တပ်မှူးတပ်သား ပြောစကား (၀၃၆)
နိုဝင်ဘာလ (၂၃) ရက်နေ့က တောင်ကိုးရီးယားနိုင်ငံကို အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုးရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ ဆက်နွယ် ပတ်သက်ခဲ့တာတွေကို ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တပ်မတော်သားဟောင်းတွေက ပြောပြထားပါတယ်။
ဦးရော်နီညိမ်း။ ။ လူကြမ်းမင်းသားအဖြစ် ကမ္ဘာပေါ်မှာ အမြဲတမ်း အာရုံစိုက်ခံနေရတဲ့ မြောက်ကိုးရီးယားကို မြန်မာစစ်အစိုးရကတော့ အထူးမိတ်ဆွေနိုင်ငံအဖြစ်နဲ့ ဆက်ဆံနေတာမှာ မြောက်ကိုးရီးယားသံရုံးရဲ့ ဧည့်ခံပွဲတွေကို စစ်အစိုးရရဲ့ ထိပ်တန်းပိုင်းခေါင်းဆောင်တွေပဲ တက် ရောက်ချီးမြှင့်နေတာကို အစိုးရမီဒီယာတွေမှာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားနိုင်ငံနဲ့ ၁၉၈၃ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခဲ့ရာကနေ ၂၀၀၈ ခုနှစ်မှာ လက်ရှိ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုးရီးယားအစိုးရတို့ သံတမန် ဆက်ဆံရေး ပြန်ပြီး ထူထောင်ခဲ့ ကြတာပါ။ လက်ရှိ မြောက်ကိုးရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ၁၉၈၃မှာ သံတမန်ဆက်ဆံရေး ပြတ်တောက်စေခဲ့တဲ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန် ကို မြောက်ကိုးရီးယားသူလျှိုတွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ပြန်လည်ဆန်းစစ်ကြည့်ဖို့အတွက် ဒီ အရေးကိစ္စတွေနဲ့ ပါဝင်ပတ်သတ်မှုရှိခဲ့သူ တပ်မတော်သားတွေကို “တပ်မှူးတပ်သား ပြောစကား" အပတ်စဉ်ကဏ္ဍအတွက် ဆက်သွယ်မေးမြန်းထားပါတယ်။ ပထမဦးဆုံးတော့ ဝါရှင်တန် ဒီစီမြန်မာသံရုံးမှာ သံမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တဲ့ ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က လက်ရှိမြောက်ကိုး ရီးယား-မြန်မာ ဆက်ဆံရေးအပေါ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ တုန့်ပြန်မှုတွေကို အခုလို ပြောပြခဲ့ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။၂၀၀၄ ခုနှစ်ပေါ့လေ၊ အဲဒီကာလလောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေးသလို၊ အမေရိကန် လွှတ်တော်ပေါ့လေ၊ အဲဒီအချိန်တုန်းက အမေရိကန်နိုင်ငံခြားရေးရာကော်မီတီရဲ့ ဥက္ကဌ အထက်လွှတ်တော်က Senator (အထက်လွှတ်တော် အမတ်) Richard Lugar ။
ဦးရော်နီညိမ်း။ ။ အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီပေါ့။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ၊ Senator Richard Lugar ရဲ့ရုံးကို…
ဦးရော်နီညိမ်း။ ။ Democratic လား ၊ Republican လား ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ Republican ပါ ခင်ဗျ။ အဲဒီရုံးကို ကျနော်ရယ်၊ သံအမတ်ကြီး ဦးလင်းမြိုင်ရယ်၊ ကျနော်တို့ သွားခဲ့ရပါ တယ်။ ကျနော်တို့ ဒီ Senator ကြီးဆီကို မသွားခင်မှာ Senator ရဲ့ staffer (လက်ထောက်အရာရှိ) ဖြစ်တဲ့ Keith Ruth ပေါ့လေ၊ သူ ကျနော်တို့သံရုံးကို နှစ်ခေါက်တိတိ လာပါတယ်။ လာတဲ့အချိန်ခါမှာ ဒီမြောက်ကိုးရီးယားနဲ့ ပတ်သတ်ပြီး အသေးစိတ် သူတို့ သတင်းတွေကြား နေတယ်။ အဲဒီကိစ္စ မြန်မာအစိုးရနဲ့ ဆက်နွယ်နေသလား၊ ဟုတ်ပါသလား ဆိုတာတွေ ကျနော်တို့ကို မေးခဲ့မြန်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီဘက် ၂၀၀၁ ခုနှစ်ပေါ့လေ၊ သမ္မတ Bush လက်ထက် နိုင်ငံခြားရေးဝန်ကြီး Colin Powell လက်ထက်မှာတော့၊ အဲဒီအချိန်တုန်းက လာပြီးတော့ ဖြေရှင်းရတာ ကျနော် သိသလောက်၊ နယူးယောက်မှာ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ရုံးဝန်ကြီးလုပ်တဲ့ ဦးတင်ဝင်းနဲ့ တပ်မတော်ထောက်လှမ်း ရေးက ဗိုလ်မှူးကြီးလှမင်း နှစ်ယောက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mathew Dalley နဲ့ ဒီ NSC ပေါ့လေ၊ National Security Council (အမျိုးသားလုံခြုံရေးကောင်စီ) က Ms. Karen Brooks တို့ကို တွေ့ပြီးတော့မှ ပြန်ပြီးတော့မှ ဆက်ဆံရေးကောင်းအောင်ကြိုးပမ်းနေတဲ့အခါမှာ၊ ဒီဥစ္စာမဟုတ်ပါဘူးဆိုတာကို ဗြောင်လိမ်ခိုင်းတဲ့ သဘောပါပဲ။ တိုက်ရိုက်လာပြီးတော့မှ တိုက် ရိုက်တွေ့ကြတဲ့ သဘောပါ။ ဟိုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းခိုင်းလို့ လာပြီး ငြင်းဆိုရတဲ့ အနေအထားမျိုး ကျနော်တို့ ပြန်ကြားသိရပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒါကို အမေရိကန်အစိုးရက လက်ခံခဲ့လား၊ အဲဒီတုန်းက သူတို့ ငြင်းတာကို။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအချိန်တုန်းက ကျနော်တို့သံရုံးကို မေးပါတယ်။ “မင်းတို့က မဟုတ်ဘူးလို့တော့ ပြောတယ်။ ငါတို့ကို ဘာ သက်သေပြနိုင်မလဲ” ဆိုပြီး မေးခဲ့တာရှိပါတယ်။ အာမခံခိုင်းတဲ့ သဘောပါ။ အဲဒီလို အာမခံခိုင်း တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးချက်အရ “မင်းတို့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့မှ ငါတို့ နိုင်ငံခြား ရေးဝန်ကြီး Colin Powell ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ မဟုတ်ပါဘူး” ဆိုတဲ့အကြောင်းကို စာတစ်စောင်ရေးပေးပါလို့ ပြောပါတယ် ခင်ဗျ။ ရန်ကုန်က ဒါကတော့ သတင်းစကားအနေနဲ့ပေါ့လေ၊ ပြန်သိရတာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေက ‘ ဝင်းအောင် ထိုးပေးလိုက်ပါကွာ’ ဆိုပြီး တော့ ပြောတယ်လို့ ကြားတယ်။ အဲဒီလို ပြောပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝင်အောင်ရဲ့ လက်မှတ်ပါတဲ့ စာကို ကျနော်တို့ စာမူရင်းကိုပေါ့လေ၊ သံတမန်ချောစာအိပ်နဲ့ ပို့ပါတယ်။ အထဲမှာပါတဲ့ စာအိတ်ထဲက စာသားကို ကျနော်တို့ သိအောင်ဆိုပြီးတော့ fax နဲ့ ကျနော်တို့သံရုံးကို ထိုးပေးပါတယ်။ သံတမန်ဆန်ဆန်ပဲ ရေးထားပါတယ်။ အဓိကကတော့ နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေချင်တဲ့အကြောင်း ကျနော်တို့ကို စွပ်စွဲနေသလို မြန်မာအစိုးရနဲ့ မြောက်ကိုးရီးယားအစိုးရတို့ဟာ ဒီ စစ်ရေးဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နေတာ မရှိပါဘူး ဆိုတာကို လိမ္မာပါးနပ်စွာရေးထားတဲ့ သဘောပါပဲ ခင်ဗျာ။
ဦးရော်နီညိမ်း။ ။ အဲဒီလို အမေရိကန်ပြည်ထောင်စုကို တဘက်က နိုင်ငံခြားရေးဝန်ကြီးအဆင့် စာချွန်တော်ပေးပို့ပြီး ငြင်းဆိုနေတဲ့အချိန် မှာပဲ မြောက်ကိုးရီးယား စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်တွေနဲ့ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေမှာ အတူတကွ အလုပ် လုပ်ခဲ့ရတဲ့ အကြောင်းတွေကို ဗီအိုအေကို ပြောပြခဲ့သူကတော့ ကပစ (၉)၊(၁၀)၊ (၁၂) တွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်ကြပ်ကြီးစာရေး ဟောင်း ဦးမြင့်စိုး ပါ။
ဦးမြင့်စိုး။ ။ စင်္ကာပူကနေပြီးတော့ တဆင့် စင်္ကာပူတရုတ်တွေကနေ တဆင့် ကြားခံပွဲစားတွေနဲ့ မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ မြောက်ကိုရီးယားကပညာရှင်တွေကို သူတို့ခေါ်ယူဆွေးနွေးပြီးတော့ ကျနော်တို့ မြန်မာပြည်ထဲကို သူတို့ passport ၊ visa မလုပ်ဘဲနဲ့ တရုတ် ပြည်ကနေ အောက်လမ်းကနေ ကျနော်တို့မြန်မာနိုင်ငံထဲကို ခိုးသွင်းလာတာတွေ ဖြစ်လာတယ်။ ကျနော်တို့ မြန်မာနိုင်ငံက စိုးမင်းထိုက် ကုမ္ပဏီ က စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးတော့ တရုတ်ကနေမှတဆင့် မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ သွင်းတာပါ။ ကျနော်သိ သလောက်ကတော့ မြန်မာပြည်က ကိုယ်စားလှယ်က စိုးမင်းထိုက် တို့ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ စိုးမင်းထိုက်ကုမ္ပဏီက ပုဂ္ဂလိကကုမ္ပဏီ ပေါ့။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့။ ဦးစိုးမင်းထိုက်ကိုတော့ ကျနော်မြင်ဖူးတာ ကျနော်တို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အားလုံးနဲ့ပတ်သက်ရင် ဦးစိုး မင်းထိုက်က ကျနော်တို့စက်ရုံတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သူကနေ အားလုံး သွင်းပါတယ်။ စိုးမင်းထိုက်က ကျနော်တို့စက်ရုံအားလုံး အပေါ်မှာ သြဇာသက်ရောက်တာကိုလည်း ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ မြောက်ကိုးရီးယားတွေကို တရုတ်ပြည်ကနေ ဖြတ်ပြီးတော့ အောက်လမ်းကနေ သွင်းလာတော့၊ ဒါကို တရုတ်ပြည်က မသိဘူးဆိုတဲ့ သဘောလား၊ တရုတ်ပြည်က သိသိနဲ့ပဲ သွားတာလား၊ ဘယ်လိုလဲ၊ အဲဒါ ဆရာကြီး ဘယ်လိုသိထားသလဲ။
ဦးမြင့်စိုး။ ။ တရုတ်အစိုးရက မသိလောက်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့နိုင်ငံမှာ လာအလုပ်လုပ်နေတဲ့ တရုတ်တွေပဲဖြစ်ဖြစ် တောင်ကိုးရီးယားတွေပဲ ဖြစ်ဖြစ် ရုရှတွေပဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားတွေလာရင် အဲဒီ စက်ရုံမှာရှိနေတဲ့ တရုတ်၊ ရုရှ၊ တောင်ကိုးရီးယား စတဲ့ နိုင်ငံခြားသားတွေအားလုံးကို တခြားစက်ရုံကို ပို့ပစ်လိုက်တယ်။ ကပစ(၃)(ဆင်တဲ)သော်လည်းကောင်၊ ကပစ(၅)(ဆင်တဲ) သော်လည်းကောင်း၊ နောက် သရက်မြို့ကို သော်လည်းကောင်း အဲဒီလိုမျိုး ပြောင်းရွှေ့ပေးပါဆိုပြီးတော့မှ ညွှန်ကြားလိုက်တယ်။ ညွှန်ကြားလိုက်တာနဲ့ ကျနော်တို့ ကပစ(၁၀) မှာရှိနေတဲ့ တာဝန်ခံတွေ အားလုံးက အဲဒီနိုင်ငံခြားသားတွေကို စက်ရုံအသီးသီးကို လှမ်းပြီး ပို့ထားတယ်။ အဲဒီလို ပို့ထားပေးရပါ တယ်။ ကျနော်တို့ မူဆယ်ဘက်ကနေ သွားခေါ်ရတာခင်ဗျ။
ဦးရော်နီညိမ်း။ ။ မူဆယ်ကနေဆိုတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကကော မသိဘူးလား ခင်ဗျ။
ဦးမြင့်စိုး။ ။ သူတို့ တိုင်းမှူးတွေကတော့ သိတော့သိတယ်။ လမ်းကြောင်းလုံခြုံရေးအတွက် သူတို့ကိုတော့ message ပို့ထားရပါတယ်။
ဦးရော်နီညိမ်း။ ။ ၂၀၀၈ခုနှစ် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးတဲ့အချိန်မှာတော့ မြောက်ကိုးရီးယားတွေဟာ မြန်မာနိုင်ငံကို လေယာဉ်ခရီးနဲ့ရောက်ရှိလာပြီးတော့ သက်ဆိုင်ရာ(ကပစ)တွေရဲ့ အရာရှိတွေက မြောက်ကိုးရီးယားတွေကို မိမိတို့ကာကွယ်ရေးပစ္စည်းစက်ရုံ တွေရှိရာ မြို့တွေရွာတွေကို လေဆိပ်ကနေ တိုက်ရိုက်ခေါ်သွားရတယ်လို့ ဗွီအိုအေကို ဦးမြင့်စိုးက ပြောပြခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၃ ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ တောင်ကိုးရီးယား သမ္မတ Chun Doo Hwan နဲ့ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေ လာရောက်ဂါရဝပြုမယ့်အချိန်မှာ လုံခြုံရေးတာဝန်တွေ ယူထားရတဲ့ တပ်မတော်တပ်ရင်းတပ်ဖွဲ့ တွေထဲမှာ သန်လျင်မြို့မှာအခြေစိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၁)စစ်ဗျူဟာလက်အောက်ခံ ခလရ(၉၀)လည်း ပါဝင်ပါတယ်။ မြောက် ကိုးရီးယားသူလျှိုတွေ ဖြစ်ကြတဲ့ ဗိုလ်မှူးဇင်မို၊ ဗိုလ်ကြီးကင်မင်ချူး၊ ဗိုလ်ကြီးဇင်ကီချူးတို့ အာဇာနည်ဗိမာန်ကို ဖောက်ခွဲပြီးသွားချိန်မှာ၊ သူတို့ကို လက်ရဖမ်းဖို့ အသေခံကွန်မန်ဒိုတပ်စိတ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်တာမှာ အခုအခါမှာ မြန်မာ့တပ်မတော်စစ်သည်ဟောင်းတစ်ဦးဖြစ် တဲ့ ဦးထွန်းလင်းဟာ အဲဒီ ကွန်မန်ဒိုတပ်စိတ်မှာ ပါဝင်ခဲ့တဲ့ အဲဒီအချိန်က တပ်သားအဆင့် ထွန်းလင်းပါ။
ဦးထွန်းလင်း။ ။ ကျနော် အဲဒီ ခလရ(၉၀) တပ်ခွဲ(၁)၊ တပ်စု(၃)က ပေါ့။ ကျနော်တို့က၊ အဲဒီတုန်းက ရန်ကုန်တိုင်းရဲ့ လုံခြုံရေး ဝင်နေရ တာ။ ၁၉၈၃ ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ကျတော့၊ (၈)ရက်နေ့ မတိုင်ခင်မှာပေါ့လေ၊ ကျနော်တို့ဆီကို ကြေးနန်းဝင်တယ်၊ တောင်ကိုးရီး ယားသမ္မတကြီး Chun Doo Hwan နဲ့ ဝန်ကြီးတချို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာမယ်၊ နောက်တခါ (၉)ရက်နေ့မှာ ဒီ အာဇာနည်ကုန်းမှာ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြု၊ ပန်းခွေချ အခမ်းအနားရှိတယ်ပေါ့။ အဲဒီအတွက် ကျနော်တို့က stand by လုပ်ထားရတာပေါ့။ အတွင်း စည်း အပြင်စည်းတွေလည်း ကျနော်တို့ဆီကပဲ တာဝန်ယူထားရတာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒါက တပ်ရင်းမှူးဆီကတဆင့် တပ်ခွဲမှူး၊ နောက်တခါ တပ်စုမှူးက ဗိုလ်ကြီး ဘယ်သူပါလဲခင်ဗျ။
ဦးထွန်းလင်း။ ။ ကျနော်တို့တပ်စုမှူးက အဲဒီအချိန်တုန်းက ဒုဗိုလ် မောင်မောင်အောင်ပေါ့၊ ကျနော်တို့က ကျိုက္ကဆံကွင်းထဲမှာရှိတဲ့ ‘ဆရာစံခန်းမ’ထဲမှာ တာဝန်ယူပြီး စခန်းချထားတာပေါ့နော်။ အဲဒီက နေပြီးတော့မှ ကျနော်တို့က ထွက်တာဆိုတော့၊ သူတို့ လမ်းကြောင်းသွား တဲ့အချိန်တွေ ကျနော်တို့က ထွက်ပြီးတော့ လုံခြုံရေးယူပေး၊ သူတို့ လမ်းကြောင်း ပြီးသွားရင် ကျနော်တို့က ဆရာစံခန်းမထဲမှာ ပြန်နေပေါ့နော်။ အခင်းဖြစ်တဲ့ အောက်တိုဘာလ (၉)ရက် နေ့ကျတော့ ကျနော်တို့ မနက်စာ ထမင်းစားနေတဲ့အချိန်မှာ ပေါက်ကွဲသံအကြီးကြီး ပေါ့နော်၊ ‘ဂျိမ်း’ ဆို တဲ့ အာဇာနည်ကုန်းက ကွဲလိုက်တဲ့ပေါက်ကွဲသံဟာ ကျနော်တို့ကတော့ အဲဒီအချိန်က အာဇာနည်ကုန်းကမှန်း မသိဘူးပေါ့နော်၊ ဒါပေမယ့် ကျနော်တို့ ကျိုက္ကဆံကွင်းထဲမှာ ရှိနေတာကို တော်တော် ကျယ်ကျယ်လောင်လောင် ကြားလိုက်တယ်ပေါ့ နော်။ အဲဒါနဲ့ ကျနော်တို့က သိလိုက် ပြီ၊ ဒါတော့ မိုင်းကွဲတာပဲလို့။ အဲဒီလို သိလိုက်ပြီးတဲ့အချိန်မှာပဲ ကျနော်တို့ဆီ ကြေးနန်းဝင်လာတယ်၊ ချက်ခြင်း stand by လုပ်၊ ကားပေါ်တက်ရ မယ်ဆိုပြီး တခါထဲ ကျနော်တို့ ကားပေါ်တက်ပြီး အာဇာနည်ကုန်းကို ထွက်ခဲ့ရတာပေါ့၊ အဲဒီနေ့က။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ မိုင်းကွဲသံနဲ့ လက်နက်ကြီးသံနဲ့ကို ဦးထွန်းလင်းတို့ သေသေချာချာ ကွဲကွဲပြားပြား သိပါသလား ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကြားဖူးတာက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ဒုတိုင်းမှူးဖြစ်နေတဲ့၊ အခုတော့ အငြိမ်းစား ဗိုလ်ချုပ်မျိုးညွှန့် (၁၉၉၇ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆေက်ရေးကောင်စီ အဖွဲ့ဝင် အဖြစ်မှ အနားပေးခြင်းခံခဲ့ရသော သာသနာရေးဝန်ကြီးဟောင်း ဒုဗိုလ် ချုပ်ကြီး မျိုးညွန့်) ပေါ့။ သူက ဘုရားပေါ်ကနေ လက်နက်ကြီးနဲ့ပစ်တယ်လို့ ပထမ ယူဆတယ်လို့ သူ့ရဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ပြောပါ တယ်။ အဲဒါကြောင့်မို့ ဘုရားပေါ်ကိုတောင် ပြန်ပြီးတော့ အောက်ကနေပြန်ပစ်ခိုင်းဖို့ ညွှန်ကြားသေးတယ်လို့ ပြောပါတယ်။ နောက်လက်အောက် ခံအရာရှိတွေက ဒါတော့မဖြစ်နိုင်ဘူးလို့ ဝိုင်းပြောတဲ့အတွက်ကြောင့်မို့ သူရဲ့ဆုံးဖြတ်ချက်ကို ပြင်လိုက်ရတယ်လို့ ကျနော်တို့ ကြားဖူးပါတယ်။ အဲဒီအခါကျတော့ မိုင်းကွဲသံနဲ့ လက်နက်ကြီးပစ်သံနဲ့ကို ဆရာတို့လို တပ်သားအဆင့်ကတောင်မှ ဘယ်လိုများ ခွဲခြားသိနိုင်ပါသလဲခင်ဗျ။ ဒုတိုင်း မှူးကတောင် ခွဲခြားပြီး မသိဘူး ဖြစ်နေလို့။
ဦးထွန်းလင်း။ ။ လက်နက်ကြီးဆိုရင် လေခွင်းသံကြီး အရင်လာတယ်လေ၊ လေခွင်းသံ အရင်ကြားရတယ်၊ အဲဒါ ပြီးတော့မှ ပေါက်ကွဲသံ ထွက်တယ်။ အခုဟာက လေခွင်းသံ လုံးဝမကြားပ၊ဲ ပေါက်ကွဲသံပဲ မြေကြီးကို အကြီးအကျယ် တုန်လှုပ်သွားတဲ့ အသံဟိန်းထွက်လာတယ်၊ နောက်ကျတော့မှ အဲဒီ အာဇာနည်ကုန်းရောက်သွားတော့မှ အသေအချာ သိရတာက မိုင်းခွဲလိုက်တာ ဆိုတာကို သေသေချာချာသိရတယ်။ အာဇာနည်ကုန်းမှာ ကျနော်တို့က အတွင်းစည်းယူပေါ့၊ နောက်ဆုံးဗျာ သေသွားတဲ့လူတွေ၊ ဒဏ်ရာရတဲ့လူတွေကို အကုန်လုံး ချက်ချင်းသယ် တာပြုတာတို့ အဲဒီနေရာကို ရှင်းလင်းတာတို့ အကုန်လုံး လုပ်တာပေါ့နော်။ ကျနော်တို့ဆီကပဲ လုပ်ရတာပါပဲ။ ကျနော်တို့ရောက်သွားတဲ့ အချိန် မှာတော့ တောင်ကိုးရီးယားသံရုံးက တာဝန်ရှိတဲ့လူတွေရယ်၊ ကျနော်တို့ မြန်မာစစ်ထောက်လှမ်းရေးတို့ နောက်ပြီးတော့ အဲဒီနေရာမှာ အနီး စပ်ဆုံးက ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ အမှတ်(၁) စစ်ဗျူဟာ ရှိတာကိုး၊ အမှတ်(၁)စစ်ဗျူဟာဆိုတာ ကျနော်တို့ ကန်တော်မင်ပန်းခြံထဲမှာ ထိုင် တာလေ၊ အဲဒီအချိန်က ရွှေတိဂုံဘုရားဘေးက ကန်တော်မင်ပန်းခြံထဲမှာ ဒီဗျူဟာရဲ့ရုံး ထိုင်ထားပါတယ်။ ရန်ကုန်တိုင်း အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ညီစိန်တို့၊ နောက်တခါ အငြိမ်းစား ယူသွားတဲ့ ဗိုလ်ချုပ်မျိုးညွန့်ပေါ့ ဗျာ၊ သူကတော့ အဲဒီအချိန်တုန်းက ဒုတိုင်းမှူးပေါ့၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ်မျိုးအောင်ပေါ့၊ အဲဒီ အချိန်တုန်းက။
ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော် စစ်သည်ဟောင်း ဦးထွန်းလင်းပြောပြတဲ့ မြောက်ကိုးရီးယား ဖောက်ခွဲရေးသမား သူလျှိုတွေထဲက ဗိုလ်ကြီးကင်မင်ချူး နဲ့ ဗိုလ်ကြီးဇင်ကီချူးတို့ကို သူတို့ လက်ရဖမ်းဆီးခဲ့ပုံတွေနဲ့ အခုအခါ ဦးထွန်းလင်းရဲ့ မြောက်ကိုးရီးယား မြန်မာဆက်ဆံရေး ကို ပြန်လည်သုံးသပ်ပုံတွေကို နောက်သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွား မှာဖြစ်ပါ တယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။