သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၃၉)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကို ယူဆောင်ပြီး၊ ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင် နီယာအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းပါ။ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်းအပတ်စဉ်(၁)က ကျောင်းဆင်းခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာစက်မှုဘာသာရပ် နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ ပြောကြားချက် ဒုတိယပိုင်းကို ဒီသီတင်းပတ်ရဲ့ “တပ် မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့က DSTA အပတ်စဉ်(၁)က ဆင်းတာဆိုတော့ ရုရှနိုင်ငံကို ဒီလို တပ်ကစစ် အင်ဂျင်နီယာတွေကို နျူကလီးယားဘာသာရပ်တွေ ဒုံးကျည်ဘာသာရပ်တွေ တက်ဖို့လွှတ်တာဟာ ဘယ်တုန်း လောက်က စခဲ့ပြီးတော့ ဗိုလ်မှူးက ဘယ်အသုတ်လောက်မှာ သွားရတာပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်က ပထမဆုံးအသုတ်နဲ့ သွားရတာပါ။ ၂၀၀၁ခုနှစ် မေလကနေ စပြီး တော့ တက် ရပါတယ်။ ကျနော်တို့ ရုရှမှာ စာသင်လာခဲ့ရတဲ့ပုံစံက projectလုပ်တယ်ဆိုတာက ကိုယ်နဲ့သက် ဆိုင်တဲ့ ဘာသာရပ်မှာ၊ ဥပမာ rocket engine design လုပ်တယ်ဆိုရင် ကျနော်လုပ်တဲ့ project ဟာ ရုရှ rocket company တွေက design တွေမို့လို့ သူက မြန်မာပြည်ပြန်ရောက်တဲ့အချိန်မှာ ဆက်လက်စမ်းသပ် ပြီးတော့ အသုံးချလို့ ရနိုင်တဲ့ project အပြည့်အစုံ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကျောင်းပြီးလို့ ပြန် လာတဲ့အချိန်မှာ ‘သသန’ ရောက်တဲ့အချိန်မှာ ကျနော်တို့ ကိုယ့် project ကိုယ်အကုန်အင်္ဂလိပ်လို ပြန်လုပ်ပြီး တော့ သိပ္ပံနှင့်သုတေသနဌာန ဌာနချုပ်မှူးဆီမှာ ကျနော်တို့တင်ပြရတာပါ။ အဲဒါတွေက ကျနော်တို့ လက်တွေ့ လုပ်မယ်ဆိုရင် စမ်းသပ်သုတေသနလုပ်နိုင်တဲ့ project တွေဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ခင်ဗျ၊ ဌာနချုပ်မှူးဆိုတာက ‘သသန’ ဌာနချုပ်မှူးပေါ့နော်။ ဘယ်သူပါလဲ မသိ ဘူးခင်ဗျ။ ဗိုလ်မှူးတို့ အချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဗိုလ်ချုပ်စိန်ဝင်း ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အခုတော့ သူက ‘လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်’ ဖြစ်သွားပါပြီ။ ဗိုလ်မှူးတို့ က ပထမဆုံးအသုတ် လွှတ်တာဆိုတော့ လူကြီးတွေက ပထမဦးဆုံးအသုတ်သွားမယ့် သင်တန်းသားတွေကို မှာကြားတာမျိုး ရှိပါသလား ခင်ဗျ။ ဗိုလ်မှူးတို့ကို ဘယ်လိုများ မှာကြားလိုက်ပါသလဲ။ ဒီလိုမျိုးပညာတွေ တတ် ပြီး ပြန်လာရင် ဘာလုပ်ဖို့လို့ ပြောပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့မသွားခင် (၂)ရက်အလိုမှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး “နိုင် ငံတော်ကာကွယ်ရေးတက္ကသိုလ်”ကို ရောက်လာပြီးတော့ ကျနော်တို့ တပ်မတော်အရာရှိတွေချည့်ပဲ စုပြီးတော့ မိန့်ခွန်းပြောပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းလည်း ပါပါတယ်။ ကျနော်တို့ကိုပြောတဲ့အထဲမှာ တော့ ဒီနေ့ခေတ် မြန်မာ့တပ်မတော်အနေနဲ့ ခေတ်မှီလက်နက်တွေ ပိုင်ဆိုင်ဖို့လိုအပ်ကြောင်း ဒါကြောင့်မိုလို့ nuclear ၊ rocket နဲ့ဆိုင်တဲ့ ပညာရပ်တွေသွားသင်ဖို့ ကျနော်တို့ကို ရုရှကိုလွှတ်မယ်ဆိုတဲ့အကြောင်း ကျနော် တို့ကိုပြောပါတယ်။ ပထမ စစချင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဦးသောင်းက ကျနော်တို့ကို နျူကလီးယား ပညာရပ်တစ်မျိုးအတွက် တရုတ်ပြည်ကိုသွားပြီးတော့ ညှိနှိုင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်က ငြင်းလိုက်တယ်။ အိန္ဒိယကို သွားတယ်၊ အိန္ဒိယက လက်ခံတယ်။ ဒါပေမယ့် ရုရှသွားတဲ့အခါ ရုရှကလည်း လက်ခံတဲ့အတွက်ကြောင့်မို့ ကျနော်တို့ကို ရုရှကိုပို့လိုက်တယ်ပေါ့။ သပိတ်ကျင်းစီမံကိန်း ဆိုတာတွေက အား လုံးလုပ်ပြီးသွားတဲ့ အချိန်လောက်ကျမှ ကျနော်တို့ကို အသိပေးတဲ့ပုံစံ တွေ့ရပါတယ်။ သပိတ်ကျင်းကို ၂၀၀၆ နှစ်လယ်ပိုင်းလောက်ကျမှ ကျနော်တို့ရုရှပြန်အရာရှိတွေကို စုစည်းပြီး သိပ္ပံနှင့်နည်းပညာတပ်အမှတ်(၁)ဆိုပြီး ဖွဲ့စည်းပြီးတော့ လွှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ရုရှနိုင်ငံကကော နျူကလီးယားပညာရပ်ဒုံးကျည်ပညာရပ်တွေကို တကယ် ပဲ သူတို့ဆီကပညာရှင်တွေကို သင်ကြားမွေးထုတ်ပေးသလို ဗိုလ်မှူးတို့ကိုကော စံချိန်အပြည့်စံချိန်မှီသင်ကြား ပေးပါသလား ခင်ဗျ။ သွားတက်ရတဲ့ ကျောင်းတွေကကော ကမ္ဘာ့အဆင့်နဲ့အညီ သတ်မှတ်ထားတဲ့ ဥပမာ အင် ဂျင်နီယာပိုင်းဆိုရင် အမေရိကားမှာ MIT (Massachusetts Institute of Technology) တို့ အိန္ဒိယက IIT (Indian Institutes of Technology) တို့လိုမျိုး ထိပ်တန်း အင်ဂျင်နီယာဘာသာရပ်သင်တက္ကသိုလ်ကြီးတွေနဲ့ ယှဉ်ရင် ဘယ်လိုအနေအထား ရှိပါသလဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ သွားတက်လာခဲ့တဲ့ Bauman University (Bauman Moscow State Technical University) က မြန်မာပြည်အနေနဲ့ ပြောမယ်ဆိုရင်တော့ စက်မှုတက္ကသိုလ်ကြီးပဲပေါ့။ သူ က University ဖြစ်ပြီးတော့ ကျနော်တို့ မြန်မာပြည်မှာ ဆောက်ခဲ့တဲ့ RIT - Rangoon Institute of Technology ဆိုတာကတော့ Institute အဆင့်ပဲ ရှိတာကိုး။ University အောက်မှာမှ Institute တွေရှိတာ ကိုး။ သဘောက မြန်မာပြည်မှာရှိတဲ့ RIT ဆိုတာ ကျနော်တို့ Bauman University ကြီးရဲ့ အခွဲတစ်ခု လိုမျိုး ပေါ့၊ အဲဒီလို ရှိပါတယ်။ ရုရှားမှာလည်း main ပင်မ တက္ကသိုလ် ရှိတယ်။ သူ့ကို အမ်ဂယ်(လ်)တဲအူး (ရုရှဘာ သာနှင့် М.Г.Т.У - Московский Государственный Технический Университет имени Н.Э. Ба­умана – အင်္ဂလိပ်ဘာသာ MSTU- Moscow State Technical University) လို့ခေါ်တယ်။ ဆိုလိုတာက မော်စကိုစက်မှုတက္ကသိုလ်ပေါ့ ခင်ဗျာ။ ကျနော် တက်ခဲ့တာ က အဲဒီ မော်စကိုစက်မှုတက္ကသိုလ်မှာပါ။ သူတို့ သင်တဲ့ပုံစံကတော့ ရုရှကျောင်းသားတွေကိုသင်တာနဲ့ အနည်းအကျဉ်း ကွာခြားမှုရှိပါတယ်။ ဥပမာ ကျနော်တို့ rocket engine design ဌာနမှာဆိုရင် ကျနော်တို့ကို liquid fuel (လောင်စာအ ရည်) နဲ့အသုံးချတဲ့ rocket engine design ကိုပဲ သင်ပေးတယ်။ solid fuel (လောင်စာခဲ)သုံးတဲ့ rocket engine design ကို သင်မပေး ပါဘူး။ နောက်ပြီးတော့ project လုပ်တဲ့အခါမှာလည်း ကျနော်တို့ကို First Stage Rocket Engine Design ကို project မလုပ်ခိုင်းဘဲ Second Stage Rocket Engine Design ကိုပဲ လုပ်ခိုင်းတာရှိပါတယ်။

(မှတ်ချက်။ ။ liquid fuel (လောင်စာအရည်) - ဒုံးကျည်တွေမှာ လောင်စာအရည်အဖြစ် စသုံးဖို့ ၁၉၀၃ ခုနှစ်မှာ ရုရှ သိပ္ပံပညာရှင် Konstantin Tsiolkovsky လမ်းညွှန်မှုပေးခဲ့ပြီး အမေရိကန်ပါမောက္ခ Robert H. Goddard က ၁၉၂၆ မှာ စတင်ဆောင်ရွက်ခဲ့ပါသည်။ solid fuel (လောင်စာခဲ) – (၁၃)ရာစုကနေ (၂၀)ရာစု မတိုင်ခင် (သို့မဟုတ်) လောင်စာရည်သုံး ဒုံးကျည်တွေက efficiency နှင့် control ပိုမိုကောင်းမွန်ကြောင်း မဖော်ထုတ်နိုင်ခင်အထိ၊ ဒုံးကျည်တွေမှာ လောင်စာခဲအဖြစ် ယမ်းမှုန့်များကို သုံးခဲ့ပါသည်။ Multistage Rocket ဆိုသည်မှာ အဆင့် နှစ်ဆင့်ထက်ပိုပြီး ပါဝင်တဲ့ ဒုံးကျည်အမျိုးအစားတွေပါ။ ပုံမှန်အားဖြင့် First Stage ဆိုတာ အောက်ဆုံးက အကြီးဆုံး အပိုင်းဖြစ်ပြီးတော့ Second Stage ဆိုတာကတော့ တွဲဆက်ပါနေ တဲ့ အပေါ်ကအပိုင်းကို ဆိုလိုပါသည်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ဘယ်လိုပဲပြောပြော၊ ဒီတက္ကသိုလ်ကြီး ကမ္ဘာ့ထိပ်တန်း အင်ဂျင်နီယာတက္က သိုလ်တွေထဲမှာ စာရင်းဝင်တဲ့ တက္ကသိုလ်ကြီးတစ်ခုမှာ ဗိုလ်မှူးတို့ သွားရောက်ပညာသင်ကြားခဲ့တဲ့ သဘောပဲ ပေါ့။ နောက်ပြီးတော့ နျူကလီးယားပညာရပ်ကို သွားသင်တယ်ဆိုတာ ဘာမှတော့ ပြဿနာမရှိဘူး။ ငြိမ်းချမ်း တဲ့ကိစ္စမှာသုံးဖို့ အရပ်ဘက်သုံး ဘာညာဆိုလို့ရှိရင် သူတို့တည်ဆောက်မယ့် nuclear reactor တွေကိုလည်း သူတို့က IAEA ရဲ့အစစ်မခံနိုင် လို့ ဗိုလ်မှူးတို့လို တပ်မတော်အရာရှိတွေကို ပြန်လာရင်လည်း တောထဲမှာပဲ ကြိတ်ပြီး စက်ရုံတွေဆောက်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုးပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ အသုတ်တွေမှာ အရပ်ဖက်အင်ဂျင်နီယာတွေလည်း ပါပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက GTI (Government Institute of Technology)ကျောင်းအုပ်တွေ ဆရာတွေ ပေါ့။ ဆရာတွေ ပါပါ တယ်။ ထူးခြားတာ တစ်ခုကတော့ ကျနော်တွေ့ခဲ့တာက ကျောက်ဆည်က ကြံ့ခိုင်ဖွံ့ဖြိုး ရေး စည်းရုံးရေးမှူး တစ်ယောက် ပါတယ်။ သူက မြန်မာစာ အဓိကနဲ့ ပြီးထားတဲ့လူ။ သူ့ကို MEPhI (Moscow Engineering Physics Institute) ဆိုတဲ့ Nuclear Physics ကျောင်းကို စာသင်ဖို့ လွှတ်ခဲ့တာ ကျနော် တွေ့တယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ကျောက်ဆည်မြို့ ကျောက်ဆည်နယ်ထဲက မြန်မာစာအဓိကနဲ့ ကျောင်း ပြီးထား တဲ့ပုဂ္ဂိုလ်ကို ရုရှမှာ နျူကလီးယားဘာသာရပ်သင်ဖို့ စေလွှတ်တယ်ဆိုတော့၊ သက်ဆိုင်ရာပုဂ္ဂိုလ်ကြီး တွေရဲ့ ကိုယ့်ဒေသခံလူမို့လို့ ဆိုတဲ့ သဘောလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီလို ယူဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်ထဲမှာ အခု အသင်း အဖွဲ့ မဖွဲ့ရ ဆိုပေမယ့် ‘ကျောက်ဆည်အသင်း’ ဆိုပြီးတော့ ဦးသန်းရွှေကို နာယကခန့်ပြီးတော့ လုပ်နေခဲ့တာ တွေကလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပဲ။ ကျနော်တို့ တပ်မတော်အစဉ်အလာတွေလည်း တော်တော်တော့ ပျက်နေပြီခင်ဗျ။

ဦးရော်နီညိမ်း။ ။ နောက်ပြီးတော့ ဒီလိုပညာရှင်တွေပေါ့နော်။ ဗိုလ်မှူးတို့လိုအင်ဂျင်နီယာအရာရှိတွေကို သီးသန့် DSTA လို ကျောင်းတွေထောင်ပြီးတော့မှ မွေးထုတ်လာခဲ့တာလည်း နှစ်တွေကြာလာခဲ့ပြီ၊ တခါ ဗိုလ် မှူးတို့ဆိုရင်လည်း RIT လိုဟာမျိုးကို သွားပြီးတော့ Master တက်ခဲ့ရသေးတယ်။ နောက်တခါ နိုင်ငံခြားကို လည်းသွားပြီးတော့ အခုလို မျိုးဘွဲ့လွန်တွေ ထပ်ပြီး တက်ရတယ်။ အဲဒီတော့ (၁၅) နှစ်လောက် ကြာလာခဲ့တဲ့ အချိန်မှာ အခုချိန်ထိ မအောင်မြင်တဲ့ ကိစ္စ၊ အောင်မြင်ဖို့ အလှမ်းဝေးနေတဲ့ ကိစ္စလို့ နိုင်ငံတကာက ပညာရှင် တွေက သုံးသပ်နေရတဲ့ အဖြစ်ကို ဗိုလ်မှူး ဘယ်လို ထင်ပါသလဲခင်ဗျ။ ဒီ စစ်အစိုးရ ကြိတ်ပြီး လုပ်နေတဲ့ နျူကလီးယားစီမံကိန်း မအောင်မမြင် ဖြစ်နေရတဲ့ အပေါ်ကို၊ ဗိုလ်မှူး ဘယ်လို ခံစားမိပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ လူမှန် နေရာမှန် မရောက်တာ၊ အဲဒီ ပြဿနာက အဓိက ပါပဲ။ ကျနော်တို့ nuclear ၊ rocket စီမံကိန်းတွေမှာ ဆိုလျှင်လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တာဝန်ယူပြီးတော့ စီစဉ်ပေမယ့် ရုရှကို ရောက်သွားတဲ့ အချိန်ကျတော့ ကိုယ်သင်ရမယ့်subjectနဲ့ ကိုယ့်ရဲ့ အခြေခံ knowledge နဲ့ မကိုက်တာတွေ အများကြီးရှိပါတယ်။ ကွန်ပျူတာ ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ DSA က ညီတွေဆိုရင် Nuclear Physics သွားတက်ရတဲ့အခါ ကိုးလို့ကန့် လန့်နဲ့ ဒုက္ခရောက်ကုန်ကြတာရှိတယ်။ တချို့ကျ တော့ ဒီ entrance စာမေးပွဲမှာတင် ပြန်ခဲ့ရတာတွေ ရှိတယ်၊ အဲဒီလိုပေ့ါ ကျနော်တို့ စကတည်းကိုက လူ့ အရင်းအမြစ်ကို တည်ဆောက်တဲ့အချိန်မှာ ကတည်းကိုက လွဲ ချော်နေတာလေးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ နောက်ပြီးတော့ နည်းပညာပိုင်းဆိုင်ရာမှာလည်း ဒီနိုင်ငံကြီးတွေကတောင်မှ မအောင် မြင်နိုင်လို့ စွန့်လွှတ်ထားတဲ့နည်းပညာမျိုးကိုပဲ အသုံးပြုတယ်၊ အဲဒါကလည်း ဒီကိစ္စ မအောင်မြင်ရ တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေတယ်လို့ ကျနော်တို့ ပြောသံကြားဖူးပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ Carbon Monoxide Laser Beam ကိုသုံးပြီးတော့ isotopes တွေကိုခြား ပြီးတော့ uranium သန့်စင်တာ ပေါ့။ အဲဒီနည်းလမ်းကို အမေရိကားကတောင်မှ အကုန်အကျများ လို့ ဆိုပြီးတော့ စွန့်လွှတ်ခဲ့တာ ကြာပါပြီ။ အဲဒါကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက လုပ်တယ်။ အဲဒီမှာ သူတို့ က presentation တစ်ခု လုပ်တယ်၊ ဗိုလ်ချုပ်ကြီး မောင်အေးကို ခေါ်ပြီးတော့။ အဲဒီမှာ သံပြားကိုဖောက်သွား တယ်ပေါ့ သူတို့ရဲ့ laser beam က။ ဒါပေမယ့် အဲဒီအဆင့်ထက် ပိုပြီးတော့ သူတို့ ဆက်မလုပ်နိုင်ပါဘူး။ အဖျားရှူး သွားတာပါပဲ။

(မှတ်ချက်။ ။ Carbon Monoxide (CO) Laser = Carbon Dioxide (CO2) Laserထက် အရည်အသွေး efficiency ပိုကောင်းသည်။ Carbon Dioxide (CO2) Laser = ၁၉၆၄ မှာ တီထွင်ခဲ့သော အစောဆုံး Gas Lasers တွေထဲက တစ်ခု ဖြစ်ပါငည်။ Carbon Monoxide (CO) Laser ကို ၁၉၆၉ မှာ တီထွင်ခဲ့ပြီး isotopes separation ကို ၁၉၇၀ နှစ်ကုန် ပိုင်းမှာ ပြုလုပ်နိုင်ခဲ့ပါသည်။)

ဦးရော်နီညိမ်း။ ။ ဆိုတော့ တခြားနိုင်ငံ မြောက်ကိုရီးယားနဲ့ကော လုပ်တာရှိပါသေးလားခင်ဗျ။ ‘သသန’ က။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြောက်ကိုရီးယားနဲ့လုပ်တဲ့ ဟာတွေက သမရိုးကျလက်နက်အစီအစဉ်တွေပဲ ရှိပါတယ်။ ဒီ နျူကလီးယားနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ မြောက်ကိုရီးယားတွေကို ကျနော် မတွေ့ခဲ့ရပါဘူး။

ဦးရော်နီညိမ်း။ ။ ဥမင်လှိုင်ခေါင်းတွေ ကိစ္စကတော့ ဒီ ‘သသန’ နဲ့ မဆိုင်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဥမင်လှိုင်ခေါင်းကိစ္စကို ကကယာ(ကာကွယ်ရေးဝန်ကြီးဌာနစစ်အင် ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး) လုပ်တာပါ။ သူတို့မှာ ဌာနတစ်ခုရှိပါတယ်။ အဲဒီကနေပြီးတော့ မြန်မာအရာရှိ တွေကို မြောက်ကိုရီးယား အင်ဂျင်နီယာ ဥမင်လှိုင်ခေါင်း ဘာသာရပ် တွေလာသင်ပေးပါတယ်။ နောက်ပြီး တော့ FCCS (Fire Control Computer System) 'အမြောက် ဒုံးကျည် ပစ်မှတ်လမ်းညွှန် ကွန်ပျူတာစနစ'် ဆိုတဲ့ သင်တန်းကိုလည်း မြောက်ကိုရီးယားတွေက လာ သင်ပေးပါတယ်။ အဲဒါကတော့ လက်ရုံးတပ် (တိုက်ခိုက်ရေးတပ်များ အတွက် အထောက်အကူပေးရသောတပ်) တွေက အရာရှိတွေကိုခေါ်ပြီးတော့ သင်ပေးတာပါ။ နောက် ရေဒါသင်တန်း တစ်ခုကလည်း ရှိပါသေး တယ်၊ အဲဒါလည်း မြောက်ကိုရီးယားတွေပဲ လာသင်ပေးတာ ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးက မြိုင်မြို့နယ် စက်ရုံက ဆိုတော့ နောက်ထပ် ‘သနလ’ ရှိသေးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်စက်ရုံက သနလ(၂) ဖြစ်ပါတယ်။ သနလ(၁) က ပြင်ဦးလွင် စက်ရုံပါ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးက ပြောထားတာကတော့ သနလ (၁)၊(၂)၊(၃)၊(၄)၊(၅) အထိဆက်ပြီးတော့ ဖွဲ့စည်း သွားဖို့ရှိတယ်လို့ ပြော ပါတယ်။ ဒါပေမယ့် (၂)မှာပဲ သူတို့ ဆုံးသွားတယ်။ သနလ(၃) ရဲ့နေရာကိုတော့ အလောင်းတော်ကဿပဥယျဉ်နားက 'ပုထိုးလုံ'ဆိုတဲ့ ရွာနားလေးမှာလုပ်ဖို့ လျာထားတယ်လို့တော့ကြားလိုက် ပါတယ်။ ဒါပေမယ့် စီမံကိန်းက ပျက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးလုပ်ခဲ့တဲ့ ဒီ သနလ(၁) က ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ် ခင်ဗျ၊ ဒီနေရာမှာ အင်မတန် ရှုပ်ထွေးပါတယ်။ ကျနော် သေသေ ချာချာ ရှင်းပြမှ ရမှာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ပြောပါဦး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီစက်ရုံတွေကို စပြီးတော့ foundလုပ်တာ (တည်ထောင်တာ)က စပြီးတော့ အခြေချတာက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကလုပ်တာပါ။ ပြီးသွားတဲ့အချိန်မှာ အဲဒီစက်ရုံတွေမှာ ဝင်ပြီး တော့ နေရာယူမယ့်လူတွေကျတော့ ကျနော်တို့ ဖြစ်ပါတယ်။ ကျနော်တို့ကို ရုရှက ပြန်လာတဲ့အချိန်မှာ အဲဒီ စက်ရုံတွေထဲကို ထည့်လိုက်ပါတယ်။ ပြင်ဦးလွင်စက်ရုံကို သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၁)ဆိုပြီး တပ်ဖွဲ့စည်းလိုက်ပြီးတော့ ကျနော်တို့ကို အဲဒီကို လွှတ်လိုက်တယ်။ နောက်ပြီးတော့ မြိုင်စက်ရုံကိုကျတော့ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေးအလုပ်ရုံ အမှတ်(၂)ဆိုပြီး တပ်တစ်တပ် ဖွဲ့ပြီး တပ်မှူးတစ်ယောက်နဲ့ကျနော်တို့ကို လွှတ်လိုက်ပြန်ပါတယ်။ နောက်ပြီး သပိတ်ကျင်းစီမံကိန်းက ဆောက် ပြီးသွားပြီ။ အဲဒီမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက သိပ္ပံပညာရှင်တွေကလည်း အဲဒီကို ရောက်နေပြီပေါ့။

ဦးရော်နီညိမ်း။ ။ Nuclear Physics ပညာရှင်တွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့။ အဲဒီအချိန်မှာမှ ကျနော်တို့ဆီက ရုရှကပြန်လာတဲ့ နျူကလီးယားဘာ သာရပ် နဲ့ ကျောင်းပြီးလာတဲ့ အရာရှိတွေကို၊ တခါ တပ်မှူးတစ်ယောက်နဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအထဲ ကို ထည့်လိုက်ပါ တယ်။ အဲဒီမှာ….

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးက နောက်ဆုံး သနလ(၁) ကနေ ပြည်ပကို ထွက်ခွါလာတာလား၊ သနလ(၂) ကနေ ကို ထွက်ခွါလာတာလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော် သနလ (၁) ကနေ ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ပြင်ဦးလွင်က နေပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ ဒါပေမယ့် အများကသိနေတာက ဗိုလ်မှူးကို မြိုင်ကလို့ပဲ သိနေတာ။ မြိုင်လည်း သွား ပြီး တာဝန်ထမ်းဆောင်ဖူးတယ် ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် မြိုင်ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၀ဇန်နဝါရီ အထိ ကျနော် မြိုင်မှာ ရှိနေခဲ့ပါတယ်။ (၃)နှစ်လောက် ပေ့ါ။ အဲဒီအချိန်မှာ ၂၀၁၀ ဇန်နဝါရီမှာ ကျနော် ပြင်ဦးလွင်ကို ပြန်ပြောင်းရပါတယ်။ သနလ(၁) ကို ပြန်ပြောင်းပြီး အဲဒီမှာ (၁)လလောက် နေပြီးမှ ကျနော် ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆို ဗိုလ်မှူး ဒီဓါတ်ပုံတွေနဲ့ ဂျာမဏီက စက်ကြီးတွေနဲ့ ပုံတွေကတော့ မြိုင် က ပုံတွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်က ပုံတွေလည်း ပါပါတယ်။ ပြင်ဦးလွင်က ပုံတွေလည်း ပါပါတယ်။ ရုရှက နေ၂၀၀၅ နိုဝင်ဘာမှာ ကျနော် ရောက်ပါတယ်။ ပြန်လာခဲ့ပြီးတဲ့အချိန်မှာ ကျနော်တပ်(၃)တပ်လုံးမှာ နေပြီး သွားခဲ့တဲ့ သဘောရှိပါတယ်။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားလက်နက်စီမံကိန်း အကြောင်း ဖော်ထုတ်တင်ပြပေး နေတဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ ပြောစကား အပိုင်း(၃)ကိုတော့ ရှေ့သီတင်းပတ် ဗီအိုအေမြန်မာပိုင်းအစီ အစဉ် စနေ၊ တနင်္ဂနွေ နံနက်တွေမှာ ဆက်လက် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG