သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မြောက်ကိုးရီးယား ဆက်ဆံရေးနဲ့ အာဇာနည်ဗိမာန် တိုက်ခိုက်ခံရမှု အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၃၇)

၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ကို တောင်ကိုးရီးယားသမ္မတ ချွန်ဒူးဝှမ် လာရောက်ခဲ့စဉ်၊ အာဇာနည်ဗိမာန်မှာ၊ မြောက်ကိုးရီးယားသူလိျှုတွေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယားအစိုးရအဖွဲ့ဝင်တွေနဲ့အတူ တပ်မတော်သား (၃)ဦးအပါ အဝင် မြန်မာနိုင်ငံဘက်က (၈)ဦး သေဆုံးခဲ့ကြရပါ တယ်။ ဒီအတွက် တရားဝင်ဝန်ချတောင်းပန်ခြင်းမရှိတဲ့ မြောက်ကိုးရီးယားနိုင်ငံနဲ့ လက်ရှိမြန်မာစစ်အစိုးရတို့ သံတမန်ဆက်ဆံရေးပြန်ပြီးထူ ထောင်ခဲ့ကြသလို၊ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်တဲ့ အထောက်အထားတွေလည်း ပေါ်ထွက်နေပါတယ်။ ဒီ တစ်ပတ် “တပ်မှူးတပ်သား ပြောစကား” အစီအစဉ်မှာ မြောက်ကိုရီးယားသူလိျှုကို လက်ရဖမ်းဆီးခဲ့တဲ့ တပ်မတော်စစ်သည်ဟောင်း ဦးထွန်းလင်းက သူ့ အတွေ့အကြုံနဲ့ လက်ရှိ သူ့ရဲ့ ခံစားသုံးသပ်ချက်တွေကို ပြောပြထားပါတယ်။

ဦးထွန်းလင်း။ ။ ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ဗျာ၊ အဲဒီ အာဇာနည်ကုန်း အပေါ်မှာရှိတဲ့ brink အတန်း ကြီးတွေလေ၊ I- brink ခေါ်မလား မသိဘူး။

ဦးရော်နီညိမ်း။ ။ မျက်နှာကျက် ထုတ်တန်းကြီးတွေပေါ့။

ဦးထွန်းလင်း။ ။ ထုတ်တန်းကြီးတွေပေါ့ နော်။ အဲဒီ သံ brink ကြီးတွေ ပိပြီးတော့ သေတာ များတယ်ဗျ။ အဲဒီ အချိန်တုန်းက ကျနော်တို့ သိတာကတော့ တောင်ကိုးရီးယားက ဝန်ကြီးချည့်ပဲ (၄) ယောက်လောက်ပါသွားတယ်။ နောက် အဖွဲ့ဝင်က (၁၃) ယောက် သေတယ်။ မြန်မာနိုင် ငံခြားရေးဝန်ကြီးဌာနက (၄) ယောက် သေတယ်။ အဲဒီမှာ ကျနော်တို့ ညမိုးချုပ်တဲ့အထိ ရှိပါတယ်။ မနက်မိုးလင်း အောက်တိုဘာလ(၁၀)ရက်နေ့ ဖြစ်သွားတော့၊ အဲဒီမှာ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ဆီကို ဖောက်ခွဲရေးအတွက်လာတဲ့ မြောက်ကိုးရီးယားက ခေါင်းဆောင်အဆင့် ဗိုလ်မှူး အဆင့် ရှိတဲ့ ‘ဇင်မို’ ပေါ့၊ သူ့ကို ပုဇွန်တောင်ချောင်းထဲမှာ ဖမ်းမိတယ်ဆိုပြီးတော့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ခွဲစိပ်ခန်းမှာ ကျနော်တို့ အနီးကပ် လုံခြုံရေး သွားယူရပါတယ်။ အဲဒီမှာ သူတို့ လာတာက ဗိုလ်မှူးအဆင့်ရှိတဲ့ ‘ဇင်မို’ရယ်၊ ဗိုလ်ကြီး အဆင့် ရှိကြတဲ့ ‘ကင်မင်ချူး’ နဲ့ ‘ဇင်ကီချူး’ ပေါ့ နော်၊ အဲဒါ သူတို့ (၃)ယောက်လာတာ။ ဒါပေမယ့် အဲဒီအခင်းဖြစ်ပြီးတဲ့အချိန်မှာ သူတို့ နှစ်ယောက်တကွဲ တစ်ယောက်တကွဲ အဲဒီလိုသုံးယောက် က နှစ်ဖွဲ့ကွဲသွားတယ်။ နှစ်ဖွဲ့ကွဲသွားပြီး တော့ ဗိုလ်မှူးအဆင့်ရှိတဲ့ ‘ဇင်မို’က ပုဇွန်တောင်ချောင်း ထဲမှာ။ အဲဒါက လှေသမားတွေက တွေ့ပြီးတော့ ရေထဲမှာ မြုပ်နေတယ်အောက်မေ့ပြီး သွားဆယ်တဲ့အချိန်မှာ၊ သူက ဗုံးနဲ့ခွဲလို့ သူ့လက်လည်း ဒဏ်ရာရတယ်၊ လူတွေ ဝိုင်းဖမ်းလို့လည်း သူ့ကို မိတယ်ပေါ့ နော်။ အဲဒါ စစ်တပ်က ဖမ်းတာလည်း မဟုတ်ဘူး။ ထောက်လှမ်းရေးက ဖမ်းတာလည်း မဟုတ်ဘူး။ အဲဒီ ပုဇွန်တောင်ချောင်းထဲမှာ ဗိုလ်မှူးအဆင့် ‘ဇင်မို’ ကိုမိတာ၊ အဲဒီလိုမျိုး မိတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက် တပ်မတော်ကပဲ ရဲဘော် (၃) ယောက်လား မသိဘူး၊ ကျသွားသေးတယ်လေ။ အဲဒါက ကျန်တဲ့ (၂) ယောက်ကို ဖမ်းတဲ့ အခါမှာလား။ အဲဒီဖြစ်စဉ်ကိုလည်း နည်းနည်း ပြောပြပေးပါဦး။

ဦးထွန်းလင်း။ ။ အဲဒါက အဲဒီနောက်နေ့။ (၁၀) ရက်နေ့မှာ မနက် (၁၀) နာရီလောက်ကျတော့ သူ့ကို အမှတ်(၂) စစ်ဆေးရုံကို ကျနော်တို့ ပို့ပေးရတယ်။ အဲဒီ ‘ဇင်မို’ ကို။ ပို့ပြီးတော့ ကျနော်တို့က အဲဒီနားကနေပဲ အမှတ်(၁) စစ်ဗျူဟာရုံးရှိတဲ့ ကန်တော်မင်ပန်းခြံထဲ ကို ကျနော်တို့ ဝင် သွားတာပေါ့။ ကျနော်တို့ကားလည်း အဲဒီ ကန်တော်မင်ပန်းခြံထဲ အရောက် ဆီးပြီးပြောတယ်။ ကြေးနန်းဝင်လာတယ်။ ရဲဘော်တွေ တန်းစီထား ပါ ဆိုပြီးတော့ အမိန့်ပေးတယ်။ အဲဒါနဲ့ ကျနော်တို့ အကုန်လုံး ကာပေါ်က ဆင်းပြီး တန်းစီထားတယ်။ အဲဒီအချိန်မှာ လူ (၁၀)ယောက် ရွေးလိုက် တယ်။ ကျနော်အပါအဝင် ပေါ့နော်၊ လူ (၁၀)ယောက်ကို၊ ကားပေါ်ကိုတက်ဆိုပြီးတော့ ကားပေါ်တင်လိုက်တယ်။ ကားပေါ်ရောက်ပြီးကြတာနဲ့ ချက်ချင်း ဒလကြမ်း မောင်းထွက်တယ်။ အဲဒီအချိန်မှာ မိုးကလည်း ရွာနေတော့ဗျာ..TE-21 ကလည်း အမိုး မပါဘူး ဗျာ၊ ကျနော်တို့ တော်တော် ဒုက္ခရောက်ရောက်နဲ့ မင်္ဂလာဒုံ အမှတ်(၅၀၂) လေတပ်စခန်းထဲကို ရောက်သွားတယ်ပေါ့ ဗျာ။

ဦးရော်နီညိမ်း။ ။ အထူး တပ်စိပ်အနေနဲ့ ရွေးလိုက်တာလား ခင်ဗျ၊ (၁၀) ယောက်ဆိုတော့။

ဦးထွန်းလင်း။ ။ ဟုတ်ကဲ့ ကျနော်တို့ ကွန်မန်ဒိုပေါ့နော်၊ အသေခံ ကွန်မန်ဒို (၁၀) ယောက်ရွေးတာပေါ့။ အဲဒီ (၅၀၂) လေတပ်စခန်းထဲ ရောက်သွားတဲ့အခါ ကျတော့မှ၊ ကျနော်တို့ကို လေယာဉ်ကွင်းထဲမှာ တန်းစီထားတယ်။ ဒုဗိုလ် မောင်မောင်အောင် ဦးဆောင်ပြီးတော့ပေါ့။ ကျနော်တို့ကို တန်းစီထားတဲ့အရှေ့မှာ အဲဒီအချိန်က Huskie (၂) စီးရပ် ထားတယ်။

