သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၃၈)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကို ယူဆောင်ပြီး၊ ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ်(၁) က ကျောင်းဆင်းခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက်တွေကို ဒီသီတင်းပတ် ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး စိုင်းသိန်းဝင်းခင်ဗျာ။ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကို ကျနော်တို့ ကို အရင်ဆုံး ပြောပြပေးပါ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် အမှတ်(၁) သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့ ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ စက်ရုံက ကျနော်တို့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) နဲ့ မဆိုင်ဘူးပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကပစ နဲ့ မဆိုင်ပါဘူး။ သူက “တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်” ရဲ့ လက်အောက်ခံ တပ် ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးတို့ ခေါ်ကြတာ “သသန” ဆိုတဲ့ဟာလား မသိဘူး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အတိုကောက် သသန လို့ခေါ်ပါတယ်။ ကျနော်တို့ စက်ရုံကိုတော့ အတိုကောက် သနလ(၁) လို့ ခေါ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အရှည်က ဘယ်လိုပါလဲခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံပါ။

ဦးရော်နီညိမ်း။ ။ သသန က အရာရှိချုပ်လား ဒါမှမဟုတ် ညွှန်ကြားရေးမှူးလား မသိဘူးခင်ဗျ၊ နေပြည်တော် စစ်ရုံးမှာ ထိုင်တာလေ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဌာနချုပ်မှူး လို့ ခေါ်ပါတယ် ခင်ဗျ။ တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်၊ ဌာနချုပ်မှူး ပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ Major General post နဲ့ တူတယ်နော်။ ဗိုလ်ချုပ် post နဲ့တူတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်ခင်ဗျာ Major General ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဗိုလ်မှူး မြန်မာနိုင်ငံထဲကနေ ထွက်လာတာကိုတော့ အားလုံးက သိထားပြီးပြီပေါ့ နော်။ ဗိုလ် မှူးပြောတဲ့ ဒီ Al Jazeera နဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက လွှင့်ထုတ်ခဲ့တာတွေ၊ ဗိုလ်မှူး ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Robert Kelley ၊ IAEA (ကုလသမဂ္ဂအဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ International Atomic Energy Agency) က တာဝန်ရှိလူကြီး ဟောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ Mr. Kelley ရဲ့ပြောပြချက်တွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံထဲမှာ မြန်မာစစ်အစိုးရဟာ အနုမြူဗုံးအနုမြူလက် နက်အထိ ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အထောက်အထားတွေကို ဗိုလ်မှူး ရနိုင်သလောက် ယူလာခဲ့တယ်လို့ ကျနော်တို့က နားလည်သ ဘောပေါက်ထားပါတယ်။ အဲဒါတွေကိုလည်း ဒီ Robert Kelley နဲ့ စစ်ဆေးပြီးတော့ ကမ္ဘာကသိအောင် ထုတ်ဖော်ပြောကြား ပြသတယ်ပေါ့ နော်။ အခု ဗိုလ်မှူးနဲ့ပတ်သက်ပြီးတော့ ဒီဇင်ဘာလ(၆)ရက်နေ့က မြန်မာသတင်းစာထဲမှာ ပါပြီးတော့၊ အမေရိကားက PBS (Public Broadcasting Service) အသံလွှင့်ဌာန နဲ့ သြစတြီးယား (Austria) က ProPublica မဂ္ဂဇင်းတွေကနေ ရေးသားကြတဲ့ကိစ္စမှာ၊ ဗိုလ်မှူးရဲ့ ပြောကြားချက်တွေကို ထပ်ဆင့်ပြီးတော့ Robert Kelley ရဲ့ ထောက်ခံချက်တွေကို သူတို့က ပယ်ချပြီး ပြောပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အသေးစိပ် မသွားခင်မှာ ဗိုလ်မှူးအနေနဲ့ ခြုံငုံပြီးတော့ ဘာများ ပြန်ပြောချင်ပါသလဲ ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ရှေ့နေကောင်းလို့ရှိရင် ဘယ်အမှုပဲဖြစ်ဖြစ် ကွင်းလုံးကျွတ်လွတ်မယ်ဆိုတဲ့ ပုံစံမျိုးတော့ မရှိပါဘူးခင်ဗျ။ အခု သူတို့ PBS ၊ ProPublica ကနေပြီး ပြန်ချေပတာကတော့ ချေပတာပေါ့။ ဒါပေမယ့် ဒီအဖြစ်မှန်ကို သိတာက ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေ ရာနဲ့ ထောင်နဲ့ ချီပြီးရှိပါတယ်။ နောက်ထပ် လူသက်သေ၊ ပစ္စည်းသက်သေ ထွက်လာဖို့ ရှိပါတယ်။ အခု ProPublica ကနေပြီးတော့ ဒါကို မှားတယ် လို့၊ သူတို့ က “Robert Kelley မှားတယ်၊ ကျနော်မှားတယ်” ဆိုပြီးတော့ ပြောထားတဲ့ ဥစ္စာလေး တွေကတော့၊ သူတို့ အနေနဲ့ ကောက်ချက်ချတာ စောတယ်လို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ကျနော်တို့က စဉ်းစားရတာပေါ့လေ၊ ဆိုလိုတာက Robert Kelley နဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းတို့ ပြော ဆိုထားချက်တွေကို ဟုတ်မဟုတ် စစ်ဆေးဖို့ ဆိုပြီးတော့ IAEA မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်လို့ ဆိုတယ်။ နောက် တခါ ဗိုလ်မှူးယူလာတဲ့ ဓါတ်ပုံထဲမှာပါတဲ့ စက်ကြီးတွေနဲ့ပတ်သက်ပြီးတော့ “ဒါဟာ အနုမြူဗုံးလက်နက်စီမံကိန်းမှာ သုံးတာ မဟုတ်ဘူး။ ဂျာမန် အစိုးရပိုင်းကလည်း သူတို့ ဒီစက်တွေကို စစ်ဆေးပြီးသားပါ” ဆိုတဲ့ ဟာမျိုး ပြောသွားတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့၊ အဲဒါတွေကကော အဲဒီမှာ ပြောတဲ့ ပုဂ္ဂိုလ်ပေါ့နော်၊ သူလည်းပဲ အရင်တုန်းက IAEA ရဲ့ ဒုညွှန်ကြားရေးမှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ Olli Heinonen ရဲ့ပြောဆိုချက်၊ သူတို့ရဲ့ဆောင်းပါးနဲ့ပတ်သက်ပြီးတော့ specifically ပေါ့နော် ကျနော် ပြန်ပြီး မေးကြည့်ချင်ပါတယ်။ အဲဒီစက်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူး ဘာ ပြောချင်ပါသလဲ ခင်ဗျ။ ဒီစက်ကြီး ရောက်လာတဲ့အချိန်မှာ ဒီစက်ကြီးကို run လုပ်တာတို့ စစ်ဆေးတာတို့ကို ဗိုလ်မှူးနဲ့ အတူ ပါရှိနေတဲ့ဟာကိုပါ ကျနော်တို့ ဒီ Al Jazeera ရုပ်မြင်သံကြားမှာ မြင်ခဲ့ရတယ်လေ။

(Al Jazeera ရုပ်မြင်သံကြား။ ။ Myanmar's Military Ambitions

http://english.aljazeera.net/programmes/general/2010/05/201053110470990951.html)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ CNC စက်တွေပါခင်ဗျ၊ အတိုကောက် ပြောမယ်ဆိုရင်တော့။ Computerized Numerical Control (ကွန်ပျူတာကိန်းဂဏန်းများဖြင့် ထိန်းချုပ်သည့် တွင်ခုံစက်တစ်မျိုး)။ အဲဒီစက်တွေက Turning & Milling တွင်ခုံ (ကွန်ပျူတာဖြင့် တွင်ခုံလုပ် ငန်း ပြုလုပ်ခြင်း) အမျိုးအစားတွေပါပဲ။ အဓိက သူ အားသာတာကတော့ designတွေကို၊ ကွန်ပျူတာထဲမှာ graphic designတွေကို အရင်ဆုံး ပုံစံ model တွေကို တည်ဆောက်ပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီး program ဆွဲ၊ ဆွဲပြီး ရလာတဲ့ program တွေကို စက်မှာ ပြန်ပြီး ခိုင်းစေ လို့ရတယ်ပေါ့။ အဲဒီသဘောမျိုးပါ၊ အဲဒီစက်တွေက အဓိက ကတော့ ဘယ်လို ပစ္စည်းမျိုးကိုမဆို ပေါ့ နော်။ လုပ်နိုင်တဲ့ စက်တွေပါပဲ။ ဒါတွေက နျူကလီးယားဗုံး လုပ်မယ့် စက်တွေ rocket လုပ်မယ့်စက်တွေလို့ သွားပြောလို့တော့ မရဘူးပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆိုလိုတာက ထုတ်လုပ်ချင်တဲ့ ပစ္စည်းမျိုးကို ဘယ်ပစ္စည်းမျိုး ထုတ်လုပ်မယ်ဆိုတာ အရင်ဆုံး design ဆွဲ ပေးတဲ့နေရာမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ အထောက်အကူပေးတဲ့ စက်ပစ္စည်းမျိုး သဘောပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ ဒါ Machine Shop (စက်ပစ္စည်း အလုပ်ရုံ) ဆိုတော့ ဒီ စက်ရုံကနေထွက်တဲ့ ပစ္စည်းတွေဟာ ကားအစိပ်အပိုင်းတွေလည်း ဖြစ်နိုင်တယ်။ ကားအစိပ်အပိုင်း ဖြစ်သွားမယ် ဆိုရင်လည်း ကားပစ္စည်းထုတ်လုပ်ရေး စက်ရုံပေါ့။ မီးရထားနဲ့ဆိုင်တဲ့ ပစ္စည်းတွေထုတ်မယ်ဆိုလည်း ဒါ မီးရထား စက်ပစ္စည်းဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး စက်ရုံပေါ့။ ကျနော်တို့က rocket အတွက် သုံးမယ်ဆိုရင်လည်း rocket အတွက် ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်တွေလို့ပဲ ကျနော်တို့ အကြမ်းဖျဉ်းပြောလို့ ရမှာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးက ရုရှ နိုင်ငံမှာ သင်ယူလာခဲ့တာက rocket နဲ့ ပတ်သက်တာ ဒုံးကျည်ပေါ့ နော်၊ အခု ပြောနေတဲ့ အတိုင်းဆိုရင်။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒီ ဒုံးကျည်ပညာနဲ့ပတ်သက်လို့ရှိရင် အခုသူတို့ ပြောနေတဲ့ ဂျာမနီက ဝယ်ယူလိုက်တဲ့ စက်ကြီးဟာ ဒုံးကျည် rocketနဲ့ ပတ်သက်ဖို့ရာအကြောင်း မြင်ပါသလား။ ဗိုလ်မှူးရဲ့ သင်ကြားတတ်မြောက်လာတဲ့ ပညာအရရော၊ ကိုယ်ကိုယ်တိုင်လုပ်နေရတဲ့ အတွေ့ အကြုံအရရော၊ အဲဒီအချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိကရည်မှန်းချက်ကတော့ ဒီ rocket engine ရဲ့ အစိပ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စက်သာ အပြည့်အ၀ ရလာခဲ့မယ်ဆိုရင်၊ ကျနော်တို့ လုပ်ချင်တဲ့ အစိပ်အပိုင်းကို အပြည့်အ၀ လုပ်နိုင်မှာပေါ့။ အခုဟာက ကျနော်တို့ ဝယ်လာတဲ့စက်တွေမှာ control ပိုင်းဆိုင်ရာ တစ်ချို့ module တွေကို ဖြုတ်ချထားတာရှိတယ်။ (modular = မတူညီတဲ့ ယူနစ် များစွာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခု။ module = modular ထဲက ယူနစ်တစ်ခု။ အစိပ်အပိုင်းများစွာပါဝင်တဲ့ ပစ္စည်းတစ်ခုထဲက အစိပ်အပိုင်း ပါ။ ဥပမာ modular က ‘အိမ်’ ဆိုလျှင်၊ ဧည့်ခန်းဟာ အိမ်ထဲက module တစ်ခု)။ ဒီ ဂျာမန်ကုမ္ပဏီ ကနေပြီးတော့ sanction (အနောက်နိုင်ငံ များ၏ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု) ကြောင့်မို့လို့ ပိတ်ထားတဲ့ အစိပ်အပိုင်းတွေပေါ့ဗျာ။ အဲဒီ အစိပ်အပိုင်း၊ အထူး special အစိပ်အပိုင်းတွေကို သူတို့က ထည့်မပေးလိုက်ဘူး။ အဲဒီ control unit တွေကိုပေါ့။ အဲဒါ တွေကိုလည်း ကျနော် တခါက သူတို့ရဲ့ technician ကို ကျနော်မေးကြည့်တယ်။ 5 axis control ကို ဘာလို့ မရောင်း တာလဲလို့ မေးတော့ အဲဒီ စင်္ကာပူ technician က ဘာပြော သလဲဆိုတော့၊ “မင်းတို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးမှ ရောင်းမယ်” တဲ့။ အဲဒီလိုမျိုး ကျနော်တို့ ကိုပြောလိုက်တာတော့၊ တခါ ကြားလိုက်ပါ တယ်။ (5 axis control = 5 axis CNC machines တွေရဲ့ control ပိုင်းများ။ မျက်နှာပြင် (၅) ခုမှာ ရွေ့လျှားနိုင်တဲ့ 5 axis CNC machines မှာ၊ ပုံမှန် machine တွေထက် axis နှစ်ခု အပို ပါဝင်သည်။ ဥပမာ X axis - ဘယ် နှင့် ညာ ၊ Y axis - အရှေ့ နှင့် အနောက်၊ Z axis - အပေါ် နှင့် အောက်၊ A axis - horizontal plane မှာ နာရီလက်တံ နှင့် နာရီလက်တံ ပြောင်းပြန် လည်ခြင်း၊ B axis - vertical plane မှာ နာရီလက်တံနှင့် နာရီလက်တံ ပြောင်းပြန်လည်ခြင်း တို့ဖြစ်ပါတယ်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါက ကားတွေဝယ်လို့ရှိရင် basic အခြေခံပါရမယ့် ပစ္စည်းတွေနဲ့ ရောင်းတာက တစ်ဈေး၊ ပြီးတော့ ကား ထဲမှာ ဒီလိုမျိုး ဟောင်းလောင်းအပေါက်ကလေးတွေ အများကြီးပဲ၊ ကိုယ်က နောက်ထပ်တစ်ခု option ဟိုဟာ ထပ်ထည့်ချင်တယ် ဒီဟာ ထပ် ထည့်ချင်တယ် ဆိုရင်၊ အဲဒီအခါကျမှ ထပ်ပြီးထည့်လို့ရအောင် fixလုပ်လို့ရအောင် လုပ်ထားတဲ့ နေရာလေးတွေ ရှိတယ်။ အဲဒီတော့ အဲဒီစက်မှာ လည်း ဗိုလ်မှူးပြောတဲ့အတိုင်းဆို ဒီသဘောမျိုးပဲပေါ့။ ခုနပြောတဲ့ နောက်တဆင့်၊ ဒုံးကျည်ထုတ်လုပ်တဲ့အဆင့်ထိ လုပ်ရမယ့်နေရာမျိုး ထည့်မယ် ဆိုရင်လည်း၊ အဲဒီ ဟာမျိုး အဲဒီ program မျိုး ထည့်မယ်ဆိုရင်လည်း၊ အဲဒီ program မျိုး ထည့်ဖို့အတွက် ကျနော်တို့ အရပ်စကားနဲ့ ပြောမယ် ဆို နေရာလပ်တွေတော့ ချန်ထားတဲ့ စက်မျိုးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဲဒီ သဘောပါပဲ။ ဟုတ်ကဲ့။

ဦးရော်နီညိမ်း။ ။ ခုနက စင်္ကာပူက agent ကတဆင့် ပြောလိုက်တာက “မင်းတို့ဆီက ဒေါ်အောင်ဆန်းစုကြည် ကို မင်းတို့စစ်အစိုးရက လွှတ်ပေးမှ တို့က ရောင်းမှာပေါ့ကွ” ဆိုတဲ့သဘောမျိုးပြောတာက၊ ဒါကတော့ သူက informalပေါ့နော်၊ အလွတ်သဘောပြောတာနဲ့ တူပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။ informal သဘောမျိုးပါပဲ။ သူကလည်း ဒီလောက် အဆုံးအဖြတ်ပေးနိုင်တဲ့ လူရယ်လို့ မဟုတ်ပါ ဘူး။ သူက openly ပြောတတ်တဲ့ လူတစ်ယောက်မို့လို့၊ ဒါကို နားလည်အောင် သူက တိုတိုနဲ့ လိုရင်း ရှင်းပြပေးလိုက်တာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူး ၊ အဲဒီတော့ ကျနော်တို့ ဒီစက်ကိုပြောရင်းနဲ့ ပြန်ကောက်ရအောင်။ ဗိုလ်မှူးရဲ့တာဝန်နဲ့ အဲဒီဗိုလ်မှူးလုပ် ခဲ့တဲ့ စက်ရုံရဲ့တာဝန်။ အဲဒီတော့ ဗိုလ်မှူးက အဲဒီစက်ရုံကို ရောက်သွားတဲ့ အဓိကတာဝန်ပေး အပ်ချက်က ဘာလဲ ခင်ဗျ။ ကျနော်တို့ စစ်ရုံးက၊ သသန က၊ ဗိုလ်မှူးကို ခေါ်ပြီးတော့ အဲဒီနေရာကို posting ပေးလိုက်တဲ့အခါမှာ ဘယ်လို အမိန့်ပေးလိုက်လဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့စက်ရုံရဲ့ အဓိကရည်မှန်းချက်တွေက ဒီ ‘သပိတ်ကျင်း သိပ္ပံနှင့်နည်းပညာတပ်’က လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ အစိပ်အပိုင်းတွေကို ထုတ်လုပ်ပေးဖို့ အတွက်၊ ဒီစက်ရုံတွေကို တည်ထားတာပါ။ ဒီ ‘သပိတ်ကျင်းတပ်’ က ပစ္စည်းတွေက တော့ ပြည်ပမှာ ဝယ်လို့ မရနိုင်ဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ဘာသာထုတ်လုပ်နိုင်မှဖြစ်မယ်၊ ပြည်တွင်းမှာ ကိုယ့်ဘာသာထုတ်လုပ်နိုင်အောင်၊ အမှီအခို ကင်းမဲ့စွာ ထုတ်လုပ်နိုင်အောင်၊ ဆိုပြီးတော့ ဒီစက်ရုံတွေကို တည်ထားတာပါ။ ကျနော်တို့ကို အဲဒီမှာ တာဝန်ချလိုက်တဲ့အချိန်ကလည်း ‘သပိတ်ကျင်းတပ်’ ရဲ့ လိုအပ်တဲ့ ပစ္စည်းအစိပ်အပိုင်းတွေကို အချိန်မှီ ထုတ်လုပ်ပေးဖို့၊ အရည်အသွေးမှီမှီ ထုတ်လုပ်ပေးဖို့၊ လျှို့ဝှက်ချက်တွေကို လည်း ထိန်းနိုင်ဖို့ပေါ့။ အဲဒီလိုမျိုး မှာလိုက်တာတွေ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ‘သပိတ်ကျင်းတပ်ရင်း’က အပြင်မှာ အရပ်ထဲမှာ ပြောပြောနေတဲ့ ‘နျူကလီးယားတပ်ရင်း’ ဆိုတာပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အဲဒီနားက ကျေးရွာတွေတဝိုက် မြို့တွေရွာတွေကတော့ သပိတ်ကျင်းက တပ်ကို အရပ်စကားနဲ့ အလွယ်ပဲ ‘နျူကလီးယားတပ်ရင်း’လို့ ပြောနေကြတာပေါ့။ အဲဒီတော့ ဗိုလ်မှူးရဲ့အဆင့်နဲ့ တကယ့်‘သသန’ ရဲ့ ရည်ရွယ်ချက်၊ ‘သသန’ ရဲ့ အရာရှိ ချုပ်တို့ နောက် သူ့အပေါ်၊ အထက်က ရှိတဲ့ ကကကြည်း (ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး)တို့ ဘာတို့က ပါ၊ တကယ့် ရည်ရွယ်ချက်က ဒီ ‘သသန’ က ဘာလုပ်ဖို့လဲ၊ ဗိုလ်မှူးတို့ တရားဝင် သိထားတာရော တရားမဝင်ပေမယ့် ကိုယ်ကတော့ နားလည်နေတယ်၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာ။ အဲဒီသဘောမျိုး ကျနော်တို့ကို နည်းနည်းရှင်းပြလို့ ရမလား။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ တကယ်တမ်း ဘာလုပ် ချင်တာလဲ၊ ဒီ ‘သသန’ တို့ ဘာတို့နဲ့။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့၊ တပ်မတော်အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေကို သုတေသနလုပ်ဖို့ အတွက် research center (သုတေသနဌာနကြီး)ကို ထောင်လိုက်တာပါ။ အဲဒီမှာ ဌာနတွေ ရှိပါတယ်။ ဌာနနံမည်တွေ ကြားလိုက်လို့ရှိရင်၊ ဒါ ပိုပြီးတော့နားလည် သွားပါလိမ့်မယ်။ ဥပမာ၊ ဌာနတစ်ခုဆိုရင် “မဟာဗျူဟာမြောက်လက်နက်ကြီးများ သုတေသနဌာန (ကြည်း-ရေ-လေ)” ဆိုပြီးတော့ ဖွဲ့ထားတာ ရှိတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဌာနနံမည်ကိုက အစ၊ မဟာဗျူဟာမြောက်လက်နက်ကြီး (ကြည်း-ရေ-လေ)ဌာနလို့ တပ်ထားတော့၊ ဒီ မဟာ ဗျူဟာမြောက်လက်နက် မြန်မာစစ်တပ်က ပြောဆိုသတ်မှတ်တာဟာ၊ အခု အမေရိကန်နဲ့ ရုရှ ပြန်ပြီး ချုပ်ဖို့လုပ်နေတဲ့ START (Strategic Arms Reduction Treaty - မဟာဗျူဟာမြောက်လက်နက်ကြီးများလျှော့ချရေးစာချုပ်) လိုဟာမျိုးလား။ ဒုံကျည်တွေနဲ့ ဒုံးကျည်ပစ်စင် အရေ အတွက်တွေနဲ့၊ တကယ့်ကို တတိုင်းပြည်လုံး ပြာကျသွားနိုင်တဲ့ ဒီလိုမျိုး လက်နက်တွေအထိ၊ ဒီလိုမျိုး ထိပ်ဖူးတွေအထိ၊ ထုတ်ဖို့ အထိ ရည်ရွယ် ထားတဲ့ ဌာနပါလား ခင်ဗျ။ ဗိုလ်မှူးရဲ့အတွေ့အကြုံအရ ဘယ်လောက်ထိ သိရှိထားပါသလဲ။

ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဆိုလိုတာက ‘မဟာဗျူဟာမြောက်လက်နက်ကြီးများသုတေသနဌာန’ တပ်မတော်(ကြည်း) အတွက်၊ တပ်မ တော်(ရေ) အတွက်၊ တပ်မတော်(လေ) အတွက်၊ ဆိုပြီးတော့ အဲဒီလိုမျိုး ခွဲထားတဲ့ ဌာနပါ။ အဲဒီမှာ မဟာဗျူဟာမြောက်လက်နက်တွေထဲမှာ rocket ပါတယ်။ နျူကလီးယားပါတယ်။ နောက် ဌာနတစ်ခုဆိုရင် main frame computer တည်ဆောက်ဖို့ပေါ့။ အဲဒီလို research ဌာနတွေ ကိုပါ ထည့်ပြီးတော့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ကျနော့်ရဲ့အတွေ့အကြုံဆိုလို့ရှိရင်တော့၊ ကျနော်တို့ ရုရှကို သွားကတည်းကိုက ကျနော်တို့ သင်ရတဲ့ ဘာသာရပ်တွေက၊ rocket နဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ nuclear reactor တည်ဆောက်မှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေချည့်ပဲ တက်ရပါ တယ်။ ကျောင်းတော့ ကွဲသွားတာပေါ့။ ဒါပေမယ့် တက်ရတဲ့ subject တွေက အတူတူပဲ။ ဥပမာ ကျနော် Bauman (Bauman Moscow State Technical University) တက္ကသိုလ်မှာ ကျနော်က rocket engine design နဲ့ တက်တယ်။ ပြီးတော့ အဲဒီ Bauman တက္ကသိုလ်မှာ ပဲ၊ တချို့ကျောင်းသားတွေက ဒုံးပျံနည်းပညာကို တက်တယ်။ တချို့က nuclear reactor engineering ကိုတက်တယ်။ အဲဒီ တချိန်တည်းမှာ ပဲ Russia Chemical University (D. Mendeleyev University of Chemical Technology of Russia – MUCTR ဟုလည်းခေါ် သည်။ ၁၈၆၉ မှာ Periodic Tableကို တီထွင်သူ ရုရှသိပ္ပံပညာရှင် Dmitri Mendeleyev ကို ဂုဏ်ပြုတည်ထောင်ထားသော တက္ကသိုလ်) ကျနော့်သူငယ်ချင်း တချို့ကကျတော့ ဒုံးပျံလောင်စာနဲ့ ပတ်သက်တဲ့ subject တွေ သင်နေရတယ်။ ကျနော်တို့က mechanical engineer ဖြစ်တဲ့အတွက် rocket ဘာသာရပ်တက်ရတယ်။ nuclear ဘာသာရပ် တက်ရတယ်။ Chemical Engineering နဲ့ ဘွဲ့ရထားတဲ့ သူငယ်ချင်း တွေကျတော့၊ ဒုံးပျံလောင်စာတို့ nuclear နဲ့ ပတ်သက်တာတွေ လေ့လာရပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် (၁) က ကျောင်းဆင်းခဲ့ပြီးတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင် ရာ စက်မှုလက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက်တွေကို ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီးတော့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG