တပ်မှူးတပ်သား ပြောစကား (၀၃၅)
လက်ရှိမြန်မာ့တပ်မတော်ဟာ ကိုယ်တိုင် နိုင်ငံရေးပါတီ ထောင်၊ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကိုယ့်စိတ်ကြိုက်ဖွဲ့ စည်းပြီး၊ ၂၀၁၀ နိုဝင်ဘာ (၇ ရက်နေ့က ရွေးကောက်ပွဲမှာ၊ တပ်မတော်ရဲ့ ကျောထောက်နောက်ခံပါတီကပဲ အနိုင်ရ အောင်လုပ်သွားခဲ့တယ်လို့၊ ပြည်တွင်းပြည်ပမှာ စွပ်စွဲ ပြောဆို ခံနေရပါတယ်။ အခု ဖြစ်ရပ်လောက် မဆိုးရွားပဲ၊ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲမှာ တပ်မတော်က တပိုင်းတစလောက် ပါဝင်စွက်ဘက်ခဲ့လို့၊ ပေါ်ပေါက်လာခဲ့ရတဲ့ တပ်မတော်အတွက် ဝမ်းနည်းဘွယ်ရာအကျိုးဆက်အဖြစ်အပျက်တွေကို အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက၊ ဦးရော်နီ ညိမ်း စီစဉ်တင်ဆက်တဲ့ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ပြောပြထားပါတယ်။
ဦးတင်ဦး။ ။ ၁၉၅၈ လောက်ကျတော့ ကြံ့ခိုင်ရေးအသင်းတွေ ဖွဲ့တယ်ဗျ။ ကျနော်လည်း ရခိုင်မှာ တပ်ပေါင်းစုမှူး လေ။ ကြံ့ခိုင်ရေးအသင်း ဖွဲ့ရတယ်ဗျ။ သူ့ခေတ်သူ့အခါ၊ အခွင့်အရေးတွေ ပေးပြီးတော့ ကြံ့ခိုင်ရေးအသင်းတွေ ဖြစ်လာကြတာပေါ့ဗျာ။ အုန်းအုန်းကျွက်ကျွက် ပေါ့ဗျာ။ တခါ တည်း ရွာတွေ ခြံစည်းရိုးတွေခတ်၊ နောက်ပြီးတော့ တကယ့်ကြိုးဆွဲတွေကိုလည်း သေနတ်တွေ ထုတ်ပေး၊ ဟိုခေတ်ဟိုအခါ ရနိုင်တဲ့အခွင့်အ ရေးတွေပေးပြီးတော့ စည်းရုံးကြတာပေါ့ဗျာ။ တက်တက်ကြွကြွ ပေါ့ဗျာ၊ တခါထဲ တို့ဆရာသမားကြီးတွေက ခိုင်းတယ်ဆိုတဲ့ အနေနဲ့ပေါ့ဗျာ၊ ဒါက တော့ အောက်က တပ်မှူးတစ်ယောက်အနေနဲ့ တက်တက်ကြွကြွ လုပ်ရတာပေါ့ဗျာ။ အဲဒါနဲ့ နောက်ဆုံးကျ တော့ဗျာ၊ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲ ရောက်လာတာပေါ့ဗျာ။ အာဏာရှိနေတဲ့ ပါတီကြီးကပေါ့ဗျာ၊ အာဏာရှိခဲ့ဖူးတဲ့ ခေါင်းဆောင်တွေထဲက ပေါ့ဗျာ၊ “နိုင်လည်း နိုင်ရမယ် ရှုံးလည်း နိုင်ရမယ်” ပေါ့၊ ဒီလိုဟာတွေက ဖြစ်လာတယ်ဗျ။ ဖြစ်လာပြီးတော့ အောက်က တပ်တွေဘာတွေကို ဒီလိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပါဝင်အောင် လုပ်ကြတဲ့အခါကျတော့ အဲဒီမှာ မှတ်မိသေးတယ်ဗျ၊ နေဦး…ကျနော်ပြောရ ဦးမယ်။
ဦးတင်ဦး။ ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဓမ္မိကဘသန်း၊ ဗိုလ်မှူးကြီးဘသန်း၊ အဲဒီတော့ ဓမ္မိကဘသန်း (ယောနသံဇဉ်ယော် စာအုပ်ကို ဘာသာပြန်ခဲ့သူ) က အဲဒီတုန်းက Psychological Warfare (တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး) မှာ သူက ညွှန်မှူးဗျ၊ အဲ သူ့ကို နယ်တွေမှာဆင်းပြီးတော့ နယ်တွေရဲ့အခြေအနေကို သုတေသနစာတမ်းပြုစုခိုင်းတယ် ခင်ဗျ။ အဲလို ပြုစုခိုင်းတဲ့အခါကျတော့ စာတမ်းကြီး က သူက တင်လိုက်တယ်။ သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ်တင်တာမှာ ဒီနယ်တွေမှာရှိနေတဲ့ ကျနော်တို့ တပ်မတော်သားတွေရဲ့ ဆိုးရွားပုံ တွေ၊ အနိုင်ကျင့်ပုံတွေ၊ လက်နက်နဲ့ ဗိုလ်ကျတာတွေ နောက်သူတို့နဲ့ ပါတဲ့ အပေါင်းအသင်းဖြစ်တဲ့ ကြံ့ခိုင်ရေးအသင်းတွေကနေ ဒီလို ဆိုးရွားမှု ဖြစ်လာတာတွေ စုံလို့ဗျာ။ အများကြီးပဲ၊ အဲဒီတော့ သူက သက်သေသက္ကာယတွေနဲ့ ပါတယ်ခင်ဗျ။ အဲဒီလို ပါလာတဲ့ အခါကျတော့ ကျနော်တို့ရဲ့ အကြီးအကဲ ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ အဘိုးကြီး(ဗိုလ်ချုပ်ကြီးနေဝင်း) နည်းနည်းလန့်သွားတယ်။ လန့်သွားပြီးတော့ ဒါနဲ့ ကျနော်တို့တပ်မှူးတွေ အကုန် လုံးကို ခေါ်ပြီးတော့ ပြောတယ်ဗျ။ အဲဒါကို သူ့ရဲ့ အိမ်က boat club (အင်လျားကန်စောင်းမှ ရွက်လှေအသင်းအနီး ကာကွယ်ရေးဦးစီးချုပ်၏ နေအိမ်)မှာ ခေါ်ပြီးတော့ ကျနော်တို့တွေကို ညစာကျွေးရင်းနဲ့ ဒါနဲ့ပတ်သက်တာအားလုံးကို မင်းတို့ ဒီလိုဒီလို ထွက်လာပြီ။ ရွေးကောက်ပွဲမှာသာ ဝင်ပြီးတော့ ပါရင်တော့ ဖြင့် သိက္ခာတော့ အကုန်လုံးကျဆင်းပြီးတော့ ဒလဟောသွားတော့မှာပဲ။ ရပ်တန်းကရပ် ဆိုပြီး ဒီလိုတော့ ပြောတယ် ခင်ဗျ။ ဒါပေမယ့် တပ်မှူးတွေက အရှိန်ကလွန် နေပြီ။ သူပြောတဲ့အချိန်မှာ အချိန်က တိုနေပြီ။ အဲဒီတော့ အပြင်ရောက်လာတဲ့အခါ သူက ရပ်ခိုင်း တယ်၊ တို့က ဘာလို့ရပ်ရ မှာလဲဆိုတဲ့ဟာတွေက ဖြစ်တယ်။ ဘယ်လိုဖြစ်လဲဆိုတာ ကျနော်ပြောပြဦးမယ်။ ရွေးကောက်ပွဲနေ့ကျတော့ ကျနော် တို့ကလည်း သူရဲကောင်း ကြီးတွေပေါ့ဗျာ။ တခါတည်း ခေါင်းဆောင်ပြီးတော့ ရှေ့ကနေပြီး မဲပုံးမှာ ကျနော်တို့က နီတယ် (ဦးကျော်ငြိမ်း-ဦးဗဆွေ ခေါင်းဆောင်သော ဖဆပလ “တည်မြဲ”ပါတီအတွက် သတ်မှတ်ထားသော မဲပုံးအရောင်)ဆိုပြီးတော့ မဲတွေ ထည့်ပြလိုက်တယ်ဗျ..နော်၊ အဲဒီမှာ တပ်က ရဲဘော်တွေဘာတွေကော ကြံ့ခိုင်ရေးအသင်းထဲက လူတွေကလည်း အနယ်နယ်အလိုက်လိုက် ဝါတယ် (ဦးနု - သခင်တင် ခေါင်းဆောင် သော ဖဆပလ “သန့်ရှင်း”ပါတီအတွက် သတ်မှတ်ထားသော မဲပုံးအရောင်) ဆိုပြီး အကုန်ထည့်သွားတယ်ဗျ။ အဲဒီတော့ ဘာပြလိုက်သလဲဆို တော့ တစ်ဖက်(ဖဆပလ “သန့်ရှင်း”) ကပြောတဲ့ဥစ္စာက လမ်းနှစ်သွယ်ပဲ ရွေးပါ။ တစ်သွယ်က အာဏာရှင်လမ်းစဉ်၊ တစ်ဖက်ကတော့ ပြည်သူ လူထုဆန္ဒနဲ့တင်တဲ့ ပါလီမန်ဒီမိုကရေစီလမ်းစဉ်၊ လမ်းခွရောက်နေပြီ အဲဒါကြောင့်မို့လို့ ပြည်သူပြည်သားပုဂ္ဂိုလ်တွေရဲ့ပေးမယ့် မဲဆန္ဒ၊ အသဲကြား ထဲကမဲတစ်ပြား ဘယ်သူ့ ပေးမလဲဆိုတဲ့ တစ်ခွန်းပဲ ပြောတယ်။ အဲဒီအခါမှာ ကြံ့ခိုင်ရေးအသင်းက လူတွေကလည်း သူတို့ ဂုဏ်သိက္ခာကို သူတို့ ပြန်ပြီးတော့ ဆည်တဲ့ အနေနဲ့ သူတို့ ကိုယ်တိုင်ကပင်လျှင် အဲဒီတုန်းက ဦးနုကို ဝါတယ်ဆိုပြီး ထည့်သွားဖူးတာ ရှိတယ်ခင်ဗျ။ ဒါဟာ ဒီမိုကရေစီ ကို ရွေးတယ်ဆိုပြီး ရဲရဲဝံ့ဝံ့နဲ့ လုပ်သွားတဲ့အတွက် အဲဒီတုန်းက ကြံ့ခိုင်ရေးအသင်းရဲ့ဆောင်ရွက်မှုဟာ သမိုင်းမှာ ပြောင်ခဲ့တယ်ဗျာ။ ကြံ့ခိုင်ရေး အသင်းက အဲဒီလို ပြတ်ပြတ်သားသား ပြောင်ခဲ့တယ်။ တပ်မတော်သားတွေကလည်း မှန်မှန်ကန်ကန်ပဲ သူတို့ရဲ့ အသဲကြားထဲကမဲတစ်ပြားကို လွတ်လွတ်လပ်လပ် တွေးပိုင်ခွင့်ရှိတဲ့ဟာကို မှန်မှန်ကန်ကန် အသုံးချပြီး ပေးလိုက်တယ် ဆိုတဲ့အခါကျတော့၊ ပြည်သူလူထုကလည်း မှန်မှန်ကန် ကန် ပေးလိုက်တဲ့အခါကျတော့၊ ဦးနုက ပုံအောပြီး အပြည့်ရသွားတာပေါ့ ခင်ဗျာ။ ဦးနုကလည်း သိတဲ့အတိုင်းပဲဗျ။ သူကလည်းပဲ သတ္တိ အင်မ တန်ရှိတဲ့လူပဲဗျ။ သူက ဝန်ကြီးချုပ်လုပ်နေတယ်ဆိုတာက သတ္တိမရှိဘဲနဲ့လုပ်တာမှ မဟုတ်ပဲ။ သူ့မှာ အင်မတန်ကို သူရသတ္တိ၊ ဓမ္မသတ္တိ ရှိတယ် ဆိုတာလည်းပဲ ကျနော်တို့ ပုဂ္ဂိုလ်ကြီးကလည်း သိတယ်လေ။ သိတော့ အဲဒါနဲ့ပတ်သက်တာ အားလုံးကို သူက နောက်ဆုံးမှာ သွားပြီးတော့ မှားကြောင်းဘာကြောင်း ဝန်ခံပြီးတော့ပေါ့ဗျာ။ အမှန်ကတော့ သူလည်းပဲ တော်တော်လေး ဒီလိုလုပ်ခဲ့ရတဲ့ကိစ္စမှာ သူရဲ့ဆုံးဖြတ်ချက်လုပ်ကိုင် ချက်က တိုင်းပြည်အတွက် မှားသွားပြီဆိုတာကိုလည်း သူသိတဲ့အတွက်၊ အခုလည်းပဲ ဒီဟာကို အပြစ်ပေးခံရတော့မလား၊ ဘာဖြစ်လို့လဲဆို တော့ ဟိုဘက်မှာ ရွေးကောက် ပွဲနဲ့ပတ်သက်လို့ ဦးနုက မဲအများကြီးကလည်း ရခဲ့ပြီး ဖြစ်တာကြောင့်၊ အဲဒီအပေါ်မှာ စိုးရွံ့ပြီးတော့ နောက်ဆုံး တော့ အဲဒါ သူ “တပ်ကို ပြင်ပါ မယ်” ဆိုပြီးတော့၊ အဲဒီမှာနောက်ဆုံး သူက လုပ်ပြလိုက်တယ် အဲဒီလို လုပ်ပေးလိုက်တယ်လို့ ကျနော် မြင်လိုက် တယ်လေ။ ကိုယ့်တပ်ကိုယ်ပြန် နင်းသလို ဖြစ်သွားတာပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ ရတနာပုံရေတပ်စခန်း (နောင် ရန်ကုန် သံလျှက်စွန်း ဧရာဝတီရေတပ်စခန်းဌာနချုပ်) မှာ ဖြစ်ခဲ့တဲ့ “တပ်မှူးများညီလာခံ” ကို အန်ကယ် ကျနော်တို့ကို ပြောပြပေးပါ။ ၁၉၆၀ ရွေးကောက်ပွဲရဲ့အကျိုးဆက် ဆိုတာပဲ ကျနော်တို့ သိနေတယ်။ သေသေချာချာ အသေးစိတ် မသိတော့ အဲဒီ ရတနာပုံရေတပ်စခန်းက တပ်မှူးများညီလာခံမှာ ဘာဖြစ်ခဲ့သလဲဆိုတာ၊ အန်ကယ် စပြီး ပြောပြပေးပါ ခင်ဗျ။
ဦးတင်ဦး။ ။ ခင်ဗျားကလည်း တခါကလည်း ဒါပဲ မေးထားတာပဲ။ ကျနော်ကလည်းပဲ အင်မတန် စိတ်မကောင်းလို့။ ခင်ဗျားဆီကလည်း ဒုတိယအကြိမ်မေးတော့လည်း၊ အမေးရှိမှတော့ နည်းနည်းလေးတော့ ပြောရမှာပေါ့ ဗျာ။
ဦးရော်နီညိမ်း။ ။ အန်ကယ် ပြောသင့်သလောက်တော့ ပြောပြပေးပါ။ ကျနော်လည်း သဘောတော့ ပေါက်ပါတယ်။ အန်ကယ် ထောက် ထားရမယ့် ပုဂ္ဂိုလ်တွေ ရှိနေသေးတယ် ဆိုတာ။
ဦးတင်ဦး။ ။ အဲဒီတော့ဒီလိုဗျ။ ရွေးကောက်ပွဲပြီးသွားတဲ့ အချိန်ကျတော့၊ အမှန်ကတော့ဗျာ၊ သူတို့ချင်း ဘာဖြစ်တယ်တော့ ကျနော် လည်း မသိဘူးပေါ့။ နောက်မှ ဟိုကပြော ဒီကပြောတွေတော့၊ ရှိတာပေါ့ဗျာ။ မနက် (၈) နာရီလောက်မှာ ရတနာပုံရေတပ်စခန်းမှာ လုပ်မှာ၊ မလုပ်ခင် တပ်မှူးတွေကို (၈)နာရီမတိုင်ခင်ကို။
ဦးရော်နီညိမ်း။ ။ အဲဒါ ၁၉၀၀ ဘယ်နှစ်ခုနှစ်လဲ အန်ကယ်။
ဦးတင်ဦး။ ။ အဲဒါ ၁၉၆၀ ခုနှစ်ပဲလေ၊ ရွေးကောက်ပွဲပြီး ဘာမှမကြာဘူး။ ဟုတ်တယ် ၁၉၆၀ခုနှစ်ထဲမှာပဲ။ ၁၉၆၁ တောင် မကူးသေးဘူး။ ၁၉၆၁ ဆို ကျနော် တပ်မဟာ(၁၃)ရဲ့ တပ်မဟာမှူး ဖြစ်နေပြီလေ။ အဲဒီတော့ အဲဒါ မတိုင်ခင်မှာပေါ့။ ကျနော် အဲဒီတုန်းက တပ်ပေါင်းစုမှူး (ရခိုင်) ဗျ။ ဒုဗိုလ်မှူးကြီး…ဒုဗိုလ်မှူးကြီး။ အဲဒါနဲ့ ဗျာ၊ အဲဒီကို ရောက်ပြီးတဲ့အခါကျတော့ မစခင် လေးမှာ၊ အဲဒီ ဗိုလ်ချုပ်နေဝင်းပေါ့။ သူက အခန်းထဲမှာ အရင် အစောကြီးကတည်းက ရောက်နေတယ်ခင်ဗျ။ သူ့ရုံးခန်းထဲမှာ။ ကျနော်တို့လည်း ဝင်ကြတာပေါ့၊ အစည်းဝေးခန်းလေးပေါ့၊ စုပေါင်းထိုင်တဲ့ နေရာမျိုးမှာ စီပြီးထိုင်နေကြတာပေါ့။ ထိုင်နေတုန်း ဗိုလ်မှူးခင်ညိုကို ကာကွယ်ရေးဦးစီးချုပ်က ခေါ်နေတယ်လို့ ပြောတော့ ဗိုလ်မှူးခင်ညို ထသွား တယ်ဗျ။ ထသွားပြီးတော့ ဘာမှ မကြာဘူးပေါ့၊ မကြာဘူးဆိုတာ ဆယ့်ငါးမိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ ရှူးရှူးရှဲရှဲနဲ့ သူပြန်ဝင်လာတယ်။ မျက်နှာလည်း နီနေတယ်ဗျ၊ ကာကွယ်ရေးဦးစီးချုပ်က မှာလိုက်တယ်တဲ့၊ မင်းတို့အထဲမှာ အခု လက်နက်ပါလာတဲ့ကောင်ရှိရင် ဒီလက်နက်ကို ခုံ ပေါ်လာတင်ထားလို့ ကာကွယ်ရေးဦးစီးချုပ်ကပြောတယ်တဲ့။ အဲဒီလို ပထမဦးဆုံးပြောတယ်။ အဲလိုပြောလိုက်တော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ကြတာပေါ့ ဗျာ။ ကြည့်ကြတော့ လက်နက်တွေကလည်း ဘယ်သူမှ မပါပါဘူး။ တစ်ယောက်မှလည်း မပါကြဘူး။ အဲဒီတုန်းက ကျနော်က ဘယ်သူနဲ့ ထိုင်သလဲဆိုတော့၊ ကျနော့် ဘေးနားမှာ ဗိုလ်မှူးကြီးတင့်ဆွေ ဗျ။ ဒုဗိုလ်မှူးကြီးတင့်ဆွေ ထိုင်နေတယ်ဗျ။ ကျနော်တို့က အငယ်ဆုံးကို ဗျ။ ကျနော်က တပ်ပေါင်းစုမှူးဆိုတော့ တပ်မဟာမှူးပြီးရင် ကျနော်ပေါ့။ ထိုင်နေပြီးတော့မှ တစ်ယောက်ပြီးတစ်ယောက် ခေါ်ခေါ်ပြီး ပစ်ပစ်ခါခါ ဆဲ တာပေါ့ဗျာ။ ဆဲတဲ့ စကားလုံးတွေတော့လည်း ကျနော် မပြောချင်တော့ပါဘူး ဗျာ။ တော်တော်လေး ပက်ပက်စက်စက် ဆဲတယ်ပေါ့။
(ဗိုလ်မှူးခင်ညို = ၁၉၆၂ အာဏာသိမ်းစစ်ကောင်စီ တော်လှန်ရေးကောင်စီဝင်ဟောင်း၊ ၁၉၆၄ တွင် ကျပ် (၁၀၀) တန် နှင့် ကျပ် (၅၀)တန် ငွေစက္ကူများအား တော်လှန်ရေးကောင်စီမှ တရားမဝင် မကြေညာမီ၊ ထိုကိစ္စပေါက်ကြားမှုဖြင့် အနားပေးခြင်း ခံရသူ။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၏ နိုင်ငံရေးပါတီ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူ ကွယ်လွန်သူ ဗိုလ်မှူးကြီးခင်ညို)
(ဒုဗိုလ်မှူးကြီးတင့်ဆွေ = မကြာခင်က ကိုယ်ရေးအတ္ထုပတ္တိစာအုပ် ရေးသားခဲ့သူ၊ ၈၈၈၈ လူထုအုံကြွမှုအချိန်တွငိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ နောက်ဆုံးဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၇) ဦးထဲမှ တစ်ဦး၊ အမှတ်(၁) စက်မှုဝန်ကြီးဟောင်း၊ အငြိမ်းစား ဗိုလ်မှူးချုပ်တင့်ဆွေ)
ဦးရော်နီညိမ်း။ ။ အများရှေ့မှာလား အန်ကယ်။ တစ်ယောက်ချင်းကို ခေါ်ပြီးတော့ ပြောတာလား။
ဦးတင်ဦး။ ။ အကုန်လုံးကို ဆဲတာပေါ့ဗျာ။ ဆဲပြီးတော့မှ သူလည်း တော်တော့်ကို ဒေါသဖြစ်နေပြီးတော့ ဆဲပြီးတော့ တခါထဲ ဘာပြော သလဲဆိုတော့၊ ဗိုလ်ချုပ်မောင်မောင် (ထိုစဉ်က ဗမာ့တပ်မတော် နံပါတ်(၃) ခေါင်းဆောင်၊ ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်) ကို တော့ သူ နိုင်ငံခြားကို တာဝန်ပေးလိုက်ပြီပေါ့။ အစ္စရေး သံအမတ်ပေါ့။ နောက်ပြီးတော့ ကျနော်တို့ ဥက္ကဌ ဦးအောင်ရွေ (ထိုစဉ်က မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ရွှေ၊ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ) ကိုလည်းပဲ၊ ဦးအောင်ရွေ က အဲဒီမှာထိုင်နေတော့ ဦးအောင်ရွှေကိုလည်း ပြောစရာရှိတာတွေ သူပြောပြီးတော့၊ တခါထဲ မင်း သြစတြေလျ သံအမတ်၊ သွား။ အခု ကျနော် ပြောတဲ့ လေသံတော့ မဟုတ်ဘူး၊ လေသံတွေကတော့ မာမာကြီးပေါ့။ အဲလိုပဲ 'သွား' လို့ပြောတယ်။ ပြောပြီးတဲ့အခါကျတော့ တစ်ယောက်ပြီး တစ်ယောက်ပေါ့၊ အဲဒီ မှာ ဟို …ကြည်ဝင်း (၁၉၉၀ ရွေးကောက်ပွဲတွင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၏ နိုင်ငံရေးပါတီ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီ ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူ ဗိုလ်မှူးကြီးဟောင်းကြည်ဝင်း) လို့ ပြောပြီး မင်းထွက်၊ ချစ်ခိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ကော်မီတီဝင် ကွယ်လွန်သူ အြငိမ်းစား ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်) လို့ ပြောပြီး မင်းထွက်၊ နောက်ပြီး ဘယ်သူကတော့ဖြင့် စစ်သံ၊ အဲဒီလို ပေါ့၊ ထွက်ခိုင်းတဲ့ထဲမှာ ကိုချစ်ခိုင်ကို ထွက်ခိုင်းတယ်။ နောက်ပြီးတော့ မြတ်ထန် (ကွယ်လွန်သူ စာရေးဆရာ၊ ချယ်ရီမဂ္ဂဇင်းကို တည်ထောင်ခဲ့သူ) ခေါ်တဲ့ ကိုတင်မောင်၊ ဗိုလ်မှူးကြီးတင်မောင်ကို ထွက်ခိုင်းတယ်။ နောက် ဗိုလ်မှူးကြီးဘဖြူကို ထွက်ခိုင်းတယ်။ နောက်ပြီးတော့မှ တခါ စစ်သံ အနေနဲ့ ဗိုလ်မှူးကြီးထွန်းစိန် (၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရအချိန် ရန်ကုန်မြို့တော်ဝန် ဖြစ်ခဲ့သူ) တို့ ဗိုလ်မှူးကြီးလှမော် (သံအမတ်ကြီးဟောင်း ဦးလှမော်) တို့ ကိုစိန်မြ (၈၈၈၈ အရေးတော်ပုံ နောက်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်တွင် PDF တပ်ကို တည်ထောင်ခဲ့ပြီး လွတ်မြောက်နယ်မြေတွင် ကွယ်လွန်ခဲ့သူ ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ)တို့ နောက်ပြီးတော့ နောက်ထပ် တစ်ယောက်နှစ်ယောက်လည်း ပါသေး တယ်။ အဲဒါတွေကိုတော့ မင်းတို့ စစ်သံ၊ သွား။ အကုန်လုံးပေါ့လေ၊ ကျနော့် ညာဘက်က ဘယ်သူထိုင်နေလဲဆိုတော့ ဗိုလ်မှူးကြီးဘဖြူ ထိုင်နေ တယ်ဗျ။ အဲဒီတော့ ဗိုလ်မှူးကြီးဘဖြူ ထွက်လို့ ပြောပြီးရင် ကျနော်ပဲလေ၊ ကျနော်နဲ့ ကိုတင့်ဆွေနဲ့ပဲ ကျန်တော့တယ်။ ကျန်တဲ့ ရှေ့တန်းကတော့ လူကုန်သွားပြီ။ ကုန်သွားပြီ ဆိုတာ အကုန်လုံး လောက်ပါပဲ။ ထွက်တာရော၊ စစ်သံသွားတာရော၊ သံအမတ်နဲ့ လွှတ်တာရော၊ ကုန်သွားပြီ။ ထွက်ခိုင်းတဲ့ စကားတွေက စချီတဲ့ စကားလေးတွေက မကောင်းလှဘူးဗျ။ တိုတိုတုတ်တုတ်နဲ့ပဲ ပြောပြီး သူထွက်ခိုင်လိုက်တယ်။ သွားခိုင်း လိုက်တယ်ပေါ့ဗျာ။ အဲဒီတော့ ကျနော့်ညာဘက်က ကိုဘဖြူ ကျတော့ကာ သူပြောတဲ့စကားက တော်တော်တော့ မကောင်းဘူးဗျ။ ကိုဘဖြူ လည်း ဆုံးသွားပါပြီ။ အဲဒီမှာ ကိုဘဖြူကြီးကို သူ သိပ်ပြီးတော့ ပက်ပက်စက်စက်ပြောတာဗျ။ ပြောတာကတော့ မင်း အင်္ဂလိပ်တပ်က လာတယ်။ ဒါ နယ်ခဲျ့တပ်က လာတဲ့ကောင် ပေါ့။ တို့အထဲမှာပါတဲ့ အဖွဲ့အစည်းကကောင် မဟုတ်ဘူး။ မင်းကတော့ ဘာမှ သိတဲ့အကောင်မဟုတ်ဘူး။ ယောင်တောင်ပေါင်တောင်နဲ့ ပါတဲ့ကောင်၊ မင်းလည်းထွက် ပေါ့လေ။ အဲလို စကားမျိုးပြောလိုက်တော့ ကိုဘဖြူက တော်တော် စိတ်ထိခိုက်သွား တယ်။ ကျနော့်အလှည့်ရောက်တော့ ကျနော်ပြီးကိုတင့်ဆွေ။ နှစ်ယောက်ပဲ ကျန်တယ်။ ကျနော့်ဆီရောက်မှ ရပ်သွားတယ်ဗျ။ ဘာမှ ဆက်မပြော တော့ဘူး။ ရပ်သွားတယ်။ ရပ်သွားတော့ တို့ မပါတော့ဘူး ပေါ့။ ဒါပေမယ့် စိတ်တော့ မကောင်းဘူးလေ။ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေ အားလုံး အကုန်လုံးလောက် ထွက်သွားကြရတော့။ အဲဒီလောက်ပဲ ထားပါတော့ဗျာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်လ် ဒီကိစ္စ နဲ့ပတ်သက်ပြီး အန်ကယ့်ကို ကျနော် နောက်ဆုံး တစ်ချက်ပဲ မေးချင်တာက၊ အဲဒီ ဦးနု က နေပြီးတော့မှ ဗိုလ်ချုပ်ကြီးနေဝင်းကို တိုင်ကြားသလို အခု အထုတ်ခံရတဲ့ ဆိုရှယ်လစ်တပ်မှူးကြီးတွေ (အာဏာရ ဖဆပလပါတီကြီးအတွင်းမှ ဦးကျော်ငြိမ်း-ဦးဗဆွေ ခေါင်းဆောင်သော ဆိုရှယ်လစ်အုပ်စုနှင့် နီးစပ်သော တပ်မတော်ထဲမှ တပ်မှူးကြီးများ)ကော၊ သံအမတ်အဖြစ်စစ်သံအဖြစ် အပို့ခံရတဲ့ ဒီတပ်မှူးကြီးတွေကော တကယ်ပဲ အပြစ်ရှိသလား ခင်ဗျ။ အန်ကယ် ဘယ်လိုမြင်ပါသလဲ အဲဒီ ၁၉၆၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့။
ဦးတင်ဦး။ ။ အမှန်ကတော့ ဒီလိုဗျ၊ သေတဲ့လူလည်း သေကုန်ကြပါပြီ ဗျာ။ အဓိပ္ပါယ်ကတော့ သူ (ဗိုလ်ချုပ်ကြီးနေဝင်း)ကတော့ ဟို တစ်ဖက် (ဦးကျော်ငြိမ်း-ဦးဗဆွေ ခေါင်းဆောင်သော ဖဆပလ “တည်မြဲ”ပါတီ) အပေါ်မှာ သံယောဇဉ်ရှိတာတော့ အမှန်ပဲဗျ။ ဒါ သိသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပြီးတော့ caretaker စလုပ်တယ် (၁၉၅၈ အာဏာရ ဖဆပလ ပါတီကြီး အကွဲအပြဲ ကာလ၊ တပ်မတော်မှ caretaker government အိမ်စောင့်အစိုးရအသွင်နှင့် အာဏာသိမ်းထားခြင်း) ဆိုကတည်းက၊ ဒီထဲက စပြီးတော့ ဒီ idea (ဦးကျော်ငြိမ်း-ဦးဗဆွေ ခေါင်း ဆောင်သော ဖဆပလ “တည်မြဲ”ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရအောင် တပ်မတော်မှ ပံ့ပိုးပေးရေး အယူအဆ) ဖြစ်လာတာကိုးဗျ။ အဲဒီတော့ တော်တော်စောစောတုန်းက တောင်မှပဲ ပြောသံဆိုသံ ကြားလိုက်တယ်။ ဆိုရှယ်လစ်တပ်မှူးကြီးတွေထဲက ဒို့လိုချင်တာကို လုပ်ပေးနေပြီ ဆို တဲ့ သဘောမျိုးတောင်ပြောလို့ ဆိုလို့၊ သူတို့က (ဖဆပလ “တည်မြဲ”ပါတီ က) ဘာမှ မပြောမဆိုဘဲနဲ့ ငြိမ်နေလိုက်တဲ့ ဟာမျိုးတွေတောင် ရှိခဲ့ တာပဲ ဘလေ။ ဒါပေမယ့် စပြီး လုပ်စဉ်အခါတုန်းကတော့ trend ကတော့ ၁၉၆၀ရွေးကောက်ပွဲရဲ့နောက်ပိုင်းမှာ ဖြစ်လာတဲ့ဟာတွေ အပေါ်မှာ၊ ဒါတွေ ကတော့ တပ်မတော်အတွက်ကတော့ သူတို့နဲ့ အတူတကွ ရောပြီးတော့ သိက္ခာကျသွားပြီ။ ဒါကိုတော့ ပြန်လုပ်ကြစို့ရဲ့ဆိုတဲ့ အနေနဲ့၊ သို့သော် လည်း သူ့မှာ (ဗိုလ်ချုပ်ကြီးနေဝင်းမှာ) အကြောက်တရားက ပါသွားတော့ကာ နောက်ထပ် ၁၉၆၂ ခုနှစ် (စစ်အာဏာသိမ်းခြင်း) ပေါ်လာတဲ့ သဘောဖြစ်သွားတယ်လို့ ကျနော်တို့ ဒီလိုတွက်လို့ ရမှာပေါ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့အန်ကယ်။ အဲဒီတော့ ကျနော် ဒီလိုမြင်ကြည့်တာပေါ့။ အန်ကယ်က တပ်မှူးဟောင်းကြီးအနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်အထိလည်း တာဝန်ယူခဲ့ဖူးတဲ့ တပ်မှူးကြီးအနေနဲ့၊ ဘာကိုမှ ထောက်ထားတာတို့ ညှာတာတို့ ခဏ ဘေးချိတ်ထားပြီးတော့၊ ဒီ ၁၉၆၀ ရွေးကောက်ပွဲမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဖြစ်သွားရတာကို သင်ခန်းစာထုတ်တဲ့အနေနဲ့ ကြည့်လို့ရှိရင်၊ ဦးနေဝင်းက ပထမတော့ လည်း သူက လွှတ်ပေးထားတဲ့ သဘောမျိုးရှိတယ်လို့လည်း ပြောသံတွေ ကျနော်တို့ ကြားဖူးတယ်။ အဲဒီတော့ ဘာပဲပြောပြော ဒီလိုမျိုး ဆိုရှယ် လစ်တပ်မှူးကြီးတွေ အရေးယူခံရတဲ့အခါမှာ သူလည်း လွှတ်ပေးခဲ့တယ်ဆိုရင်၊ သူ့မှာလည်း အပြစ်ရှိနေတာပဲ။ အဲဒီတော့ ဒီ အရေးယူခံရတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ အရေးယူခံရတယ် ဆိုလို့ရှိရင်၊ အထိုက်အလျောက်ကတော့ အကုန်လုံး အပြစ်ရှိနေတာပဲ။ အဲဒီတော့ ဘာပဲပြောပြော ဒီလို ပြောလို့ မရဘူးလား။ တပ်မတော်က ကိုယ့်ဘာသာကိုယ် တပ်ထဲမှာပဲ မနေပဲနဲ့၊ ဒီနိုင်ငံရေးထဲမှာ သွားပြီးတော့ ပါဝင်စွက်ဖက်တဲ့အတွက် ဝမ်း နည်းဖွယ်ရာကိစ္စက အဲဒီတုန်းကတည်းက အကြီးကြီး ပေ့ါနော်။ စပြီးတော့ ဖြစ်တယ်လို့။
ဦးတင်ဦး။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဒီလို လေးလေးနက်နက် ပြောပါရစေဗျာ။ ကျနော်တို့ တပ်မတော်သားဟာ ဟုတ်ပါတယ်၊ မှန်ပါ တယ်။ သူတို့ဟာ အဖွဲ့အစည်းတစ်ရပ် အနေနဲ့တော့ ထူခြားတဲ့ အသွင်အပြင်နဲ့ဖွဲ့ထားတာ မှန်သော်လည်းပဲ၊ လုပ်ငန်းကိစ္စရပ် အ၀၀မှာတော့ ဝန် ထမ်းကောင်းအဖွဲ့အစည်းတခုအနေနဲ့ သူတို့ ကျွမ်းကျင်တာနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေး ကာကွယ်ရေးကို သူတို့ဟာ ဝန်ထမ်းကောင်းပီပီ လုပ်ပေးရ မယ့် ဟာပါ။ တကယ်တမ်း ပြည်သူလူထုရဲ့ထောက်ခံမှု ပြည်သူလူထုရဲ့အားပေးမှု အဲဒါ မရှိဘဲနဲ့တော့ မရဘူး။ အမှန်ကတော့ ဒီပြည်သူလူထုရဲ့ ထောက်ခံမှုအားပေးမှု ဆိုတာက၊ ခုနပြောသလိုပဲ အခွင့်အရေးတွေပေးတာတို့ ခြိမ်းခြောက်တာတို့၊ ဒါတွေနဲ့တော့ မရဘူး။ ပြည်သူလူထုရဲ့ဆန္ဒ ကို အနူးအညွတ်ယူဖို့အတွက် ဆိုရင်ကတော့၊ တခါတည်း ပြေပြေလည်လည်လေးကို ကျနော်တို့အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့ လုပ်တဲ့နည်း လမ်းကသာလျှင်၊ အရှည် အေးချမ်းရေး၊ ငြိမ်းချမ်းရေးကို ဦးတည်လိမ့်မယ်လို့ ကျနော် ဒီလိုပဲ တွက်တယ် ခင်ဗျ။