ဦးရော်နီညိမ်း။ ။ Huskie ရဟတ်ယာဉ် ပေါ့နော်။

ဦးထွန်းလင်း။ ။ ဟုတ်ကဲ့ ရဟတ်ယာဉ် (၂)စီးရပ်ထားတယ်။ အဲဒီအချိန်မှာ ဘယ်သူရောက်လာသလဲဆိုတော့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွှန့်ရယ်၊ အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးညီစိန်ရယ်၊ ကျနော်တို့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအုန်းမြင့်ရယ်၊ ကျနော်တို့တပ်က ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးကျော်စိုးရယ်၊ နောက် တခါ အဲဒီ (၅၀၂)လေတပ်က တာဝန်ရှိတဲ့ စစ်သည်တွေ ရှိတယ်။ မှတ်ပုံတင် စာအုပ်ခေါ်မယ် ထင်ပါတယ်၊ စာအုပ်ကြီး အကြီးကြီးပေါ့ဗျာ၊ အဲဒီအထဲ မှာ ကျနော်တို့ ကိုယ်ပိုင်နံပါတ်တွေ၊ နံမည်တွေ၊ နေရပ်လိပ်စာ တွေ အဖေအမေ နံမည်တွေ၊ သွေးအမျိုးအစားတွေ၊ တကယ်လို့ ကျဆုံးခဲ့ရင် အမွေစား အမွေခံ အတွက် ဘယ်သူ့ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး ဘာညာ ..အဲဒါတွေ ဖြည့်တယ်ပေါ့ဗျာ။ ဖြည့်ပြီးတော့မှ ဗိုလ်မှူးကြီးမျိုးညွန့်က briefing ပေးတာ။ “အခု မင်းတို့ ရန်သူ သွားရှာရမယ်။ ရှာတဲ့အခါမှာ ဆူးတွေ့လည်း နင်း၊ ကျားတွေ့လည်း တိုး၊ မြေကြီး တစ်လက္မ မကျန်အောင် နင်းရှာ။ တွေ့လို့ရှိရင် အရှင်ရအောင်ဖမ်း၊ တို့ တိုင်း ပြည်ရဲ့ဂုဏ်သိက္ခာပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့အသက်နဲ့ စတေးသင့်ရင် စတေးရမယ်။ ဒါပေမယ့် ရန်သူ ဒဏ်ရာရတာ မလိုချင်ဘူး”တဲ့။ “ရန်သူ ကို အရှင်ဖမ်းရမယ်” တဲ့။ အဲဒီလို အမိန့် အပြတ်ပေးတယ်။ အမိန့်ပေးပြီးတာနဲ့ သူတို့ကတစ်စီး ကျနော်တို့က တစ်စီးပေါ့ဗျာ၊ ရဟတ်ယာဉ်ပေါ်ကို တက်တယ်။ တက်ပြီးတော့ ကျနော်တို့ကို ရွှေတိဂုံဘုရားကို သုံးပတ် ပတ်ပြီး ပျံပေးတယ်။

ဦးရော်နီညိမ်း။ ။ ရွှေတိဂုံဘုရားကို သုံးပတ် ပတ်တာက ဘာလုပ်တာလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ ကျနော်တို့ကို အမှန်ကတော့ သရဏဂုံတင်တဲ့ သဘောပေါ့ဗျာ။

ဦးထွန်းလင်း။ ။ ရောက်တော့မှ သိရတာပေါ့နော်၊ ဘယ်ရောက်လဲ ဆိုတာတော့။ ရောက်သွားတော့မှ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၊ သခွပ်ပင် ကျေးရွာဆိုတာ၊ အဲဒီကျေးရွာရဲ့ အနီးဆုံးမှာရှိတဲ့ တာကြီးပေါ့နော်၊ အဲဒီတုန်းက အောက်တိုဘာလဆိုတော့ စပါးပင်တွေက သန်တာ ပေါ့နော်၊ အဲဒီအချိန်မှာ ကျနော်တို့ ရဟတ်ယာဉ်ကလည်း နိမ့်ပြီး ဆင်းလို့မရဘူး။ တာပေါ်ကို ဆင်းမယ်လုပ်လိုက်ရင်၊ စပါးပင်တွေက ရှိနေတော့ ဆင်းလို့မရဘူး။ သူတို့ ဆင်းခွင့် မပေးဘူး။ အဲဒီ အမြင့်မှာရပ်ပြီး အကုန်လုံး ခုန်ချ၊ ခုန်ချပြီးတော့ ရွာကိုရှင်းပေါ့၊ ရွာကိုရှင်းတဲ့အခါ ရန်သူက မရှိ တော့ဘူး။ ရွာပြင် လယ်ကွင်းဘက်ကို ထွက်သွားပြီလို့ သတင်းရတယ်။ အဲဒီတုန်းက ကျနော်တို့ သိရတာက ဒီ ဖေါက်ခွဲဖျက်ဆီးရေးသမား ဗိုလ်ကြီးအဆင့်ရှိတဲ့ ကင်မင်ချူးတို့ နှစ်ယောက်က အဲဒီရွာကို ရောက်လာတယ်၊ ရောက်လာတဲ့အချိန်မှာ သူတို့ကို ရွာသားတွေက မသင်္ကာလို့ ရဲကင်းကို သွားအကြောင်းကြားတယ်။ အဲဒီ ရွာရဲ့အစပ် ဘုန်းကြီးကျောင်း အောက်မှာ ရဲကင်းရှိတယ်။ ရဲကင်းကို သွားအကြောင်းကြားတဲ့ အခါ ကျတော့ ရဲကင်းကလိုက်ပြီး ဒီ နှစ်ယောက်ကို ဖမ်းတယ်ပေါ့။ ဖမ်းပြီး ရဲကင်းထဲကို ခေါ်သွားတယ်။ သူတို့မှာ လွယ်အိပ် တစ်ယောက်တစ်လုံးပါ တော့ ရှာဖွေရေး လုပ်မယ်ဆိုပြီး ရဲကပြောတယ်၊ ဟိုက သူတို့ ထုတ်ပြမယ်၊ သူတို့ အိတ်ကို မကိုင်နဲ့ပေါ့၊ နောက်မှ သိရတာလေ၊ အဲဒီ ဥစ္စာ က။ ဒီကောင်တွေက ကွန်မန်ဒိုတွေဆိုတော့ မျက်လုံးချင်းအချိတ်ဆက်က စကားပြောပြီးသား သူတို့ နှစ်ယောက်က။ အဲဒီအချိန်မှာ သူတို့နှစ်ယောက် က ပိုက်ဆံတွေထုတ်ပြတော့၊ ရဲတွေက အဲဒီ ပိုက်ဆံတွေကို အာရုံစိုက်နေတဲ့အချိန်မှာ နောက်ထုတ်လိုက်တာက လက်ပစ်ဗုံး။ ပစ်လိုက်တဲ့အချိန် မှာ ဒီကောင်တွေရဲ့ လက်ပစ်ဗုံးမှာ ထူးခြားတာက ကျနော် တို့ဆီကလို (၄)စက္ကန့် fuse တွေ မဟုတ်ဘူးဗျ။ (၁) စက္ကန့် fuse တွေ။ အဲဒီအခါ ကျတော့ ပစ်တဲ့ကောင်က သူလည်း ထိတယ်၊ အဲဒီ ရဲလည်း သေတယ်ပေါ့၊ သူတို့ထဲက တစ်ယောက်လည်း အဲဒီမှာ သေသွားတယ်။ ကင်မင် ချူး ကတော့ အဲဒီကနေ လွတ်ပြီး ဒီကောင်က လက်ပစ်ဗုံးနဲ့သေနတ်ကိုင်ပြီး သေနတ်ပစ်ပြီး သူ့နားမကပ်ဖို့ ဒီကောင်က လယ်ကွင်းဘက် ထွက် သွားတယ်တဲ့။ အဲဒီကနေပြီး ကျနော်တို့တပ်ရင်းကို ရဲကင်းကနေသတင်းပို့လို့ ကျနော်တို့ဆီကို ကြေးနန်းရောက်ပြီး ကျနော်တို့က ဒီကို ရောက်ရ တာ။ အဲဒါက အောက်တိုဘာလ (၁၁)ရက်ဖြစ်သွားတယ်ပေါ့။ ကျနော်တို့ ရန်ကုန်မြစ်တလျှောက်ကို စစ်သင်္ဘော၊ ရေတပ်က သင်္ဘောကလည်း ဟိုဘက်တစ်စီး ၊ ဒီဘက် တစ်စီး ခုတ်ပြီးတော့ ပိတ်ဆို့ရေး လုပ်ပေးထားတယ်ပေါ့။ အပေါ်ကလည်း ကင်းထောက်လေယာဉ် နဲ့ရှာပေးတယ်။ ကျနော်တို့ ဒီတပ်ရင်းက ထုတ်နှုတ် အင်အားတွေကလည်း လာပြီးတော့၊ ပိတ်ဆို့ရေး ဝိုင်းပြီးတော့ လုပ်ပေးထားတယ်ဗျာ။ ကျနော်တို့ကတော့ အထဲမှာ ရှာတာပေါ့။ အနီးကပ် ကျနော်တို့က တောနင်းရှာတယ်။ မိုးချုပ်သွားတဲ့ အချိန်ကျတော့ ကျနော်တို့ကို ရပ်ခိုင်းပြီးတော့ အကုန်လုံး နား လိုက်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခုနတုန်းက အဲဒါဆိုရင် ဦးထွန်းလင်းတို့ မရောက်ခင်မှာ၊ ဇင်ကီချူး ကိုတော့ အသေ မိသွားပြီးပေါ့။ သူပစ်တဲ့ ဗုံးနဲ့ပဲ။

ဦးထွန်းလင်း။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီ အောက်တိုဘာလ (၁၂)ရက်နေ့ မနက်မိုးလင်းတဲ့ အချိန်ကျတော့ လယ်ကွင်းကနေပြီး တော့ ရန်ကုန်မြစ်ထဲကို ကမ်းစပ်ဘက်ကို ရေဆင်းတဲ့မြောင်းကြီး ရှိတယ်ဗျ။ သူ့ဘာသာ ရေတိုက်စားပြီး မြောင်းလို ဖြစ်နေတာပေါ့ဗျာ။ အဲဒီထဲ မှာ ကင်မင်ချူးက ဝင်ထိုင်ပြီးတော့ အပေါ်ကနေ ဒိုက်တို့ ဗေဒါတို့ အဲဒါမျိုးတွေကို ဒီကောင်က မျက်ကွယ်လုပ်ထားတယ်ဗျ။ သူ မျက်ကွယ်ယူပြီး တော့ ပုန်းနေတယ်။ အဲဒါ ကျနော်တို့ တွေ့တယ်။ တွေ့တဲ့အခါ ထုံးစံအတိုင်းပေါ့ဗျာ၊ ကျနော်တို့ ရင်ဘောင်တန်း နေရာယူတယ်။ နောက်ကို သတင်းပို့တယ်။ နောက်ကိုဆိုတာ အဲဒီအချိန်မှာ ကျနော်တို့ တပ်စုမှူး ဒုဗိုလ်မောင်မောင်အောင် က ရှိနေတယ်။ အဲဒီမှာ အမိန့်က ဘာ ပြန်လာ သလဲဆိုတော့ ပထမ ဗိုလ်မှူးကြီးညီစိန် ပြောတာက၊ တွေ့လို့ရှိရင် ဘာမှ မလုပ်နဲ့၊ ဒီအတိုင်းစောင့်နေ၊ ဒီအတိုင်း စောင့်ကြည့်ထား။ ဒီ ဆင်တွေ ဘာတွေ ပစ်တဲ့သေနတ်လို့ ပြောတာပဲဗျာ၊ မေ့ဆေး သေနတ်ပေ့ါ၊ အဲဒါကို ဆေးအရှိန် လျှော့ပြီး ပစ်မယ်၊ ဖမ်းမယ်ပေါ့။ အဲဒီလို ပထမ၊ အမိန့်က လာတာဆိုတော့ ကျနော်တို့ကလည်း ဒီအတိုင်းပဲ ထိုင်နေ တာပေါ့။ စောင့်နေတာပေါ့။ နောက်(၁၀) မိနစ်လောက်ပဲ ကြာတယ်။ နောက်ထပ် အမိန့်တစ်ခုက ထပ်ရောက်လာတယ်။ အဲဒါကတော့ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွှန့်ရဲ့ အမိန့် ၊ “မရဘူး လူကြီးတွေ စိတ်ဝင်စားတယ်။ လူကြီးတွေ အခု စက်နဲ့ကို ထိုင်ပြီး စောင့်နေကြတယ်။ ဝင်ဖမ်းပါ၊ ဝင်လုံးပါ။” အရှင် ဝင်လုံးခိုင်းတာ။

ဦးထွန်းလင်း။ ။ အဲဒါနဲ့ ဟုတ်ပြီ၊ အဲဒီလိုဆို ‘တန်းစီ’ ဆိုတော့၊ အဲဒီအချိန်က ကိုချိုဦး ကျနော်တို့ကို ဦးဆောင်တာ၊ သူက ဒုတပ်စိပ်မှူး လို့ ပြောရမယ်ဗျ။ သူက အဲဒီအချိန်တုန်းက service အရင့်ဆုံး ရဲဘော်ကြီးပေါ့ဗျာ..နော်။ “ဘယ်အစွန်က သုံးယောက် အသင့်ပြင်”လို့ သူက အမိန့်ပေးတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်ဘက်အစွန်မှာ ရှိနေတဲ့ သုံးယောက်က သေနတ်ကို ဘေးချပြီးတော့၊ ရှေ့ကို တစ်ယောက်တစ်လှမ်းစီ တိုးလိုက်တယ်။ အဲဒါကို ကျနော်တို့ လှမ်းတွေ့လိုက်တယ်။ အဲဒီအချိန်မှာ သူကနေ လက်ခုပ်တီးပြီး “စ”လို့ အမိန့်ပေးလိုက်တဲ့အချိန်မှာ ရဲဘော် သုံးယောက်က “ကျား” ဆိုပြီး အော်တဲ့အသံနဲ့ ပြေးသွားတယ်။ နောက် “ ဂျိမ်း ” ဆိုတဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ နောက် မီးခိုးလုံး ကြီးနဲ့ အဲဒီ မြင်ကွင်းတစ်ခုလုံးကို ဖုံးသွားတယ်။ ကျနော်တို့ဆီက သုံးယောက်က အဲဒီမှာ ဖရိုဖရဲ လဲနေပြီ ပေါ့ဗျာ၊ အဲဒီမှာ နောက်သုံးယောက် အဆင် သင့်ပြင်ဆိုတော့ ကျနော်ရယ်၊ နောက်တစ်ယောက်က ကိုမျိုးနိုင် ဗျ၊ နောက်တစ် ယောက်ကတော့ ကျနော် မမှတ်မိဘူးဗျ။ ဘယ်သူမှန်းမသိ လိုက်ဘူး။ သွားတုန်းက (၁၀)ယောက်က ဝင်လုံးတဲ့အချိန်မှာ အဲဒီ (၁၀)ယောက် မဟုတ်တော့ဘူးဗျ။ လူတွေက အဲဒီမှာ အကုန်လုံး တပ်ရင်းက ထုတ်နှုတ်အင်အား၊ နောက်တန်းက ထုတ်နှုတ်အင်အား၊ ဗဟိုကင်းတို့ ဘာတို့၊ တပ်ထောက်တို့၊ အဲဒီက လူတွေက ပိတ်ဆို့ရေး ဝင်လုပ်တယ် မဟုတ်လား။ ညဘက်ကျတော့ အဲဒီညမှာ သူတို့နဲ့ ကျနော်တို့နဲ့ သွားလာနေရင်း နောက်တနေ့ မနက်မှာ ကျနော်တို့ (၁၀)ယောက်မှာ အဲဒီလူ တစ်ယောက်က ပါလာတယ်။ ကျနော်တို့ (၃) ယောက်၊ အဲဒီလိုပဲ သေနက်ချပြီးတော့ ရှေ့တစ်လှမ်းတက် ပေါ့ဗျာ။ နောက်သူက အမိန့်ပေးတော့ ကျနော်တို့က “ကျား” ဆိုပြီး ဝင်လုံးပေါ့။ ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီအချိန်မှာ သူပစ်လိုက်တဲ့လက်ပစ်ဗုံးက သူကိုယ်တိုင်လည်း ထိထား တော၊့ အဲဒီ ကင်မင်ချူးက နောက် သူ ကျနော်တို့ကို ပစ်စရာ လက်ထဲမှာ ဘာမှ မရှိတော့ဘူးပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ ဝင်လုံးတော့ မိပြီ ပေါ့ ဗျာ။

ဦးထွန်းလင်း။ ။ ကျသွားတဲ့ ကိုညွန့်ဟန်ဆို နောက်တန်း ဌာနချုပ်တပ်ခွဲ ဗဟိုကင်းက ပေါ့နော်။ ထုတ်နှုတ်အင်အားနဲ့ ပါလာတာ။ သူက အိမ်ထောင်သည်ဗျ၊ နောက်တခါ ကိုသန်းထွေးနဲ့ ကိုသိန်းနိုင် ကျနော်တို့ တပ်ခွဲ (၁)၊ တပ်စု(၃) ကပါပဲ။ သူတို့ သုံးယောက်က ကျသွားတာပေါ့ နော်။

ဦးရော်နီညိမ်း။ ။ ဦးထွန်းလင်း၊ အဲဒီအချိန်မှာ မြောက်ကိုရီးယားသူလျှို ဗိုလ်ကြီးကင်မင်ချူးကိုလည်း လက်ရ ဖမ်းဆီးမိပြီ၊ ဒါပေမယ့် သူ့ လက်ချက်နဲ့ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်သုံးယောက် ကျဆုံးတာကိုလည်း သိလိုက်ရတဲ့ အချိန်မှာ ဦးထွန်းလင်းအပါအဝင် ခလရ(၉၀)က တပ်စိတ် တပ်ဖွဲ့တွေ၊ ဒီအရာရှိတွေကော ဘယ်လို ခံစားမှု ဖြစ်ပေါ်သလဲ။

ဦးထွန်းလင်း။ ။ ဒီ ရဲဘော်တွေကျတာတော့ ဒါကတော့ ထုံးစံကတော့ ကျနော်တို့ အမြဲတမ်း ရှေ့တန်းမှာလည်း ဒီလိုပဲ ကျနေကြတာပါ ပဲ။ ဒါပေမယ့် မတူတာ တစ်ခုကတော့၊ လက်နက်ရှိတဲ့ ရန်သူကို ကိုယ့်လက်နက်ကို ဘေးချပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် အမိန့်ကို ကျနော်တို့က ဦးထိပ်ထားပြီးတော့ ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့၊ အရမ်း စိတ်ထဲမှာတာ့ မကောင်းဘူး ပေါ့နော်။ အဲဒီ အချိန်မှာတော့ ကျနော်တို့ တော်တော်ကို ခံစားရပါတယ်။

ဦးရော်နီညိမ်း။ ။ ကိုယ့်တိုင်းပြည် ဂုဏ်သိက္ခာဆည်ဖို့အတွက် အသက်ပေးခဲ့ရတယ်လို့ ဦးထွန်းလင်းတို့ စိတ်မကောင်းဖြစ်တာ တစ်ပိုင်း၊ ခုနက ပြောတဲ့ နဂိုကတည်းက ကြိုတင်မှာကြားထားချက်နဲ့ ပတ်သက်ပြီးတော့ ခံစားမှုက ဘယ်လိုရှိပါသလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ ဟုတ်ပါတယ်။ ကျနော်တို့က အဲဒီအချိန်မှာ ကိုယ့်ရဲဘော် ကျဆုံးတာတော့ စိတ်ထဲ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိလိုက်တာက ကိုယ့်နိုင်ငံကိုလာတဲ့ဧည့်သည်ကို လာပြီးတာ့ စော်ကားတဲ့၊ ကိုယ့်နိုင်ငံကို လာပြီး သိက္ခာကျအောင် လုပ်တဲ့လူတွေ ကို ကျနော်တို့ ကိုယ့်အသက်နဲ့လဲပြီးတော့ ဒီကောင်တွေကို ရအောင် ဖမ်းလိုက်တယ် ဆိုတာတော့ ကျနော်တို့ ဂုဏ်ယူတယ်ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့စိတ်ထဲမှာ အဲဒီလိုတော့ ရှိတယ် ပေါ့နော်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဦးထွန်းလင်းတို့ အခု အဲဒီလိုမျိုး ရဲဘော်သုံးယောက် အသက်ပေးပြီးတော့ ဖမ်းဆီးခဲ့ရတာ၊ အခု နှစ်ပေါင်း (၃၀) နီးပါးလောက် ကြာသွားတဲ့အချိန်မှာ၊ အဲဒီ ဦးထွန်းလင်းတို့ တပ်ရင်းတပ်ဖွဲ့ကနေ အသက်ပေးပြီးတော့ လုပ်ကိုင်ဆောင်ရွက်ခဲ့ရတဲ့ ကိုယ့် တိုင်းပြည်ကိုလာပြီးတော့ သိက္ခာကျအောင်လုပ်တဲ့ မြောက်ကိုးရီးယားနိုင်ငံနဲ့ အခု လက်ရှိအစိုးရက သံတမန် အဆက်အသွယ်တွေ ပြန်လည် ထူထောင်ပြီးတော့၊ အဲဒီ တိုင်းပြည်နဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်တဲ့အပေါ်မှာကော အခုအခါမှာ ဦးထွန်းလင်း အနေနဲ့ ပေါ့နော်၊ ဘယ်လိုများပြောချင်ပါသလဲ ခင်ဗျ။

ဦးထွန်းလင်း။ ။ ဒီ မြောက်ကိုးရီးယားကို ပြန်ပြီးတော့ သံအဆက်အသွယ် ပြန်လုပ်တယ်ဆိုတဲ့ သတင်း ကြား လိုက်ရတဲ့ အချိန်မှာ တော့ စိတ်ထဲမှာ အရမ်းကို ခံစားရတယ်။ အရမ်းခံစားရတယ် ဆိုပေမယ့်၊ ကျနော်တို့က ဖြေပါတယ်။ ပြန်ဖြေပါတယ်။ ကျနော်တို့က မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သစ္စာ အဓိဌာန် (၄) ချက်ကို ဆိုရတယ်ဗျ။ …

“ ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသောရဲဘော်တို့၏ သစ္စာကို စောင့်သိရိုသေ ပါမည်။ ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏။ ”

ဆိုပြီးတော့ ကျနော်တို့က မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သစ္စာ ဆိုရတယ်။ ကျနော်တို့ ရဲဘော်တွေကသာ ဒီ သစ္စာကိုစောင့်ပြီးတော့ ကျနော်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ကျနော်တို့ တပ်မတော်အတွက် ကျနော်တို့ အသက်တွေပေး ကျနော်တို့ ခန္ဓာကိုယ်တွေ စတေး၊ ဘဝတွေ စတေးပြီး လုပ်ခဲ့တာပါ။ ဒီ (လက်ရှိ) ခေါင်းဆောင်တွေက ဒီလောက်တောင် ကျနော်တို့ ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို သူတို့ မထီမဲ့မြင်ပြုပြီး တော့၊ သူတို့ အာဏာတည်မြဲရေးအတွက်ကို လုပ်ချင်ရာလုပ်နေတယ်။ ကိုယ့်နိုင်ငံကို စော်ကားခဲ့တဲ့လူတွေနဲ့လည်း အခု သူတို့ပြန်ပေါင်းပြီး လုပ် ချင်ရာတွေ လုပ်နေတယ် ဆိုတော့၊ ကျနော်တို့ ရဲဘော်တွေ အနေနဲ့လည်း ဒါတွေကို နည်းနည်းစဉ်းစားပြီးတော့ လုပ်စရာရှိတာတွေကို ကျနော် တို့ ရဲဘော်တွေအနေနဲ့ လုပ်သင့်တယ်။ ဒီပြောဆိုချက်ကလည်း ကျနော်တို့ရဲဘော်သုံးယောက် ကျဆုံးသွားတာကြောင့်မို့တော့ မဟုတ်ဘူး။ ဒီ မြောက်ကိုးရီးယားနဲ့ပူးပေါင်းပြီးလုပ်နေတဲ့ စစ်ရေးအစီစဉ်တွေဟာဆိုရင် နျူကလီးယားနဲ့ပတ်သက်တဲ့ ပြဿနာတွေ နောက်ဆက်တွဲတွေ အများ ကြီး ပါလာမှာပါ။ အဲဒီအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းဝိုင်းတွေပါ ကျနော်တို့ နိုင်ငံနဲ့ ပဋိပက္ခ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို မြန်မာပြည်သူတွေ ကြုံတေ့ွရနိုင်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ အဲဒါကြောင့်မို့ ဒီလုပ်ရပ်တွေကိုကော၊ နောက်တခါ မြောက်ကိုးရီးယားက လာတဲ့ စစ်သည်တွေကို ကျနော်တို့ မြန်မာ့တပ်မတော်သားတွေအနေနဲ့ ဆန့်ကျင်ဖို့လိုမယ်လို့ ကျနော်ကတော့ တိုက်တွန်းအကြံပေးချင်ပါတယ်။ မြန်မာ့တပ်မတော်တစ်ခုလုံးအတွက်ကော အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စကြီးဖြစ်နေတဲ့ အတွက်ကြောင့်မို့ တပ်မတော်သားတွေအနေနဲ့ အထူးသဖြင့် ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ)တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေ လက်နက်ထုတ်လုပ်ရေးမှာလုပ်နေတဲ့ (ကပစ)က တပ်မတော် သားတွေ၊ မြောက်ကိုးရီးယားကလာတဲ့ စစ်သည်တွေနဲ့ ပူးပေါင်းပြီးလုပ်နေတဲ့ ရဲဘော်တွေကို တစ်ခုတော့ ပြောချင်ပါတယ်။ ဒီ ကိစ္စအပေါ်မှာ၊ အတတ်နိုင်ဆုံး၊ ဖြစ်နိုင်တဲ့ဘက်ကနေပြီးတော့ ဝိုင်းဝန်းဆန့်ကျင် ရပ်တည်ပေးကြဘို့၊ ကျနော်ကတော့ တိုက်တွန်း အကြံပေးချင်ပါတယ်။

XS
SM
MD
LG