သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးဂရက်စ် ထူထောင်သူ ဒေါက်တာနေဝင်းမောင် ကွယ်လွန်

Myanmar Egress တည်ထောင်သူ တဦးဖြစ်သူ ဒေါက်တာနေဝင်းမောင် (ခေါ်) စာရေးဆရာ အောင်ထွဋ်ဟာ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ်မှာ နှလုံးရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ သူဟာ Living Color မဂ္ဂဇင်း၊ the Voice Weekly ဂျာနယ် တည်ထောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာနေဝင်းမောင်ဟာ မီဒီယာလောကမှာသာမက လူသားအရင်းအမြစ် ဖွံံ့ဖြိုးရေးအတွက် ဖွဲ့စည်းခဲ့ထားတဲ့ Myanmar Egress ရဲ့ အဓိက ဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။ မကြာခင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရအကြား ကြားဝင်ညှိနှိုှုင်းပေးခဲ့သူ အဖြစ်နဲ့လည်း သိကြပါတယ်။ ဒေါက်တာနေဝင်းမောင် ကွယ်လွန်တာဟာ အီးဂရက်စ် အဖွဲ့အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်လို့ အီးဂရက်စ်ကို ပူးတွဲထူထောင်သူ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“အီးဂရက်စ်အနေနဲ့ Capacity Development လုပ်နေတဲ့ လုပ်ငန်းတွေ ရှိတယ်၊ State Building၊ Nation Building လုပ်ငန်းတွေမှာ လုပ်နေတာရှိတယ်။ သူ့အခန်းကဏ္ဍက ထိုက်သင့်သလောက်ပါသလို ကျနော်တို့ မြန်မာအီးဂရက်စ်မှာ သူက အရေးပါတဲ့နေရာမှာ ရှိတယ်။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးမှာလည်း အတတ်နိုင်ဆုံး ပါဝင်တယ်။ ဒီမှာလည်း သူ့အခန်းကဏ္ဍက ပါဝင်တော့ ဒေါက်တာနေဝင်းမောင်အနေနဲ့ ဆက်မလုပ်နိုင်တဲ့အတွက် ဒီလုပ်နေတဲ့လုပ်ငန်းတွေမှာ ကျနော်တို့အတွက် ဆုံးရှုံးမှုပါပဲ။”

ဗဟုဖွံ့ဖြိုးရေးအဖွဲ့ အကြီးတန်းသုတေသီ ဦးတင်မောင်သန်းကလည်း အခုလို နိုင်ငံရေးအခြေအနေ အချိန်ကာလမှာ ဒေါက်တာနေဝင်းမောင် ကွယ်လွန်တာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်စေတယ်လို့ ယူဆပါတယ်။

“ဆုံးရှုံးမှုပေါ့ဗျာ။ မြန်မာပြည်မှာ အခုလို ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေးကို စိတ်အားပြင်းပျတဲ့ လူတစ်ယောက် လက်တွေ့ကျတဲ့ လူတစ်ယောက် ဆုံးရှုံးမှုပေါ့ဗျာ။”

ဒေါက်တာနေဝင်းမောင်ဟာ ထင်ထင်ပေါ်ပေါ်မနေဘဲ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကြိုးစားပမ်းစား လုပ်လာခဲ့သူလို့ ဦးတင်မောင်သန်းက ပြောပါတယ်။ ဒေါက်တာနေဝင်းမောင်ရဲ့ အောင်ထွဋ်အမည်နဲ့ နိုင်ငံရေးဆောင်းပါး ရေးရာမှာ ဂယက်ရိုက်မှုတွေရှိခဲ့ပြီး သူ့အပေါ် နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်မှုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ သူယုံကြည်ရာကိုပဲ ဆက်လုပ်ခဲ့သူလို့ ဦးလှမောင်ရွှေက သုံးသပ်ပါတယ်။ သူနဲ့လုပ်ဖော်ကိုင်ဖက် နောက်တစ်ဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင် ကတော့ ဒေါက်တာနေဝင်းမောင် ကွယ်လွန်ခဲ့တယ်ဆိုပေမဲ့ သူ့မှာ အောင်မြင်မှုတွေ ကျန်ခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာ့အီးဂရက်က အခု မြန်မာနိုင်ငံမှာ အရေးပါတဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာတယ်ဆိုတာ သူ့ရဲ့ အောင်မြင်မှု တစ်ခုပဲလေ။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လာတုန်း မြန်မာပြည်က လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ဒီအထဲ ဒေါက်တာနေဝင်းမောင်လည်း ပါဝင်ခဲ့ပါတယ်။

ဒေါက်တာနေဝင်းမောင်ကို အဖဖြစ်သူ ဒု ဗိုလ်မှူးကြီးသန်းမောင် (အငြိမ်းစား) နဲ့ မိခင် ဒေါ်ယဉ်ယဉ်တို့ကနေ ၁၉၆၂ ခုနှစ်မှာ ဖွားမြင်ခဲ့တာပါ။ ဒါကြောင့် ကွယ်လွန်ချိန်မှာ သူဟာ အသက် ၅၀ ရှိနေပါပြီ။ ၁၉၈၈ ခုနှစ် ဆေးတက္ကသိုလ် (၁) ရန်ကုန်ကနေ MBBS ဘွဲ့ရရှိပြီး ၂၀၀၄ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စု Yale တက္ကသိုလ် World Fellows Program မှာ တတ်ရောက်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သားသမီး လေးဦး ကျန်ရစ်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG