သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းဘုရင်ဝေရှောက်ခန် ဖမ်းမိဖို့ ထိုင်းနိုင်ငံတွင်း အရှိန်မြှင့် လုပ်ဆောင်


ဘိန်းဘုရင်ဝေရှောက်ခန် ဖမ်းမိဖို့ ထိုင်းနိုင်ငံတွင်း အရှိန်မြှင့် လုပ်ဆောင်
ဘိန်းဘုရင်ဝေရှောက်ခန် ဖမ်းမိဖို့ ထိုင်းနိုင်ငံတွင်း အရှိန်မြှင့် လုပ်ဆောင်

UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က မူးယစ်မှောင်ခိုကူးသူ ဝေရှောက်ခန်ကို ဖမ်းမိရင် အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမယ်လို့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်း မူးယစ် နှိမ်နင်းရေးအဖွဲ့တို့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သူ့ပုံပါတဲ့ ဘီယာခွက်တွေ၊ မီးချစ်တွေနဲ့ တခြား လက်ကမ်းစာဆောင်တွေကိုလည်း ထိုင်းနိုင်ငံအတွင်း သူသွားတတ်တဲ့နေရာတွေနဲ့ ထိုင်းမြန်မာ နယ်စပ်ဒေသ တလျှောက်မှာ ဖြန့်ဝေထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့တွေက ၀ မူးယစ် မှောင်ခို ခေါင်းဆောင် ဝေရှောက်ခန် (Wei Hsueh Kang) ကို ဖမ်းမိရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းအထိ ပေးမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကတည်းက ပူးတွဲ သတင်းကြေညာချက် ထုတ်ပြန် ထားပြီးသားပါ။

အခုရက်ပိုင်းကျမှ သူ့ကို ဖမ်းမိနိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဘီယာခွက်တွေ၊ ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ၊ မီးခြစ်တွေမှာ သူ့ပုံတွေကိုကပ်ပြီး အရှိန်မြှင့်လုပ်ဆောင်လာနေတာနဲ့ ပတ်သက်လို့ DEA အရှေ့အာရှရေးရာ ညွန်ကြားရေးမှူး Tom Pasquarello က ရှင်းပြပါတယ်။

သူပြောသွားတာကတော့ - "ဝေရှောက်ခန် ဦးဆောင်နေတဲ့အဖွဲ့ဟာ အင်မတန်ကြီးတဲ့ အဖွဲ့အစည်းတခုပါတဲ့။ သူတို့အဖွဲ့အနေနဲ့ ဘိန်း၊ မက်သမ်ဖက်တာမဲင်းနဲ့ တခြား ထောင်နဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်နိုင် တဲ့ အဖွဲ့ဖြစ်ပါတယ်တဲ့။ မစ္စတာ ဝေရှောက်ခန်ကတော့ အဲဒီအဖွဲ့ကို နောက်ကွယ်ကနေ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ် ကွပ်ကဲပေးနေသူဖြစ်သလို ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုရဲ့ အကြီးအကဲလည်းဖြစ်ပါတယ်လို့ ပြောသွားတာပါ။ ”

သူ့ကို ဖမ်းမိနိုင်ဖို့ အမေရိကန်နဲ့ ထိုင်းအာဏာပိုင်တွေက အပတ်တကုတ် ကြိုးပမ်းနေကြပေမဲ့ သူဘယ်မှာ ရှိတယ်ဆိုတာကိုတော့ သူတို့အနေနဲ့ သိထားတဲ့အကြောင်း Tom Pasquarello က ဆက်ပြောပါတယ်။

“သူမြန်မာပြည်ထဲမှာ ရှိနေပါတယ်တဲ့။ သူဘယ်မှာရှိတယ်ဆိုတာကို ကျနော် အကြမ်းဖျဉ်းအားဖြင့်တော့ သိထားပါတယ်တဲ့။ ဒါကြောင့်လည်း သူ့ရဲ့ သွားလာ လှုပ်ရှားနိုင်တဲ့နယ်မြေဟာ ကျဉ်းနေပါပြီတဲ့။ ဒါကြောင့် အခုလုပ်ဆောင်နေတဲ့ အစီအစဉ်က အရမ်းကို အရေးပါပါတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ အခုလို လုပ်လိုက်တဲ့အတွက် မစ္စတာ ဝေရှောက်ခန်အနေနဲ့ တနေရာကနေ တနေရာကို ရွှေ့ပြောင်းသွားလာဖို့ ခက်ခဲစေပါတယ်တဲ့။ သူဘယ်မှာရှိတယ်ဆိုတာကို ကူညီ ပြောပြပေးနိုင်မယ့် အစီအစဉ်တွေ သူတို့မှာ ရှိပါတယ်လို့ ပြောသွားတာပါ။ ”

အမေရိကန်နဲ့ ထိုင်းအစိုးရတို့က ဝေရှောက်ခန်ကို ဖမ်းဆီးနိုင်ဖို့ အခုမှ အရှိန်မြှင့်လုပ်ဆောင်နေတာဟာ အချိန်အခါမှားနေတဲ့အကြောင်းနဲ့ သူတို့အနေနဲ့ ဝေရှောက်ခန်ကို ဘာကြောင့် ပစ်မှတ်ထားဖမ်းဆီးဖို့ ကြိုးစား ရသလဲဆိုတာနဲ့ပတ်သက်လို့ ရှမ်းသံတော်ဆင့်သတင်းစာက အယ်ဒီတာ ဦးခွန်ဆိုင်းက ရှင်းပြပါတယ်။

ဝေရှောက်ခန် မြန်မာနိုင်ငံအတွင်း ၀ အထူးအုပ်ချုပ်ရေးဒေသမှာ ရှိနေတယ်ဆိုတာကို အမေရိကန်ရော၊ ထိုင်း အာဏာပိုင်တွေအပါအဝင် မြန်မာစစ်အစိုးရကပါ သိနေတဲ့ကိစ္စပါ။ ဒါကြောင့်လည်း ဝေရှောက်ခန်ကို ဖမ်းမိနိုင်ရေးအတွက် မြန်မာစစ်အစိုးရဖက်က အပေးအယူလုပ်ဖို့ အခွင့်လမ်းကောင်းတခုပဲလို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

လောလောဆယ်မှာ ၀ ဒေသက ဘိန်းစိုက်ပျိုးတာမလုပ်တော့သလို အဲဒီနောက်ဆက်တွဲအဖြစ် ဘိန်းထုတ် လုပ်မှုလည်း နည်းနေတာကြောင့် ဘိန်းမှောင်ခိုကူးတဲ့ လုပ်ငန်းမှာ ဝေရှောက်ခန်အပါအဝင် ဝတပ်ဖွဲ့ရဲ့ အခန်း ကဏ္ဍဟာ အရင်လောက် ထိပ်မှာ မရှိတော့ဘူးလို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

ဒါပေမဲ့လည်း ယာဘအပါအဝင် တခြား စိတ်ကြွဆေးပြားတွေထုတ်လုပ်တဲ့နေရာမှာတော့ ဝတပ်ဖွဲ့ဟာ နံပတ်တစ် အဆင့်မှာရှိနေသေးပြီး သူတို့ထုတ်တဲ့ဆေးပြားတွေဟာလည်း တခြား မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေထက် ပိုပြီး ဈေးကောင်းရနေတုန်းပဲလို့ ဆိုပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ တရုတ်လူမျိုး ဝေရှောက်ခန်အပါအဝင် တခြား ၀ မူးယစ်ဆေးဝါးမှောင်ခိုကူးသူ ၈ ယောက်ကို အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရရဲ့ နယူးယောက်မြို့ အရှေ့ပိုင်း ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG