သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုအခန်းကဏ္ဍ အင်ဒို ထောက်ခံ


မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုအခန်းကဏ္ဍ အင်ဒို ထောက်ခံ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (MARTY M. NATALEGAWA) က ထိုင်းတက္ကသိုလ်တခုမှာ ပြောကြားလိုက်ပါတယ်။

ဒီပြောကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်သလို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးဖို့ နှစ်ပေါင်း၂၀ ကျော် ဒေါ်အောင်ဆန်းစုကြည်က တစိုက်မတ်မတ် ပြောဆိုလာတာ ဖြစ်ပြီး ဒီလိုဆွေးနွေးပွဲတွေဖြစ်လာအောင် ၂၀၁၁ ခုနှစ်ကျရင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်မယ်ဆိုရင် အာဆီယံအတွက် ဂုဏ်တက်မှာဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းမှု လည်း ရလာမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြ ထားပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတော့မယ့် အင်ဒိုနီးရှားနိုင်ငံက အဖွဲ့ဝင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလွန်ကာလအတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရဲ့ အပြောင်းအလဲ ကိစ္စရပ်တွေအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုအပ်တယ်လို့ ပြတ်ပြတ်သားသား ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ အာဆီယံမူဝါဒရေးရာ ဆွေးနွေးပွဲအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ က ပြောကြားလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်စေဖို့အတွက် ရွေးကောက်ပွဲ ကျင်းပပေးဖို့အပြင် ရွေးကောက်ပွဲလွန်ကာလမှာ တိုးတက်မှုတရပ်ကို ပြသဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးပြောဆိုမှုတွေလုပ်ဖို့ ကြိုးစားမှုတွေနဲ့ စတင် ရမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီပြောကြားချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေကို နှစ်ပေါင်းများစွာ တိုက်တွန်းလာတာမို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောပါတယ်။

“အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်က လွတ်မြောက်လာပြီး နောက်တနေ့မှာ လူထုကို တွေ့ဆုံပြောကြားတဲ့ နေရာမှာကိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူ ဆထက်ထမ်းပိုးတိုးပြီး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတာဟာ ဒီမိုကရေစီပြောင်းလဲရေးမှာ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ဖို့အတွက် မဖြစ်မနေသွားရမယ့်လမ်းပဲလို့ ဒေါ်အောင်ဆန်းစုကြည်ပြောထားတာဟာ ၁၉၈၉ ကတည်းကပါ။ အဲဒီကတည်းက တွေ့ဆုံဆွေးနွေးရေးကိုရော အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုရော ကျနော်တို့က လုံးဝဥဿုံ လက်ခံထားတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီလို ပြောလာတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရတဲ့အခါမှာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ပါဝင်ဖြေရှင်းတာမျိုး အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ မြင်ချင်ကြောင်းပြောကြားခဲ့တာမို့ ဒါဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုပါ တက်လာစေမယ်လို့ ပြောပါတယ်။

“အာဆီယံအဖွဲ့ကြီးဟာ မြန်မာနိုင်ငံအရေးကို ဥပဒေချိုးဖောက်နေတာတွေကို ထိထိရောက်ရောက် ပါဝင် မကူညီနိုင်တဲ့ အတွက်ကြောင့် ကမ္ဘာက မေးငေါ့တာကို ခံနေရတာ အာဆီယံတဖွဲ့လုံးလည်း အသိပါပဲ။ တကယ်လို့ အဲလိုသာ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အဲဒီကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖို့၊ အဲလိုအမျိုးသားပြန်လည် သင့်မြတ်ရေးသာ ရသွားပြီဆိုရင်တော့ ဒီမိုကရေစီပြောင်းလဲမှုဟာ ငြိမ်းချမ်းစွာနဲ့ မြန်မြန်ဖြစ်ပေါ်မှာ သေချာပါတယ်။ အဲလိုသာ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အာဆီယံအဖွဲ့ကြီးပါ ဂုဏ်သိက္ခာတက်လာမှာ သေချာပါတယ်။ အာရှဒေသငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့ကြီးက တကယ့်ကို ထိထိရောက်ရောက် အကျိုးပြုရာလည်း ရောက်သွားမှာ ဖြစ်ပါတယ်။”

မြန်မာ့အရေးဆောင်ရွက်နေတဲ့ AIPMC လို့ ခေါ်တဲ့ အာဆီယံအမတ်များအဖွဲ့ရဲ့ ပြောခွင့်ရ ထရီဆာ ကော့်က် (Tresa Kok) ကလည်း အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာခဲ့ရင်၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အခုထက်ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်ပေးဖို့ လိုအပ်သလို အခုထက်ပိုပြီး ပြောဖို့ ဆိုဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

“အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ တက်တက်ကြွကြွပါဝင် လှုပ်ရှားနေပါပြီ။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တခြား အာဆီယံနိုင်ငံတွေကို ဦးဆောင်ပြီးတော့ မြန်မာစစ်အစိုးရကို ဖိအားတွေပေးနိုင်အောင် လုပ်သွားလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

မြန်မာအာဏာပိုင်တွေနဲ့သာမက ဒေသတွင်း အင်အားကြီး နိုင်ငံတွေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံအပေါ်သြဇာညောင်းတဲ့ တရုတ်အစိုးရကို မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ပေါ်စေဖို့ ဖိအားပေးသင့်တဲ့အပြင် အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေကို မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုတွေမှာ ဆုပေးဒဏ်ပေးပုံစံမျိုး လုပ်လာအောင် ကြိုးပမ်းသင့်တယ်လို့လည်း ပြောပါတယ်။

“ကုန်သွယ်ရေးနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကတဆင့်လည်း လုပ်နိုင်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ အာဆီယံနိုင်ငံ တွေကြား စီးပွားဆက်ဆံရေးက တဆင့်ပါ။ သံတမန်ဆက်သွယ်ရေးကနေလည်း တဆင့် လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ပေါ်အောင် တွန်းအားပေးတဲ့အနေနဲ့ အာဆီယံဘက်က ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးသင့်ပါတယ်။”

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့အတွက် ဆောင်ရွက်ဖို့ ကြိုးစားလာချိန်ဟာ မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံတွေက တိုက်ရိုက်တွေ့ဆုံမှုတွေနဲ့ ပျော့ပြောင်းစွာ ဆက်ဆံလာချိန်ဖြစ်သလို အာရှနိုင်ငံတွေက ဝေဖန်မှုတွေ တိုးလာနေချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG