သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီ၊ NLD နှင့် မြန်မာပြည် အစိုးရ၊ ဘယ်သူတွေ ဘာတွေ ဘယ်လောက် ရခဲ့ကြလဲ


တပ်မှူးတပ်သား ပြောစကား (၀၈၉)

၂၀၁၁ နိုဝင်ဘာ(၃၀)ရက်နေ့ ကနေ၊ ဒီဇင်ဘာ (၂)ရက်နေ့ အထိ၊ မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ သဘောထား အမြင်တွေကို ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ၊ ဦးရော်နီညိမ်းက ဆွေးနွေး တင်ဆက်ထား ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်ခင်ဗျား၊ အခု မစ္စစ်ဟီလာရီကလင်တန် မြန်မာနိုင်ငံ မလာခင်မှာ၊ သွားခါနီးမှ ကပ်ပြီးတော့၊ အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ Indiana ပြည်နယ်ကိုယ်စားပြု Republican အထက် လွှတ်တော်အမတ် Richard Lugar ကနေပြီးတော့မှ၊ မြောက်ကိုးရီးယား-မြန်မာ ဆက်ဆံရေးကိစ္စကိုပါ၊ ဟီလာ ရီကလင်တန် သွားခါနီး တစ်ရက်နှစ်ရက်အလိုမှာ၊ ကြေညာချက်ထုတ်လိုက်ပါတယ်။ ဒီကိစ္စကိုလည်း မြန်မာနိုင် ငံကိုရောက်ရင် ပြောပါဆိုပြီးတော့။ အခု မြန်မာနိုင်ငံက မပြန်ခင်မှာ၊ ဟီလာရီကလင်တန်က သတင်းစာရှင်း လင်းပွဲမှာ ပြောကြာသွားတာ တွေမှာလည်း၊ ဒီကိစ္စပါလာတာ တွေ့ရပါတယ်။ မြောက်ကိုးရီးယားနဲ့ မြန်မာနဲ့ (စစ်ရေး)ဆက်ဆံမှုကို ဖြတ်တောက်ပါလို့၊ သူက ပြောသွားခဲ့ပါတယ်။ တပ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ဦးဝင်း ထိန်ကိုလည်း ဒီလုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီး၊ မေးသွားချင်ပါတယ်။ ဒီမြောက်ကိုးရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကကော၊ နိုင်ငံခြားရေးရာအနေနဲ့ ဘယ်လိုများ ရှုမြင်သုံးသပ် ထားတာ ရှိပါသလဲခင်ဗျ။ ပြောနိုင်တဲ့အတိုင်း အတာအထိ ပြောပြပေးပါခင်ဗျ။

(အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်၊ Indiana ပြည်နယ်ကိုယ်စားပြု Republican အထက်လွှတ်တော်အမတ် Richard Lugar၏ ကြေညာချက် သတင်းကို အောက်ပါ link တွင်၊ ဖတ်ရှုနိုင်ပါ သည်။ http://www.voanews.com/burmese/news/Burma-Richard-Lugar-11-25-11-134513268.html)

ဦးဝင်းထိန် ။ ။ မြောက်ကိုးရီးယားနဲ့ မြန်မာအစိုးရနဲ့ လက်ရှိဆက်ဆံရေး အခြေအနေကိုတော့၊ ကျနော်တို့ မေ၀ ဖန်ချင်ဘူး။ ဘာ့ကြောင့်လဲဆိုရင်၊ မြောက်ကိုးရီးယားနဲ့မြန်မာအစိုးရနဲ့ ဆက်ဆံရေးဟာ၊ အရင်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ တပ်မတော်အစိုးရနဲ့ လုပ်ခဲ့တာဆိုတော့၊ သူတို့ဟာ သူတို့လုပ်ခဲ့တာ ရှိမယ်။ အခု သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့၊ အဲဒီမူလတုန်းက အစီအစဉ်တွေ ဆက်ပြီး ရှိချင်ရှိ မယ်၊ မရှိချင်မရှိဘူး။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ထူးထူးခြားခြားဆွေးနွေးထားတာ၊ မရှိပါဘူး။

ဦးရော်နီညိမ်း ။ ။ လွှတ်တော်ထဲရောက်ပြီ ဆိုရင်တော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ၊ ဒီကိစ္စအပေါ် မှာ ဆွေးနွေးတင်ပြဖို့ ရှိပါသလားခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်တို့ပါတီက အခုမှ စပြီး၊ ပါတီမှတ်ပုံတင်ဖို့ လုပ်တဲ့အတွက်ကြောင့်မို့လို့၊ ဒီလို "ရေးရာ” ကိစ္စတွေ၊ လုံခြုံရေးနဲ့ကိစ္စတွေ စီးပွားရေးနဲ့ကိစ္စတွေ၊ အရင်တုန်းကတော့ ၁၉၉၅-၉၆ ခုနှစ်တွေတုန်း က၊ ကော်မတီ တွေဖွဲ့ပြီး လုပ်ထားတာတွေရှိတယ်။ သို့သော်လည်း ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စပြီးတဲ့နောက်ပိုင်း မှာ၊ ကျနော်တို့ပါတီ နှိပ်ကွပ်ခံရတဲ့အခါကျတော့၊ အဲဒါမျိုးတွေ ဆက်မလုပ်နိုင်တော့ဘူး။ အင်မတန် ကိုအား နည်းသွားတယ်။ အခု ဒေါ် အောင်ဆန်းစုကြည် လွတ်တဲ့၊ မနှစ်က နိုဝင်ဘာလက စပြီးတော့မှ၊ ကျနော်တို့အဖွဲ့တွေ ပြန်ပြီးတော့ အသက်ဝင် လာတာ။ ဒီလို အသက်ဝင်လာတာတောင်မှ၊ ကျနော်တို့က တရားမဝင်တဲ့ပါတီ အနေနဲ့ လှုပ်ရှားနေရတာဆိုတော့၊ အဲဒီကိစ္စတွေကို တရားဝင်ဆွေးနွေးနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။

ဦးရော်နီညိမ်း ။ ။ သုတေသနလည်း မလုပ်နိုင်သေးဘူးပေါ့။

ဦးဝင်းထိန် ။ ။ ဟုတ်ပါတယ်။

ဦးဝင်းထိန် ။ ။ အဲဒီတော့ (ဟီလာရီကလင်တန်ရဲ့) ဒီခရီးစဉ်ကြီးတစ်ခုလုံးကို ဦးဝင်းထိန် ဘယ်လို သဘော ပေါက်ပါသလဲ ခင်ဗျ။ (ဒီခရီးစဉ်ရဲ့) main theme က (အဓိကအနှစ်သာရ) ဘာပါလဲ။

ဦးဝင်းထိန် ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီကလင်တန်တို့ တွေ့တဲ့အခါမှာတော့၊ အဓိက ကတော့ ကျနော်တို့ပါတီရဲ့ CEC (Central Executive Committee - ဗဟိုအလုပ်အမှုဆောင်ကော်မတီ)နဲ့ တွေ့တယ်။ CRPP (Committee Representing People’s Parliament - ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ) နဲ့တွေ့တယ်။ သူပြောသွားတဲ့ သတင်းစာကွန်ဖရင့်လည်း၊ ခင်ဗျားတို့ ကြားပြီးသား ဖြစ်မှာပါ။ အဓိကကတော့နိုင် ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စ၊ နောက်ပြီးတော့မှ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအဖြေရှာဖို့ ကိစ္စ၊ ဒါတွေကို အဓိကထား ပြောသွားတာ၊ ခင်ဗျားတို့လည်း သိပြီးသား ဖြစ် မှာပါ။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲမှာ ထူးခြားတာ တစ်ခုပါပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။ တရုတ်နိုင်ငံက မြန်မာအစိုးရရဲ့ အနောက်နိုင်ငံတွေနဲ့ ဆက် ဆံရေး ပြန်ပြီးကောင်းဖို့ကြိုးစားတာကို သူတို့ကြိုဆိုတယ်၊ အခုလို ဟီလာရီကလင်တန် ရောက်ရှိလာ ပြီးတော့၊ မြန်မာအစိုးရနဲ့ အခုလိုမျိုး အခြေအနေဖြစ်ထွန်းလာတာကို သူတို့ကြိုဆိုတယ်၊ ဆိုပြီး (တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာနက) ကြေညာချက်ထုတ်တဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက်ဝမ်းသာရှိ တယ်လို့၊ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သူ ဝမ်းမြောက်ဝမ်းသာဖြစ်တာ နှစ်ချက်ရှိတယ် ပြောပါ တယ်။ နောက်တစ်ချက်က၊ နေပြည်တော်မှာ ဟီလာရီကလင်တန်သွားရောက်ပြီးတော့မှ မြန်မာအစိုး ရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဟာ၊ အဆင်ပြေပြေဖြစ်လာတဲ့အတွက် သူ ဝမ်းမြောက်ဝမ်းသာဖြစ် တယ်လို့၊ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အဲဒီ တော့ အခုအခါမှာ၊ တရုတ်နိုင်ငံဆိုင်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဘယ်လိုများ ရှိပါသလဲ။ ၁၉၈၈-၈၉ ခုနှစ်တွေတုန်းကတော့၊ တရုတ်နိုင်ငံအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက၊ တစ်မျိုး ရှိကောင်းရှိချင် ရှိခဲ့ပါလိမ့်မယ်။

ဦးဝင်းထိန် ။ ။ အဲဒီအကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့အတွက်ကြောင့်မို့လို့၊ သမိုင်းအစဉ်အဆက်ထဲက ဆက် ဆံရေးဆိုတာ ရှိခဲ့တယ်။ နောက်ပြီးတော့ အိမ်နီးနားချင်းဆိုတာက၊ ကိုယ်ရွေးချယ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ သမိုင်းအစဉ်အဆက်က ဖြစ်တည်လာခဲ့တဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့မှ အိမ်နီးနားချင်း ဖြစ်ကြ တာကိုး။ အဲဒီတော့ တရုတ် ပြည်နဲ့ မြန်မာနိုင်ငံဟာ၊ အိမ်နီးချင်းကောင်းအနေနဲ့ ဆက်ဆံဖို့အတွက်၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့ စိတ်ထဲမှာ အမြဲတမ်းရှိနေတယ် ဆိုတဲ့ အချက်ကို၊ သူပြောခဲ့ဖူးပါတယ်။ ဒီနေရာမှာ၊ ကျနော့် အနေနဲ့ တစ်ဦးချင်းအနေအထားနဲ့ ပြောရမယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတဲ့ ပြည် တွင်းပြည်ပအဖွဲ့အစည်းတွေထဲမှာ၊ တရုတ်နိုင်ငံက သံတမန်တွေ လာပြီးတွေ့တာ မရှိဘူးဆိုတာကို၊ သတိထား မိတယ်။ တခြားနိုင်ငံတွေက သံရုံးသံတမန်တွေက အားလုံးလိုလိုလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့ ပြီးကြပြီးပြီ။ လာကြတယ်၊ ဆွေးနွေးကြတယ်။ တရုတ်က ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့သလဲ ဆိုတာတော့၊ ကျနော်လည်း မပြောတတ်ဘူး။ မြန်မာအစိုးရက မကြည်မသာ ဖြစ်မှာ စိုးလို့ပဲလား၊ သို့မဟုတ် သူတို့ဟာသူတို့ မတွေ့သင့်ဘူးလို့ ဆုံးဖြတ်ထားချက် ကြောင့်ပဲလား၊ အဲဒါတော့ မပြောတတ်ဘူး။ သို့သော် လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က၊ တရုတ်ပြည်နဲ့ အိမ်နီးနားချင်းကောင်းဖြစ်ဖို့၊ ဆက်ပြီးဆက်ဆံရမယ် ဆိုတဲ့ သဘောကတော့၊ ထင်ထင်ရှားရှားပြောထားပြီး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရအောင်ပွဲရတဲ့ အချိန်မှာ၊ ပထမဦးဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာရောက်ပြီး ချီးကျူးဂုဏ်ပြုစကားပြောခဲ့တဲ့ နိုင် ငံခြား သံတမန်ဟာ၊ တရုတ်သံအမတ်ကြီး ဖြစ်ပါတယ်။ ဒီမှတ်တမ်းက ဖျောက်ဖျက်လို့ မရပါဘူး။ အဲဒီတော့၊ ဦးဝင်းထိန်အနေနဲ့ အခု ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ကို၊ ဘယ်လို ထင်မြင်သုံးသပ် မိပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ မြန်မာပြည်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်မှုဟာ၊ (၁၉၅၅ ခုနှစ် က) အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါလက်ထက်က နံမည်ကြီးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖေါ်စတာ ဒါးလက်(စ်) (John Foster Dulles)၊ သူလာလည်ဖူးပါတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဦးနု က၊ ဝန်ကြီးချုပ်ပေါ့ ခင်ဗျာ။ အဲဒီအချိန်က မြန်မာအစိုးရက မစ္စတာ ဒါးလက်(စ်) ရောက်လာခါစမှာ သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိပေမယ့်လည်း၊ ဂျွန်ဖေါ်စတာ ဒါးလက်(စ်)ရဲ့ သံတမန်ရေး ကျွမ်းကျင်မှုကြောင့်ပဲ လား၊ နှစ်နိုင်ငံ သဘောတူညီချက်ကြောင့်ပဲလားတော့ မသိဘူး၊ သူပြန်တဲ့အခါမှာတော့ ဦးနုနဲ့တကွ အစိုးရအဖွဲ့ ထဲက အရေးပါတဲ့ ဝန်ကြီးတွေတောင် ပြန်ပြီး လိုက်ပို့ကြတဲ့ အနေအထား ဖြစ်သွားခဲ့တယ်။ အခု ဂျွန်ဖေါ်စတာ ဒါးလက်(စ်) ပြီးတဲ့ နောက်ပိုင်းမှာ၊ မစ္စက်(စ်) ဟီလာရီကလင်တန် ရောက်လာတာဟာ၊ (၅၆)နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်ပေါ့။ အဲဒီလိုဖြစ်လာတဲ့အခါမှာ၊ ကျနော်တို့ နိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်လို့၊ အမေရိကန်နိုင် ငံခြားရေးဝန်ကြီး လာ ရောက်လည်ပတ်မှုဟာဆိုရင်၊ လက်ရှိဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအပေါ်မှာ အထိုက်အလျောက် သြဇာ လွှမ်းမိုးမှုရှိလိမ့်မယ်လို့၊ ကျနော် ယူဆတယ်။ နောက်တစ်ချက်က အဲဒီလို သြဇာ လွှမ်းမိုးမှုကြောင့်၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်မှာ သူတို့ (မြန်မာအစိုးရ)က ပိုပြီးတော့ အလေး ထားဆက်ဆံလာမယ်လို့၊ ကျနော် ထင်တယ်။ နောက် အဲဒီကနေ ဆက်စပ်ပြီး ပြောရမယ်ဆိုရင်၊ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောစကားတွေအရ၊ ကျနော်တို့နဲ့ ခပ်တန်းတန်းဖြစ်နေသေးတဲ့ တရုတ်နိုင်ငံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံမှု ဖြစ်လာလိမ့်မယ်လို့၊ ကျနော် မျှော်လင့်တယ်။ အဲဒီတော့ မြန်မာနိုင်ငံအနာဂတ် ဒီမိုကရေစီအရေးမှာ၊ ပိုပြီးတော့ မြန်ဆန်ပြီးတော့၊ ပိုပြီးတော့ နားလည်မှုရှိတဲ့ အနေအထားတွေ ဖြစ်လာနိုင်မယ်လို့၊ ကျနော် မျှော် လင့်ပါတယ်။

(၁၉၅၅ ခုနှစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖေါ်စတာ ဒါးလက်(စ်) ၏ ခရီးစဉ် သတင်းဓါတ်ပုံများအား၊ ဧရဝတီသတင်းစာမျက်နှက် အောက်ပါ link တွင် ကြည့်ရှုနိုင်ပါသည်။ http://www.irrawaddyblog.com/2011/11/blog-post_8383.html)

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အခု မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဟီလာရီကလင်တန်ဘက်က အမေရိ ကန်ပြည် ထောင်စုဘက်က ကြည့်ရင်လည်း၊သူတို့အတွက် အထိုက်အလျောက်အောင်မြင်မှုရှိတယ်၊ မြန်မာအစိုး ရဘက်က ကြည့်ရင်လည်း ကမ္ဘာပေါ်မှာ သူတို့အတွက် ရုပ်ပြကောင်းတယ်၊ သူတို့ နိုင်ငံတကာအလယ်မှာ သူ တို့အစိုးရအတွက် legitimacy (တရားဝင်မှု) လိုချင်နေတဲ့ အချိန်မှာ၊ အမေရိကန်နိုင်ငံလို နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးက အခု အစိုးရသစ်လက်ထက်မှာ လာတယ်ဆိုတော့၊ သူတို့ဘက်က ကြည့်ရင်လည်း၊ ဘာပဲပြောပြော သူတို့အတွက် အကျိုးရှိသင့်သလောက် ရှိသွားတယ်လို့၊ ကျနော်တို့ မြင်ကြည့်လို့ ရပါတယ်။ အဲဒီတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ် အတွက်ကော၊ ဘယ်လောက်အကျိုးရှိသွားခဲ့တယ်လို့၊ ထင်မြင်ယူဆမိပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ဟီလာရီကလင်တန်လို ပုဂ္ဂိုလ်မျိုး လာလည်တဲ့ အတွက်ကြောင့်မို့လို့၊ ဒီအစိုးရနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ကြားမှာ၊ တဖြည်းဖြည်း ပြေလည်မှု ပိုပြီးရလာနိုင်တယ်။ နောက်ဆုံး ဘယ်အဆင့်အထိ မှန်းဆ နိုင်သလဲဆိုရင်၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ အရင်အဆက်ဆက် နှစ်ပေါင်း(၂၀)ကျော် အေးစက်နေ တဲ့အနေအထားကနေပြီးတော့မှ၊ နှစ်နိုင်ငံဟာ သံအမတ်အဆင့်အထိ ပြန်ထားပြီး၊ ဆက်ဆံရေးတိုးတက်လာတဲ့ အထိ အလားအလာ ရှိနေပါတယ်။ အဲဒီလိုအလားအလာတို့၊ အမေရိကန်နိုင်ငံရဲ့ ရပ်တည်မှုနဲ့ သြဇာလွှမ်းမိုး မှုတွေကြောင့်၊ ကျနော်တို့မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးရာကိစ္စတွေမှာ၊ ပိုပြီးတော့ လျင်မြန် လာလိမ့်မယ်လို့၊ ကျနော် မျှော်လင့်ပါတယ်။ နောက်တစ်ခုရှိတာက၊ ဟီလာရီကလင်တန်လာတဲ့ အတွက်ကြောင့် မို့လို့၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပြန်ပြီး ရုပ်သိမ်းသွားလိမ့်မယ်ဆိုတဲ့ အချက်ကတော့၊ မပြောနိုင်သေး ပါဘူး။ ဘာကြောင့်လဲဆိုရင် ဦးသိန်းစိန်အစိုးရဟာ မြန်မာပြည်မှာ သိသာတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အထူးသဖြင့် နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့အနေအထားရောက် မှသာလျှင်၊ နိုင်ငံတကာကနေ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့၊ ဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အချိန်ကြာ ရှည်စွာ ဆွေးနွေးနိုင်တဲ့အတွက်၊ အားရကျေနပ်စရာရှိတယ်လို့ ပြောနိုင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို နောက်တစ်ဆင့် တက်ကြည့်တဲ့ အနေအထားနဲ့၊ ဦးဝင်း ထိန်ကို နောက်ဆုံးမေးချင်တာ ရှိပါတယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ၊ ပါတီမှတ်ပုံတင်ပြီးပြီ ဆိုတော့၊ မကြာခင် ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ပြီးရင်၊ လွှတ်တော်ထဲ အခုလစ် လပ်နေတဲ့ အခု (၄၈) နေရာထဲ၊ ဘယ်နှစ်နေရာ ရမလဲတော့ မသိဘူး။ ဒီအနေအထားတွေမှာ တစ်ဆင့်ထက်ပြီး စဉ်းစားတာက၊ တရုတ်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကိုတောင်မှ တစ်ချိန်တုန်းက မြန်မာအစိုးရက၊ ကြားကဝင် ပြီး စေ့စပ်ဖျန်ဖြေသူ အဆင့်ထိအောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတာတွေ၊ ရှိခဲ့ဖူးပါတယ်။ ဥပမာ - တရုတ်က ပစ်ချခဲ့တဲ့ အမေရိကန်လေတပ်ရဲ့ pilot တွေကို၊ ပြန်လွှတ်ပေးဖို့ (ဝန်ကြီးချုပ်) ဦးနုက ဝင်ရောက်စေ့စပ်ပေးခဲ့ရ ဖူးပါတယ်။ (ရည်ညွှန်း - ဦးတင်မောင်ဝင်း ရေးသားသော “နိုင်ငံရေးသမားနှင့် နိုင်ငံရေး” စာအုပ်) အဲဒါမျိုးတွေ က သမိုင်းမှာ ရှိခဲ့ဖူးတဲ့အခါကျတော့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လွှတ်တော်ထဲမှာ ပါလာပြီးတော့၊ တစ်ခါ ၂၀၁၄ မှာ မြန်မာနိုင်ငံ သဘာပတိဖြစ်တဲ့ အချိန်မှာ၊ အစိုးရအဖွဲ့ထဲ NLD ပါလာတဲ့ အနေအထားမျိုး ပါရင်လည်း ပါလာနိုင်တဲ့ အနေအထားမျိုး ရောက်လာခဲ့ရင်၊ မြန်မာနိုင်ငံရဲ့ အနေအထားဟာ နိုင်ငံတကာ မျက်နှာစာမှာ၊ မျက်နှာပန်းပို လှလာမလား။ တခြားကြောင့် မေးတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ထွက် ခဲ့တဲ့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦး (ကွယ်လွန်သူ တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏မြေး) ရေးတဲ့ စာအုပ် (Where China Meets India: Burma and the New Crossroads of Asia) မှာ၊ သူဟာ မြန်မာနိုင်ငံကို ဘယ်လောက်တောင် မျှော်လင့်ထားလဲ ဆိုရင်၊ အခုလို ပြောင်းလဲတိုးတက်မှုတွေ ရဲ့ နောက်တဆင့်မှာ၊ မြန်မာနိုင်ငံဟာ အာရှမှာ game changer နိုင်ငံ ဖြစ်လာလိမ့်မယ်လို့၊ မျှော်မှန်းပြီး အဲဒီ အဆင့်အထိ ရေးထားပါတယ်။ (အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းပြီးရင်) အဲဒီ လောက်အဆင့်အထိ ကို မျှော်မှန်းလို့ ရနိုင်ပါပြီလား ခင်ဗျ။

(ဦးသန့်မြင့်ဦးနှင့် ဗီအိုအေတို့၏ Where China Meets India: Burma and the New Crossroads of Asia စာအုပ်အကြောင်း၊ (အင်္ဂလိပ်ဘာသာနှင့်) ဆက်သွယ်မေးမြန်းခန်းကို အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။ http://voaburmese.wordpress.com/2011/10/07/990/#comments)

ဦးဝင်းထိန် ။ ။ ဦးသန့်မြင့်ဦးရဲ့ အယူအဆကတော့ သူ့အယူအဆပေါ့လေ။ ဒါပေမယ့် တစ်ခုပြောစရာရှိ တာက၊ ဦးသန့်မြင့်ဦးက မြန်မာပြည်မှာ မနေဖူးးတဲ့ အခါကျတော့၊ မြန်မာနိုင်ငံသားတွေဟာ ဘယ်လောက်အထိ ခက်ခက်ခဲခဲနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ရင်ဆိုင်နေကြရတယ် ဆိုတာကို၊ သူမသိဘူး။ သူက နိုင် ငံခြားမှာနေတယ်။ နိုင်ငံခြားမှာ ပညာသင်တယ်။ နိုင်ငံခြားက အတွေ့အကြုံတွေကို မြန်မာနိုင်ငံထဲက စာရွက်စာ တမ်းတွေ ဖတ်ပြီးတော့၊ သူ့ထင်မြင်ချက်နဲ့ပြောတဲ့ကိစ္စကို၊ ကျနော်သဘောမတူနိုင်ဘူး။ အလားတူပဲ ဒေါ်အောင် ဆန်းစုကြည်ကိုလည်း ဝေဖန်တာတွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်ငယ်တုန်းက နိုင်ငံခြားမှာ နေ တယ်၊ နိုင်ငံခြားမှာ ပညာသင်ခဲ့ဖူးတယ်၊ နိုင်ငံခြားမှာပဲ ရှိနေတာကြောင့်၊ မြန်မာပြည်အကြောင်းကို မသိဘူး လို့၊ ပြောခဲ့ကြတယ်။ ဒါပေမယ့် အခု နှစ်ပေါင်း (၂၀) ကျော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့နိုင်ငံရေးနယ် ပယ်မှာ အနစ်နာ အများကြီးခံပြီး လုပ်ကိုင်လာတဲ့အခါကျတော့၊ ဒီလိုကိစ္စအတွက်၊ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်လို့ မရတော့ဘူး။ ဦးသန့်မြင့်ဦး ပြောတဲ့ကိစ္စကတော့၊ အဝေးကနေ သူထင်မြင်ချက် လှမ်းလုပ်လိုက် တာကြောင့်၊ သဘောမတူနိုင်ဘူး။ ဒါက တစ်အချက်။ နှစ်အချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲဝင်ပြီး၊ အထိုက်အလျောက် နိုင်မယ်ဆိုရင်တော့၊ မြန်မာပြည် game changer ဖြစ်တဲ့ အထိအောင်တော့ မရောက်နိုင်သေးဘူး၊ သို့သော်လည်းပဲ ကျနော်တို့နိုင်ငံအတွက် အဆင်မပြေဖြစ်နေတာတွေ ကို၊ အထိုက်အလျောက် ပြုပြင်ပြင်ဆင်တာတွေ လုပ်ပေးနိုင်မယ်၊ နောက်တစ်ခုက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနဲ့ ပတ်သက်လို့၊ ပြင်ဆင်ချင်တဲ့ ကိစ္စတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့၊ လွှတ်တော်ထဲကနေ ပြင် ယူနိုင်အောင် ကြိုးပမ်းလို့ရတဲ့ အဆင့် ဖြစ်လာနိုင်တယ်။ မြန်မာနိုင်ငံ အာရှမှာ game changer နိုင်ငံဖြစ်လာနိုင် တယ်ဆိုတာ၊ it’s too early to say ပြောဖို့ရာ သိပ်စောပါသေးတယ် ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၃၀)ရက်နေ့ ကနေ၊ ဒီဇင်ဘာ (၂)ရက်နေ့ အထိ၊ မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ သဘောထားအမြင်တွေကို ဆက်သွယ်မေးမြန်း တင်ဆက်ခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG