအားဖြင့်ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ပြောတဲ့ အနှစ်သာရဟာ မှန်ကန်တယ်။ အမှန်အတိုင်း သုံးသပ်ကြည့်ရမယ် ဆိုရင်တော့ ကျနော်တို့ အန်အယ်လ်ဒီ ဟာ၊ တကယ့် ဒေါင်ဒေါင်မြည်တွေပဲ ကျန်တယ်။ နောက်ပြီးတော့ ယောယိယောရာ informer (စစ်အစိုးရကို သတင်းပေးသူများ) တွေကလည်း အများကြီးပဲ။ ကျနော် သတိထားမိတယ်။ နောက် ဒေါ်စုအနေနဲ့ ဘာ program ချမလဲဆိုတာလည်း ကျနော်တို့ မျှော်လင့်နေတယ်။ အခုတလော ခင်ဗျားတို့ လည်း ကြားမှာပေါ့။ “ဒုတိယ ပင်လုံညီလာခံ” ခေါ်မယ့် ကိစ္စ။ အဲဒီကြေညာချက် ထုတ်တုန်းက ကျနော် ဒုလဘ္ဘ ရဟန်းဝတ်နေလို့ မကြားမိဘူး။ အပြင်ထွက်လာတဲ့ အခါကျမှ ကြားတဲ့အခါကျတော့ စဉ်းစားကြည့်တာမှာ ဒီအယူအဆဟာ တော်တော်တော့ အဓိပ္ပါယ်ရှိတယ်လို့။ ဘာလို့လဲ ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ အခုထက်ထိ တိုင်းရင်းသား အချင်းချင်း ညီညီညွတ်ညွတ်နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်သေးဘူး။ တကယ့် စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မရနိုင်သေးတဲ့အတွက် ရအောင်လုပ်ဖို့၊ ဒုတိယအကြိမ် ပင်လုံညီလာခံ လုပ်တာဟာ အင်မတန် အဓိပ္ပါယ်ရှိတယ်လို့ ကျနော် သဘောပေါက်တယ်။ ကိုယ့်ဘာသာ စဉ်းစားပြီးတော့ ဒါကို သိပ်သဘောကျနေတာ။

ဦးရော်နီညိမ်း။ ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့အခါမှာ ဦးဝင်းထိန်အနေနဲ့ ကိုယ့်ရင်ထဲကလာတဲ့ ရဲဘော်ရဲဘက် စကားမျိုး ဘယ်လိုများပြောဖို့ စဉ်းစားထားပါသလဲလို့ နောက်ဆုံး မေးပါရစေ ခင်ဗျာ။

ဦးဝင်းထိန်။ ။ ကျနော်တို့ နှစ်ပေါင်း (၂၀) အန်အယ်လ်ဒီမှာ လှုပ်ရှားပါဝင်တဲ့အခါမှာ၊ ဒေါ်စုက စပြီး ဟိုးအောက်ခြေက အန်အယ်လ်ဒီ ပါတီဝင်တွေ အထိဟာ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ ပေးဆပ်မှုတွေ အသက်တောင် သေသွားပြီး အသက်စွန့်တဲ့လူတွေ အများကြီး ရှိခဲ့တယ်။ ရှိခဲ့တော့၊ အဲဒီလို လူတွေ ရှိတဲ့အတွက်ကြောင့် ကျနော့်မှာ ဆုံးရှုံးရချည်ရဲ့လို့ ပြောရမှာရှက်တယ်။ အဲဒီတော့ ကိုယ့်ယုံကြည်ချက်ကလည်း ရှိနေတဲ့အတွက်ကြောင့်မို့ ဒေါ်စုလုပ်တဲ့အတိုင်း ကျနော် ဆက်ပြီးတော့ လုပ်ရလိမ့်မယ်။ ဆက်ပြီးတော့လည်း သူ ကျနော့်ကို ဘယ်မှာထားမလဲ၊ သူ့နားမှာ ထားချင်လည်း ထား၊ မထားချင်လည်း မြို့နယ် ပို့မလား၊ တိုင်း ပို့မလား၊ ကြိုက်တဲ့နေရာပို့။ လုပ်မယ်လို့ ကျနော် ဆုံးဖြတ်ပြီးပြီ။ ကျနော်တို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကြီး တစ်ခုလုံးမှာ အန်အယ်လ်ဒီက ပြတ်ပြတ်သားသား နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ အခုရွေးကောက်ပွဲက လည်း သူတို့က တရားဝင် မကြေညာဘဲနဲ့ အာဏာပြန်သိမ်းတာပဲ။ သဘောကတော့ ဒီအတိုင်း ပဲ။ ပြည်သူလူထုတွေကို မေးကြည့်လိုက်ရင် မကျေနပ်တဲ့လူက အများကြီး။ ဒါပေမယ့် အကြောက်တရား ရှိနေကြတယ်။ အဲဒီ အကြောက်တရားကိုတော့ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးတော့မှ မတရားတာကို နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေကို ပိုပြီးတော့ ထောက်ခံပေး ကြပါလို့ မေတ္တာရပ်ခံချင်တယ်။ ဒါပါပဲဗျာ။

XS
SM
MD
LG