သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံအတွက် ဇေကမ္ဘာကုမ္ပဏီ လယ်သိမ်းမှု ဒေသခံတွေ မကျေနပ်


ဒီဇင်ဘာ ၁၅၊ ၂၀၁၀။ ဦးခင်ရွှေပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီကနေ မွန်ပြည်နယ်ဘက်မှာရှိတဲ့ လယ်ယာ ခြံမြေတွေကို သိမ်းဆည်းပြီးတော့ လျော်ကြေးတွေပေးနေပေမဲ့ ဒေသခံလယ်သမားတွေက နစ်နာနေတယ် လို့လည်း ဆိုပါတယ်။ ဦးခင်ရွှေကနေ ဒီလယ်မြေတွေဟာ ရေနက်ကွင်းဖြစ်ပြီး စပါးစိုက်လို့ မရဘူးလို့ ပြောဆိုမှုတွေရှိသလို တဘက်ကလည်း လယ်သမားတွေဟာ လယ်ယာမြေအပေါ်မှာပဲ တန်ဖိုးထားတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာရှိတဲ့ ပျားတောင် ဘိလပ်မြေစက်ရုံတည်ဆောက်ရေးအတွက် ဦးခင်ရွှေပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီကနေ ဒေသခံရွာသားတွေရဲ့လယ်ယာခြံမြေဧက(၄၀၀)ကျော်ကို မြို့နယ် အာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့ တိုင်းတာ သိမ်းဆည်းခဲ့ပြီး ဈေးနှိမ်ပြီး လျော်ကြေးပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ဦးခင်ရွှေက အခုလိုပြောပါတယ်။

“လယ်သမားတွေအနေနဲ့ပြောတယ်ဆိုတာလည်း နိုင်ငံတော်က လယ်သမားတွေကို ပြောရမယ်ဆိုရင် အဲဒီနေရာ က မိုးတွင်းမှာ စိုက်လို့မရဘူး။ (၁၀)ပေလောက် ရေတက်တယ်။ တစ်သောင်းနှစ်သောင်းပဲ တတ်နိုင်တော့ လယ်သမားတွေ နစ်နာသွားစိုးလို့ အန်ကယ်က ၀င်ပြီးတော့ သူတို့တောင်းတဲ့ဈေးကို အန်ကယ်က ပေးတာ။ တစ်ဧကကို သုံးသိန်းခွဲ ပေးတယ်။”

ဇေကမ္ဘာကုမဏြီပိုင်ရှင်က လယ်သမားတွေနနစ်နာမှာစိုးလို့ လျော်ကြေးပေးတယ်ဆိုပေမဲ့ လယ်မြေ အသိမ်းဆည်းခံ လယ်သူမတစ်ဦးကတော့ သူတို့ရဲ့နစ်နာချက်တွေကို မွန်ဘာသာနဲ့အခုလိုပြောပါတယ်။

“သားတို့ရယ်။ လယ်တွေ အကုန်လုံး ပါကုန်ပြီ။ ထမင်းငတ်တော့မယ်သားတို့ရယ်တဲ့။ လယ်လုပ် နေတဲ့ နေရာဟောင်းတွေကိုလည်း သူတို့ တိုင်းတာယူလိုက်ကုန်ပြီတဲ့။ နှစ်တိုင်းစပါးစိုက်နေတဲ့လယ်တွေ ဒီလယ်တွေနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေတာ။ အဲဒါလည်း ပါသွားပြီလို့မွန်ဘာသာနဲ့ပြောဆိုသွားတာပါ။”

ဦးခင်ရွှေကတော့ ဒီလိုဘိလပ်မြေစက်ရုံတည်ဆောက်တာဟာ ဒေသခံလယ်သမားတွေရဲ့အကျိုးအတွက်လို့ ပြောပါတယ်။

“လယ်တစ်ဧကကို မိသားစုတစ်စု စားလို့မလောက်ဘူးလေ။ တစ်ဧကပေါ်မှာ စက်ရုံလုပ်လိုက်တာနဲ့ လူထောင်နဲ့ချီ စားလို့ရတာပေါ့။ မဟုတ်ရင် ဒီအတိုင်း ဒီအတိုင်းပဲ သူတို့ရဲ့ဘ၀တွေက။ သူတို့လူမှုရေး တွေ အကုန် တာဝန်ယူပေးရမှာပေါ့။ အဲဒါ သူတို့လူနေမှုအဆင့်အတန်းတွေ မြင့်အောင် လုပ်ပေးရမှာ အချို့က သဘောမပေါက်ဘူး။”

ဒါပေမဲ့ လယ်အသိမ်းခံ နှီးတုန်ကျေးရွာက လယ်သမားတစ်ဦးကတော့ မိရိုးဖလာလယ်လုပ်ငန်းအပေါ်မှာပဲ အားကိုးအားထားပြုချင်တယ်လို့ အခုလို ပြောပါတယ်။

“လယ်သမားတွေက တစ်ယောက်ကို တစ်ဧကစီအသိမ်းခံရတာမဟုတ်ပါဘူး။ အနည်းဆုံး ငါးဧကစီ အသိမ်း ခံရတာ ရှိတယ်။ လယ်သမားတွေက လယ်တွေအသိမ်းခံရတော့ ခြေပြတ်လက်ပြတ်တွေဖြစ်ကုန်ပြီး။ စက်ရုံအလုပ်သမားတော့ကျွန်တော်တို့မဖြစ်ချင်ဘူး။ လယ်ပိုင်ခြံပိုင်ပဲ ဖြစ်ချင်တယ်။”

လယ်ယာခြံမြေ အသိမ်းခံရတဲ့ ဒေသခံရွာသားတွေက ကျေနပ်မှုမရှိဘဲ လျော်ကြေးငွေ လက်မခံ သူတွေက နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တက်ရောက်တိုင်ကြားမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုတိုင်ကြားတာ ပိုပြီးကောင်းတယ်လို့ ဦးခင်ရွှေကပြောပါတယ်။

သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေဟာ ရေနက်ကွင်းဖြစ်သလို စိုက်ပျိုးလို့ရတဲ့မြေတွေမဟုတ်ဘူးလို့ ဦးခင်ရွှေ ပြောဆိုမှုအပေါ် ကျိုက်မရောမြို့နယ် နယ်ခံတစ်ဦးလည်းဖြစ်တဲ့ အငြိမ်းစား မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ တစ်ဦးက အခုလိုသုံးသပ်ပြောဆို ခဲ့ပါတယ်။

“အဲဒီလယ်မြေတွေဟာဆိုရင် တကယ်တော့ ရေနက်ကွင်းမဟုတ်ပါဘူး။ အဲဒီလယ်မြေတွေဟာ မြေပေါ် ဖြစ်သွားပါပြီ။ မွန်ပြည်သစ်ပါတီကဖေါက်ထားတဲ့ ကွမ်ငန်း ကဒုံစိတူးမြောင်း ရေနှုတ်မြောင်းဖြစ်သလို အဲဒီရေကနေ ရေသွင်းမြောင်းတွေဖြစ်ပါတယ်။ အဲဒီအားလုံးအပေါ်မှာရှိတဲ့ လယ်မြေတွေဟာဆိုရင် အခု စိုက်ပျိုးနေကြပါပြီ။ အခုဘယ်လိုခေါ်လဲ။ ရေလိုက် မုရင်းဆိုလည်း ပြောလို့ရပါတယ်။”

” အခုလုပ်တဲ့လုပ်ရပ်တွေဟာ ဆိုရင် တစ်ဦးတစ်ယောက်ကောင်းတဲ့ ပုဂ္ဂလိက ဒေါက်တိုင် စီးပွါးရေးသမား တွေရဲ့ အကျိုးအတွက်ကို ကြည့်ပြီးတော့ လယ်သမားတွေအပေါ်မှာ မတရားသဖြင့် လုပ်တာပါ။ ဒီလယ်ယာမြေတွေဟာ မကောင်းပါဘူး။ ရေမြုပ်လယ်တွေ ဆိုတာဟာ တဘက်သတ် ပြောဆိုခြင်း ဖြစ်တယ်။ အဲဒီတော့ ဒေါက်တာခင်ရွှေပြောတဲ့အပေါ်မှာ လုံးဝ မဟုတ်နိုင်ပါဘူး။ (၂၀၀၆)ခုနှစ်မှာဆိုလို့ရှိရင် ဒီလယ်ယာမြေတွေဟာ (၄)သိန်းလောက် တန်နေပါတယ်။”

အဆိုပါ ဘိလပ်မြေစက်ရုံတည်ဆောက်ရာမှာတော့ အမေရိကန်ဒေါ်လာသန်း(၁၀၀)ကုန်ကျမယ်လို့ ဇေကမ္ဘာ ကုမ္ပဏီကနေခန့်မှန်းထားပါတယ်။ ဘိလပ်မြေစက်ရုံကို (၂၀၁၁)ခုနှစ်ဝန်းကျင်မှာ စတင်ဆောက်လုပ်မှာ ဖြစ်ပြီး အခုဆိုရင်လမ်းတွေစတင် ဖေါက်လုပ်နေပြီးလို့ ဦးခင်ရွှေကပြောပါတယ်။

စက်ရုံအတွက် ၀န်ထမ်း (၂၀၀၀)ကျော်အထိ ခန့်ထားနိုင်မှာ ဖြစ်ပြီး တရက်ကို ဘိလပ်မြေတန်ချိန်( ၆၆၀၀) ခန့် ထုတ်လုပ်သွားမယ်လို့ ဦးခင်ရွှေက ပြောပါတယ်။ အဲဒီဒေသဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သွားပေးမယ် လို့ ပြောဆိုမှုတွေရှိနေပေမဲ့ လောလော ဆယ်ဆယ် လယ်ယာခြံမြေအသိမ်းခံရတဲ့သူတွေက ယုံကြည်မှု မရှိဘူးလို့ ပြောဆိုတာတွေ ရှိနေပါတယ်။

XS
SM
MD
LG