သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်မည့် NLD၊ ညီနောင် အမျိုးသားဒီမိုကရေစီပါတီနှင့် အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး


တပ်မှူးတပ်သား ပြောစကား (၀၈၇)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၊ ၂၀၁၁ နိုဝင်ဘာ(၁၈)ရက်နေ့စွဲနဲ့ အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ကို ထုတ်ပြန်ခဲ့တာမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ မှတ်ပုံ တင်ပြီးတော့၊ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့၊ ဖေါ်ပြပါရှိပါတယ်။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နဲ့ ညီနောင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီတို့ရဲ့ အလားအလာတချို့နဲ့ပတ်သက်ပြီး၊ အဖွဲ့ ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဆက်သွယ်မေးမြန်းပြီး၊ ဒီသီတင်းပတ် တပ်မှူး တပ်သား ပြောစကားကဏ္ဍမှာ၊ ဆွေးနွေးတင် ဆက်ထားပါတယ် ။

ဦးရော်နီညိမ်း ။ ။ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၊ အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ကို ထုတ်ပြန်ခဲ့တော့၊ အန်ကယ့်အနေနဲ့ အဖွဲ့ချုပ်ရဲ့ဒုတိယဥက္ကဋ္ဌအနေနဲ့၊ ပြောသင့်ပြောထိုက်တာ ပြောနိုင်တာ လေးတွေကို ပြောပြပေးဖို့၊ ရှေးဦးစွာ မေတ္တာရပ်ခံလိုပါတယ်။ ပထမဦးဆုံးသိချင်တာက၊ ဒီကနေ့ ကျင်းပတဲ့ ဗဟိုဦးစီးအဖွဲ့ရဲ့ အစည်းအဝေးကို၊ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေ တက်ရောက်ပါသလား ခင်ဗျ။

ဦးတင်ဦး ။ ။ သူ့ကိုတော့ ဘိတ်ကြားပါတယ်။ ဒါပေမဲ့ သူက အသက်က ကြီးမားနေပြီးတော့၊ ကျန်းမာ ရေးက ချို့တဲ့နေတာကြောင့်၊ သူက အခုလို ဘိတ်တာကို အင်မတန် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ သို့ သော် ကျန်းမာရေးအရ မတက်နိုင်ခြင်းကို ခွင့်ပြုဖို့အကြောင်း၊ အခု လက်ရှိဆောင်ရွက်နေတဲ့၊ နောင်ဆောင် ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးမယ့် ဗဟိုဦးစီးအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကို ထမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်တာနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်လုပ်မယ့်ကိစ္စအ၀၀အတွက် ဆုမွန်ကောင်းတောင်း တယ်ဆိုတဲ့၊ သဝဏ်လွှာကိုတော့ ပေးပို့ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဗဟိုဦးစီးအဖွဲ့က ဒီလောက်အရေးကြီးပြီး၊ ဒီကနေ့ ဆုံးဖြတ်မယ့်ကိစ္စကို ကော၊ အဖွဲ့ချုပ်ရဲ့ တာဝန်အရှိဆုံးဥက္ကဋ္ဌအနေနဲ့ သူ့ရဲ့ ဆန္ဒကိုကော၊ ကြိုတင်ပေးပို့ထားတာ ရှိပါသလား ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီလို မရှိပါဘူး ခင်ဗျာ။ သူကလည်းပဲ အနားယူတာလို ဖြစ်နေပြီးတော့၊ ရှိသမျှကိစ္စအ၀၀ ကို ဆောင်ရွက်စရာရှိတာကို၊ ကျနော်ကပဲ ညှိနှိုင်းပြီးတော့ အဖွဲ့ချုပ်မှာ ဆောင်ရွက်နေတာတွကို ကျနော်က သူ့ကို ပြောပြပါတယ်။ သူကတော့ ဘာမှ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ပါဆိုတာကို၊ မပြောတော့ပါဘူး။ အဲဒါ ကြောင့် အခုလိုဘိတ်တာကို ဝမ်းမြောက်ကြောင်းနဲ့ ဆက်လုပ်မယ့်ကိစ္စအ၀၀တွေ အောင်မြင်ဖို့ ဆုမွန်ကောင်း တောင်းတယ်ဆိုတဲ့၊ သဝဏ်လွှာကို ပို့လိုက်တာပါ။

ဦးရော်နီညိမ်း ။ ။ ဒီလိုပါ၊ အန်ကယ်တို့ NLD က ဒီကနေ့ထုတ်တဲ့ ကြေညာချက်ထဲမှာ၊ အားလုံးပေါင်း ကိုယ်စားလှယ်(၁၁၆) ဦးရှိတဲ့အထဲက (၁၀)ဦးပျက်ကွက်တဲ့အထဲမှာ၊ ဦးအောင်ရွှေလည်း ပါနေတော့၊ တာဝန် ရှိပါတီဥက္ကဋ္ဌအနေနဲ့ ဒီနေ့ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှာ သူသည် ဒီကနေ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သ လား၊ သဘောတူသလား (သို့မဟုတ်) ကြားနေသလားဆိုတာကို၊ မသိရလို့ပါ။

ဦးတင်ဦး ။ ။ သူက အဖွဲ့ချုပ် ရပ်တည်ရေးဆိုတာကို၊ ဟိုးနဂိုမူလတုန်းကတည်းက စေတနာရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ သူကနေ ဗဟိုဦးစီးအဖွဲ့ရဲ့ ဒီကနေ့ဆုံးဖြတ်ချက်ကို မကန့်ကွက်ဘူးလို့၊ ယူဆလို့ရတယ် ပေါ့။

ဦးတင်ဦး ။ ။ မရှိပါဘူး၊ သူက ဘာမှ မကန့်ကွက်ပါဘူး။

ဦးရော်နီညိမ်း ။ ။ အန်ကယ်တို့ ဒီကနေ့ ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ်မှာ၊ ၁၉၉၀ ရွေးကောက်ပွဲတုန်း က အန်ကယ်တို့ရဲ့ NLD ပြီးရင်၊ ဒုတိယမဲအများဆုံးရခဲ့တဲ့၊ တိုင်းရင်းသားပါတီလည်း ဖြစ်တဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နဲ့ တခြားတိုင်းရင်းသားပါတီတွေပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသမား လူပုဂ္ဂိုလ်တွေကိုပဲ ဖြစ်ဖြစ်၊ ထပ်ပြီးတော့ ရှင်းပြဖို့ ရှိပါသလား ခင်ဗျ။

ဦးတင်ဦး ။ ။ ဒီဥစ္စာကို မလုပ်ခင်ကတည်းက၊ ဖြစ်ပေါ်လာမယ့် ကိစ္စအ၀၀ကို၊ ဒေါ်အောင်ဆန်းစုကြည်က SNLD က ဥက္ကဋ္ဌနဲ့ အတွင်ရေးမှူး မရှိကြပေမယ့်လည်း၊ ဒုတိယအကြီးဆုံး ပုဂ္ဂိုလ်ကို ခေါ်ပြီးတော့ ပြောပြတာ ရှိ တယ်။ နောက် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်တို့၊ ဇိုမီးအမျိုးသားကွန်ဂရက်က ပုဂ္ဂိုလ်တွေကို၊ ခေါ်ပြီးတော့ ကြေကြေလည်လည် ပြောဆိုဆွေးနွေးတာတွေ ရှိပါတယ်ခင်ဗျ။ SNLD က ရွေး ကောက်ပွဲကို မဝင်ဘူး၊ ပါတီကို ပြန်ပြီး မှတ်ပုံမတင်ဘူး ဆိုတာဟာ၊ သူတို့လည်း မှန်ပါတယ်။ ဘာလို့လည်း ဆိုတော့ သူတို့ခေါင်းဆောင်တွေ ခွန်ထွန်းဦးတို့ စိုင်းညွန့်လွင်တို့က အင်မတန်ကြီးလေးတဲ့ ထောင်ဒဏ်တွေနဲ့ နှစ်ရှည်ကျနေကြတဲ့အပေါ်မှာ မူတည်နေတာကိုး။ ကျနော်တို့ NLD အရင်တုန်းက ဖြစ်သလိုပေါ့။ ကျနော်တို့ ခေါင်းဆောင်ကိုတော့ ချုပ်ထားပြီးတော့၊ ရွေးကောက်ပွဲကျတော့ ဝင်ခိုင်းတယ်ဆိုတော့၊ ကျနော်တို့မှာ ဒီလို လုပ်ဖို့ရာ၊ ဘယ်လာပြီး စိတ်သန့်မလဲဗျာ။ သူတို့ SNLDမှာ အခုလည်း အဲဒီလို ဖြစ်နေတာကို၊ ကျနော်တို့က စာနာတယ်၊ ကိုယ်ချင်းစာ သဘောပေါက်တယ်။ ဒီကိစ္စအပေါ်မှာ သူတို့ဟာသူတို့ ဆုံးဖြတ်နိုင်ပါတယ်။ ဘာလို့ လည်း ဆိုတော့၊ ပါတီမှတ်ပုံတင်ရင်၊ အနည်းဆုံး မဲဆန္ဒနယ်သုံးနေရာမှာ ဝင်ပြိုင်ရမယ်ဆိုတော့၊ မှတ်ပုံတင် ပြီဆိုရင်တော့ မဲဆန္ဒနယ်တွေ ဝင်နိုင်သမျှ ဝင်ရတော့မယ် ဆိုတဲ့သဘောပေါ့။ ရွေးကောက်ပွဲ မဝင်ဘူးဆိုရင်၊ ဘာလို့ မှတ်ပုံတင်တော့မလဲ။ ရွေးကောက်ပွဲ မဝင်ရင်၊ ပါတီမှတ်ပုံတင်တာ ပျက်ပြယ်မယ်ဆိုပြီး၊ ချိတ်ဆက် ထားတာကိုးဗျ။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက အန်ကယ်တို့ ဒီနေ့ထုတ်ပြန်တဲ့ အထူးကြေညာချက်မှာပါတဲ့ NLD ရဲ့ ညီနောင်ပါတီ အမျိုးသားဒီမိုကရေစီပါတီ (National Democracy Party) ကို ကျနော်တို့ မှတ်မိတာကတော့၊ ၁၉၉၀ ရွေးကောက်ပွဲဝင်စဉ်က၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဲဒီအချိန်က စစ်အစိုးရက အရမ်းကို ဖိနှိပ် ချုပ်ချယ်နေတဲ့အတွက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ၊ မတရားသင်းကြေညာခံခဲ့ရရင်၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင်တွေ အဲဒီပါတီလေးထဲ ပြောင်းပြီးဝင်ကြဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတာလို့၊ သိရပါတယ်။ အဲဒီ အမျိုးသားဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကော၊ နောက်ထပ် အဲဒီ ပါတီလူကြီးတွေဖြစ်ကြ တဲ့၊ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးအေးမြင့် (ကျောင်းသားတပ်မတော် ABSDF၏နည်းပြမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ)၊ အငြိမ်းစားဗိုလ်ကြီး ဦးစိန်သောင်း၊ စတဲ့သူတွေဟာ၊ ပြည်ပကို ရောက်နေကြတော့၊ သူတို့ ကို ဘယ်လိုစဉ်းစားထားတာ ရှိပါသလဲခင်ဗျ။ သူတို့ကို ပြန်လာကြဖို့ ဘိတ်ခေါ်ဖို့ ရှိပါသလား ခင်ဗျ။

ဦးတင်ဦး ။ ။ သူတို့ကို ပြည်ပရောက်နေတယ်ဆိုပြီး၊ သူတို့ကို ကျနော်တို့က မပစ်ပယ်ပါဘူး။ စိတ်ချင်းက တော့ ပေါင်းနေကြတာပဲလေ။ နဂိုမူလရည်ရွယ်ချက်ကတော့ မှန်ပါတယ်၊ ခင်ဗျားပြောတဲ့အတိုင်း အဲဒီတုန်းက မတော်တဆများ အဖွဲ့ချုပ်ကို အကြောင်း တစ်ခုခုကြောင့် တစ်ခုခုများ ဖြစ်မှာစိုးတဲ့အတွက်၊ အမျိုးသားဒီမိုက ရေစီပါတီ ဆိုပြီး၊ သပ်သပ်ထောင်ထားတာ ဟုတ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အခုတော့ အဝေးရောက်နေကြတဲ့ အမျိုးသားဒီမိုကရေစီပါတီရဲ့ လူကြီးတွေ၊ ဒေါက်တာစိန်ဝင်းတို့၊ ဗိုလ်မှူးကြီးအေးမြင့်တို့ကို၊ ပြန်လာပြီး ပါတီတာဝန်တွေထမ်းဆောင်ကြဖို့ ဘိတ်ခေါ်ဖို့ အစီအစဉ် ရှိပါသလားလို့၊ သိချင်ပါတယ်။

ဦးတင်ဦး ။ ။ ခင်ဗျားပြောတာကို အကြောင်းပြုပြီးတော့ ကျနော်တို့မှာ စဉ်းစားစရာ ဖြစ်လာတယ်။ ကျနော်တို့ က ကျနော်တို့ဆီမှာ စာရင်းပေါက်ထားပြီးသား ဒေါက်တာစိန်ဝင်းက အစ အကုန်လုံးပါတယ်၊ သူ တို့ဟာ ပြည်ပမှာ ရောက်နေကြတယ်၊ ဒါကြောင့် ဒီနေ့ကျင်းပတဲ့ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှာ သူတို့ မလာ နိုင်ဘူးလို့၊ ကျနော်တို့ သတ်မှတ်ထားတဲ့ သဘောရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျနော်က ဒီနေ့အစည်းအဝေးကို ပြောတာမဟုတ်ပါဘူးခင်ဗျ။ အနာဂတ်မြန်မာ့နိုင်ငံ ရေးမှာ ပါဝင်ကြဘို့အတွက်၊ ပြန်လာကြဖို့ မဘိတ်ခေါ်တော့ဘူးလားလို့ မေးတာပါ။

ဦးတင်ဦး ။ ။ အနာဂတ်လည်း ဒီလိုပါပဲ။ သူတို့က စာရင်းပေါက်ထားပြီးသား။ ကျနော်တို့က ပြန်လည်ဖွဲ့ စည်းတဲ့ အခါမှာ၊ ဘယ်လိုပုံစံ ဖြစ်လာဦးမလဲ မပြောနိုင်သေးဘူး။ အဲဒါတွေက တပေါင်းထဲပေါ့၊ လုပ်ကြရမှာ က။

ဦးရော်နီညိမ်း ။ ။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း၊ ပြန်လာချင်တဲ့သူတွေ ပြန်လာနိုင်တယ်လို့ ဖိတ်ခေါ် ထားတော့၊ ဥပမာ - ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးဖြစ်တဲ့ ဦးပီတာလင်းပင် ဆိုရင်၊ ပြန်သွားပြီ။ ဒေါက် တာစိန်ဝင်းတို့ ဗိုလ်မှူးကြီးအေးမြင့်တို့ ဗိုလ်ကြီးစိန်သောင်းတို့၊ အမျိုးသားဒီမိုကရေစီပါတီရဲ့ လူကြီးတွေ၊ ပြန်လာပြီး ပါတီတာဝန်တွေ ထမ်းဆောင်ပါလို့၊ ဘိတ်ခေါ်ဖို့၊ အန်ကယ်တို့မှာ စဉ်းစားထားချက် ရှိပါသလားလို့ပါ။

ဦးတင်ဦး ။ ။ ရှိပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့၊ ပါတီနဲ့ကင်းကွာသွားတဲ့သူတွေအားလုံးကို၊ ကျနော် တို့က မပစ်ပယ်ဘူးလေ။ ဒီနေ့လုပ်တဲ့အစည်းအဝေးက အင်မတန်အားရစရာ ကောင်းတယ်။ ဝမ်းလည်း ဝမ်း သာမိတယ်။ အရင်တုန်းက ပါတီနဲ့ကင်းကွာသွားတဲ့သူတွေကို၊ ကျနော်တို့က ကင်းကွာသွားသူတွေလို့ ကျနော် တို့က မမှတ်ယူဘူး၊ အခြေအနေတွေအရ ဒီလိုကင်းကွာသွားကြရပေမယ့်၊ အခုလိုအချိန်အခါမျိုးမှာ၊ ကျနော် တို့က ဗဟိုဦးစီးအဖွဲ့အစည်းအဝေးကို ပြည့်စုံအောင်၊ အရင်ကတည်းက ဗဟိုဦးစီးအဖွဲ့ဝင် စာရင်းပေါက်ပြီး သားသူတွေကို၊ ဘိတ်လိုက်တဲ့အတွက်၊ အကုန်လုံး လာကြတယ်ခင်ဗျ။ ဒါကြောင့် ကျနော်တို့က ဘိတ်မန္တက ပြုနိုင်တဲ့သူမှန်သမျှကို ဘိတ်ပြီး၊ ပါဝင်ဆောင်ရွက်နိုင်ကြရင်၊ ဆောင်ရွက်ကြပါလို့ နှိုးဆော်ထားတဲ့ အနေအ ထား ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ သူတို့သဘောနဲ့သူတို့ ပြန်လာကြမယ်ဆိုရင်၊ အမျိုးသားဒီမိုကရေစီပါတီမှာ ဒီပုဂ္ဂိုလ် တွေကို ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပြုမယ်ပေါ့။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့၊ အခု ပြန်လည်ဖွဲ့စည်းတဲ့အခါမှာလည်း၊ အခု အခြေအနေအတိုင်းဆိုရင်၊ နှစ်ပါတီ ခွဲထား စရာမလိုပဲ၊ ရှိနေတဲ့ အင်အားစုတွေအားလုံး တပေါင်းထဲတစည်းထဲ၊ ဖွဲ့စည်းမယ့်ပုံသဏ္ဍာန်မျိုးလည်း ပေါ်ပေါက်ချင် ပေါ်ပေါက်လာလိမ့်မယ်။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ၊ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်၊ သူ့ပါတီ (အမျိုးသားဒီမိုကရေစီသစ်ပါတီ - New National Democracy Party) ကို ဖျက်ပြီး၊ အန်ကယ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောက်မှာ ပြန်လာပြီး ပေါင်းပါမယ်လို့၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနိုင်ရခဲ့တဲ့၊ အမတ်ဦးသိန်းညွန့်က ကြေညာထားတာ ရှိပါတယ်။ တကယ်ပဲ ဦးသိန်းညွန့်က သူ့ပါတီကိုဖျက်ပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အောက်မှာ ပြန်လာပြီးပေါင်းရင်၊ အန်ကယ်တို့ ဘယ်လိုသဘောထားရှိပါသလဲ။

ဦးတင်ဦး ။ ။ အဲဒီဟာကတော့၊ သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထွက်ခွာသွားစဉ်တုန်းက၊ ဖြစ် ပျက်ခဲ့တဲ့ အခြေအနေပေါ်မှာ ပြန်လည်လေ့လာပြီးရင်၊ အဲဒါနဲ့ ပတ်သက်လို့ ကြေကြေလည်လည် စဉ်းစားရ မယ့် သဘောရှိပါတယ်။ ဘာလို့လဲဆိုတော့၊ (၂၀၁၀ မတ်လမှာ ပါတီကို ပြန်လည် မှတ်ပုံတင်ရေး မတင်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး)ကို ဆွေးနွေးခဲ့ကြစဉ်က အားလုံးက CEC (ဗဟိုအလုပ်အမှုဆောင် အဖွဲ့)ကော၊ CC (ဗဟိုကော်မတီ) အဖွဲ့ဝင်တွေကော၊ ပါတီကိုမှတ်ပုံမတင်ဘူး ၂၀၁၀ ရွေးကောက်ပွဲကို မဝင် ဘူးလို့၊ အားလုံးသဘောတူ ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ပြီးမှ၊ သူက ခွဲထွက်သွားတယ်ဆိုတော့၊ သူသွားစဉ် အခါတုန်းက ပါတီကနေ လွင့်စင်ထွက် သွားတဲ့သဘောပေါ့။ သူ့ကိစ္စက တခြားကိစ္စတွေနဲ့ နှိုင်းယှဉ်ပြောရင် မတူဘူးပေါ့။ အဲဒီသဘောတော့ ရှိနေတယ်။ အဲဒါကို စည်းလုံးညီညွတ်ရေးကို အကြောင်းပြုပြီးတော့၊ ဒါကို ရှေ့ဆက်ပြီး ဆွေးနွေးတဲ့အခါမှာ အတူ ပါဝင်ပြီးလုပ်ကိုင်တဲ့အနေအထားနဲ့ပဲ တူရာတူရာ ဆောင်ရွက်ကြရာမှာ၊ တယောက်နဲ့တယောက်ကို ပူးပေါင်းဆောင်ရွက်ညှိနှိုင်းသွားတဲ့ ပုံစံသဘောမျိုးတွေ ဖြစ်ချင်လည်း ဖြစ်လာမှာ ပဲလို့၊ ထင်ပါတယ် ခင်ဗျ။။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်သွားခဲ့သော) အမျိုးသားဒီမို ကရေစီအင်အားစု (National Democracy Force) ပါတီက ခေါင်းဆောင် ဦးခင်မောင်ဆွေတို့က၊ အန်ကယ် တို့ NLD က ကမ်းလှမ်းရင်၊ သူတို့ကလည်း ပြန်လာဖို့ရှိတယ်လို့ ပြောထားပါတယ်။

ဦးတင်ဦး ။ ။ အဲဒါကလည်း နေပါဦး ခင်ဗျာ။ စောပါသေးတယ်။ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ လုပ်ဖို့ ကိုင်ဖို့ကိစ္စတွေထဲမှာ၊ ခင်ဗျားပြောတဲ့ issue တွေကို ပြောဆိုဆွေးနွေးကြရမှာ ဖြစ်တယ်။ သို့သော် ဘယ်လို outcome (ရလဒ်အဖြေ) ထွက်လာမလဲ ဆိုတာ၊ မသိဘူးပေါ့။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက အခု ပါတီမှတ်ပုံတင်ဖို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချပြီးသွား တော့၊ နောက်ထပ်ဆုံးဖြတ်ချက်တွေ ဆက်တိုက်လာဖို့ရှိပြီးတော့၊ အခုတော့ အန်ကယ်တို့ ဆုံးဖြတ်ကြဦးမှာ မဟုတ်သေးဘူး။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ၊ ဘယ်နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ်တို့၊ ဘယ်သူ တွေက ကိုယ်စားလှယ်လောင်းတွေအဖြစ် အန်ကယ်အပါအဝင်၊ ဝင်မလား မဝင်ဘူးလားဆိုတဲ့ ကိစ္စတွေက ဆုံးဖြတ်လို့ရမှာ မဟုတ်သေးဘူးဆိုတော့၊ နောက်ဆုံးတစ်ချက်အနေနဲ့ အန်ကယ့်ရဲ့ ကိုယ်ပိုင်သဘောထား တစ်ချက်ကိုပဲ မေးကြည့်ချင်ပါတယ်။ အခု တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံရေးက အထူးကောင်းမွန်လာပြီ၊ အမေရိကန်လိုနိုင်ငံက သမ္မတကတောင် ဒါကို အသိအမှတ်ပြုနေပြီ။ ဒါကို တကမ္ဘာ လုံးကလည်း ဝိုင်းပြီး အသိအမှတ်ပြုနေကြပြီ ဆိုတော့၊ အဲဒီလို အခြေအနေမျိုးမှာ အန်ကယ်ဟာ တပ်မတော် ရဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တယ်၊ တပ်မတော်က ကြည်ညိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ ပြည်သူ လူထုကလည်း ကြည်ညိုတဲ့ပုဂ္ဂိုလ် ဖြစ်တာကြောင့်၊ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံပါလို့ အန်ကယ့်ကို NLD က တာဝန်ပေးအပ်လာရင်၊ အန်ကယ်က ဒီတာဝန်ကို ယူဖို့ ဆန္ဒရှိပါသလား၊ ငြင်းပယ်ဖို့ ဆန္ဒရှိပါသလား ခင်ဗျ။

ဦးတင်ဦး ။ ။ ကျနော်ကတော့ ဒီတာဝန်ကိုယူဖို့ ဆန္ဒ မရှိတော့ဘူး ခင်ဗျ။ အခု ကျနော့်အသက်က (၈၅) နှစ် ဆိုတော့၊ ရှေ့ဆက်ပြီး သိပ်တက်တက်ကြွကြွလုပ်နိုင်မှာ မဟုတ်ဘူး။ ကျနော်က ဒီလိုလုပ်ပါမယ်။ ကျနော် က နဂိုမူလကတည်းက တပ်မတော်ကို သံယောဇဉ် ရှိတာကိုးဗျ။ ဒီတပ်မတော်ကြီးကို ပြည်သူလူထုက ပြန်ပြီး အင်မတန်မှ လေးစားကြည်ညိုချစ်ခင်တဲ့ တပ်မတော်ကြီး ပြန်ပြီးဖြစ်စေချင်တာပဲလေ။ အဲဒါကြောင့် ဒီလို ပြန် ဖြစ်လာအောင် လုပ်ဖို့က၊ ပြည်သူလူထုရဲ့ အခန်းကဏ္ဍက ကြီးမားတယ်ခင်ဗျ။ ပြည်သူလူထုဟာ တပ်မတော်ရဲ့ အမိ၊ တပ်မတော်ရဲ့ အဖ ဖြစ်တယ်။ ပြည်သူလူထုအပိုင်းမှာ၊ တပ်မတော်သားတွေကို ပြန်ပြီး ချစ်ခင်ကြည်ညို ယုံကြည်လာအောင် လုပ်တဲ့နေရာမှာ၊ တပ်မတော်သားတွေကလည်း ပြည်သူသည်အမိ ပြည်သူသာအဖ ဆို တဲ့ အတွေးအခေါ် ပြန်ဝင်အောင် လုပ်ဖို့၊ အဲဒါတွေကိုပဲ လုပ်ဖို့ပဲ။ ကျနော်က အသက်အရွယ် ရလာပြီမို့လို့၊ ဝင် ပြီး အရွေးခံတော့မှာ မဟုတ်ပါဘူး ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့်၊ အန်ကယ်က လွှတ်တော်ထဲမှာ ပါဝင်ဆောင်ရွက်ရင်၊ လက်ရှိ တပ်မတော် အဖွဲ့အစည်းတွေနဲ့ ပိုပြီး ထိထိရောက်ရောက် ရှိမလားလို့၊ နိုင်ငံအတွက်ပေါ့။

ဦးတင်ဦး ။ ။ ထိထိရောက်ရောက် ရှိမှာ မဟုတ်ဘူး။ ရှိနိုင်တော့မှာ မဟုတ်ဘူး။ အလှမ်းတော်တော် ဝေး သွားပြီခင်ဗျ။ သို့သော်လည်း အားလုံးကို ကျနော်တို့က လွှတ်တော်ရဲ့အပြင်ဘက်က၊ ပြည်သူလူထုရဲ့ အင်အား နဲ့ပဲ၊ ပြည်သူလူထုထဲမှာ ဖြစ်ပေါ်လာတဲ့ တရားသဖြင့်ဆန္ဒတွေကို ရရှိအောင် ဆောင်ရွက်နိုင်ခြင်းအားဖြင့်၊ ဆောင်ရွက်သွားနိုင်အောင်လုပ်ဖို့၊ ဆိုတဲ့ဟာတွေကိုပဲ ပြေလည်ရာပြေလည်ကြောင်းဖြစ်အောင်၊ ကျနော့်အနေ နဲ့ လုံးပမ်းလုပ်ကိုင် သွားဖို့ ရှိတယ်လို့ပဲ၊ ကျနော် မြင်တော့တယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ၂၀၁၁ နိုဝင်ဘာ(၁၈)ရက်နေ့စွဲနဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က၊ အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ကို ထုတ်ပြန်ပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ နဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်ပြီးတော့၊ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ် ပြိုင်မယ်လို့၊ ကြေညာခဲ့တာနဲ့ပတ်သက်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် ကြီး သူရဦးတင်ဦးကို ဆက်သွယ်မေးမြန်းတင်ဆက်ခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG