ဒီဇင်ဘာ ၁၅၊ ၂၀၁၀။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ Stupid and Dense အသိဉာဏ်နည်းပြီး ပြောရ ဆိုရ ခက်တဲ့သူတွေဖြစ်တယ်ဆိုပြီး စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ စင်ကာပူခေါင်းဆောင် လီကွမ်ယုက ပြောဆိုခဲ့တဲ့အကြောင်း ဝီကီလိခ် ဝက်ဆိုဒ်မှာ ဖောက်ထုတ်လိုက်တဲ့ အမေရိကန် သံတမန် လျှို့ဝှက်မှတ်တမ်း တခုမှာ ဖော်ပြပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရတာဟာ ဘာမှ နားမလည်နိုင်တဲ့ လူသေကောင်တွေကို စကားပြောရ သလိုပါပဲလို့ ၂၀၀၇ ခုနှစ်တုန်းက အမေရိကန်သံတမန်တွေကို ပြောဆိုခဲ့တယ်လို့ အဲဒီ အမေရိကန် သံတမန်ရေး လျှို့ဝှက်မှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်ရဲ့ သဘာ၀ သယံဇာတ အရင်းအမြစ်တွေ စီမံအသုံးချတဲ့နေရာမှာ ညံဖျင်းတာကြောင့်၊ ဒီဗိုလ်ချုပ်တွေနဲ့ ဆက်ဆံဖို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက လက်လျှော့ခဲ့ရတယ်လို့ မစ္စတာ လီကွမ်ယုက ပြောဆိုခဲ့တဲ့ အကြောင်း ဖော်ပြပါတယ်။
လီကွမ်ယုနဲ့ အမေရိကန်အဆင့်မြင့်သံတမန်နှစ်ဦးအကြား ဆွေးနွေးပြောဆိုမှုကို ရေးမှတ်ထားတဲ့ မှတ်တမ်းကို ဝီကီလိခ် ဆိုဒ်မှာ ဖောက်ထုတ်လိုက်တာပါ။ အနည်းငယ်အသိတရားရှိလာမယ့် နောက်ထပ် မျိုးဆက်သစ် စစ်ခေါင်းဆောင်တရပ် မပေါ်လာမချင်းတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေအတွက် မျှော်လင့်ချက် အနည်းငယ်ပဲ ရှိတယ်လို့ မစ္စတာလီက ပြောခဲ့တယ်လို့ အဲဒီမှတ်တမ်းမှာ ဖော်ပြပါတယ်။
မြန်မာဗိုလ်ချုပ်တွေဟာ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာ ခွဲဝေယူပါ့မလား ဆိုတာတောင်မှ သံသယဖြစ်စရာရှိတယ်လို့လည်း ပြောထားပါတယ်။ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ဘဝနဲ့ နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ခေါင်းဆောင်တွေအဖို့ ကြောက်ရွံစရာ မကောင်းဆိုးဝါး သဘော ဖြစ်နေတယ်လို့လည်း မစ္စတာလီက ပြောခဲ့တယ်လို့ ရေးထားပါတယ်။