သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုး ပုဒ်မ ၁၄၄ ဖြေလျှော့


ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင်း ရဲလုံခြုံရေးကင်းလှည်ယာဉ်နားမှာ ရပ်နေသော စစ်တပ်အရာရှိတစ်ဦးကို မြင်ရစဉ်။ (မေ ၂၉၊ ၂၀၁၃။)
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင်း ရဲလုံခြုံရေးကင်းလှည်ယာဉ်နားမှာ ရပ်နေသော စစ်တပ်အရာရှိတစ်ဦးကို မြင်ရစဉ်။ (မေ ၂၉၊ ၂၀၁၃။)
လာရှိုးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့လို့ မေလ၂၈ ရက်နေ့မှာပဲ ဒေသတွင်း အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို ဒီကနေ့မှာပဲ သတ်မှတ်ထားတဲ့အချိန်ထက် အနည်းငယ်ဖြေလျှော့ပေးတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ လာရှိုးမြို့ အစိုးရ ပြောခွင့်ရှိသူတွေက ပြောပါတယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် နေရပ်နဲ့ အိုးအိမ်ခွန့်ခွာလာသူ အရေအတွက်ဟာလည်း ၁,၄၀၀ ကျော် ရှိနေပြီဖြစ်တဲ့အတွက် ဒီနေ့မှာပဲ လာရှိုးမြို့က အားကစားကွင်းကြီးထဲမှာ လူ ၃၀၀ ကျော်အတွက် နေရာချထားပေးတယ်လို့လည်း လားရှိုးမြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးရုံးက ပြောခွင့်ရသူက ပြောပါတယ်။

ဒီသတင်းအပြည်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဆူပူအကြမ်းဖက်မှုတွေရှိခဲ့တဲ့ လာရှိုးမြို့မှာ ဒေသတွင်း တည်ငြိမ်လာတဲ့အတွက် အချို့နေရာတွေမှာ လမ်းတွေပြန်ဖွင့်ပေးပြီး လုံခြုံရေးချထားမှု တွေကို လျှော့ချလိုက်တာတွေရှိတယ်လို့လည်း လာရှိုးမြို့မှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲမှူးမိုးဇော်လင်းကပြောပါတယ်။ လုံခြုံရေး တင်းကြပ်မှု တွေကို အနည်းငယ် ဖြေလျှော့ပေးသလိုပဲ ဒေသတွင်းမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကိုလည်း အချိန်လျှော့ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။

“ဒီနေ့ ထူးခြားတာကတော့ ညမထွက်ရ ကာဖြူးအမိန့်ကို ထပ်လျှော့လိုက်တယ်။ ခါတိုင်း ၇ နာရီ အပြင်မထွက်ရတာ ဒီနေ့ ၈ နာရီအထိ လျှော့တယ်။ မနက်ကိုလည်း ၅ နာရီကနေ ၄ နာရီ ပြောင်းလိုက်တယ်။”

မေလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုတွေဖြစ်အောင် ပြုလုပ်ခဲ့တဲ့ တရားခံတွေကို ဆက်လက် ဖမ်းဆီးနေတာကြောင့် ဒီနေ့မှာ အထိန်းသိမ်းခံရသူ ၅၀ ကျော် ရှိလာပြီလို့လည်း ရဲမှူးမိုးဇော်လင်းက ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူတွေထဲက အချို့ကို စစ်ဆေးဆဲနေရာမှာပဲ ရှိနေပြီးတော့ လာမယ့်အပတ်ထဲမှာ တရားခံတွေကို တရားရုံးထုတ်ဖို့ ရှိတယ်လို့လည်း သူကပြောပါတယ်။

“မနေ့ညက ၆ ယောက်လောက် ထပ်ဖမ်းရတယ်။ အားလုံးပေါင်းဆိုရင်တော့ ၅၀ လောက် ဖြစ်သွားပြီ။ နဂိုရ်ထဲက အမှုဖွင့်ထားတယ်ဗျ။ အမှုဖွင့်ထားတာတွေကို စိစစ်နေတာပေါ့နော်။ ပူးပေါင်းစစ်ကြောရေးအဖွဲ့ ရှိတယ်။ အကျဉ်းဦးစီးဌာနမှာအခြေပြုထားတဲ့ ပူးပေါင်းစစ်ကြောရေး အဖွဲ့နဲ့ စစ်ဆေးနေဆဲပေါ့။”

ဆူပူအကြမ်းဖက်မှု အိုးအိမ်တွေကို မီးရှို့မှု လုပ်ရပ်တွေ တောက်လျှောက်ဖြစ်ခဲ့တဲ့ လာရှိုးမှာ ညမထွက်ရအမိန့် ထုတ်ထားပေမဲ့လည်း ကုန်စည်တွေ စီးဆင်းမှုမှာ အခရာကျနေတဲ့ မြို့ ဖြစ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှု ပြဿနာမရှိအောင် ညပိုင်းမှာ အာဏာပိုင်တွေက ညလုံးပေါက် ဆောင်ရွက်ပေးနေရတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

“မနေ့ညက ကျနော်တို့ ဆောင်ရွက်ပေးရတဲ့ အချက်ကလေးတစ်ချက်ဆိုရင် ကျနော်တို့က ကာဖြူးဧရိယာ- ကာဖြူးအချိန်၊ ညမထွက်ရ အချိန်မှာ ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားစေရအောင် ကျနော်တို့က လားရှိုးမြို့ကို ဖြတ်မယ့်ကားတွေကို မြို့ဟိုဘက်-ဒီဘက် မြို့ဝင်တဲ့ အချိန်မှာတော့ ကျနော်တို့က တားတာပေါ့ဗျာ။ မနေ့ကအထိကတော့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားတာကိုး။ မနေ့ညကတော့ ကျနော်တို့က ကားတွေကို မြို့ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အဝင်တွေမှာ ရပ်ထားတဲ့ကားတွေကို စစ်ဆေးမှုလည်း မြန်ဆန်အောင် သူတို့ရဲ့ ယာဉ်တန်းက ရဲကားရယ်၊ ကျနော်တို့နယ်မြေ ရဲကားတွေနဲ့ ဒီကားတွေကို မှတ်ပုံတင် - Register လုပ်တာပေါ့ဗျာ။ ကားအရေအတွက်နဲ့။ ပြီးရင် ကျနော်တို့က ဟိုဘက်ကို ရှေ့ကနေ လိုင်းကြောင်းနဲ့ ဆွဲပေးလိုက်တယ်။ အဲဒီလိုပဲ မူဆယ် ဘက်က ထွက်တဲ့ကားတွေကိုလည်း ကျနော်တို့က ပြန်ခေါ်လာ၊ သီပေါဘက် - မန္တလေးဆင်းမယ့်ကားတွေကို သီပေါဘက် အထွက်ကို ကျနော်တို့က ပို့ပေးတယ်။ မနေ့ကဆိုလို့ရှိရင် မိုးလင်းကာနီး ၄ နာရီလောက်အထိ ခေါက်တုံ့ခေါက်ပြန် ပို့ပေးရတာပေါ့။ ဒါကတော့ ကုန်စည် စီးဆင်းမှု မရပ်တန့်အောင်လုပ်ပေးတဲ့ တစ်ချက်ပေါ့နော်။”

ဒီကနေ့ ဇွန်လ ၁ ရက် ပဋိပက္ခတွေဖြစ်အပြီး ၃ ရက်အကြာမှာတော့ လာရှိုးမြို့က အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ ဒုက္ခသည် အရေအတွက်ဟာ ၁,၄၀၀ ကျော် လောက်ရှိလာခဲ့ပါပြီ။ အဲဒီထဲက ၃၀၀ ကျော်ကို ဒီနေ့ မနက်အစောပိုင်းမှာပဲ လာရှိုးမြို့ပေါ်က ဒုက္ခသည် စခန်းတစ်ခုမှာ လုံခြုံရေး အပြည့်နဲ့ နေရာချထားပေးတယ်လို့ လားရှိုးမြို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက ပြောပါတယ်။

“--- စခန်းမှာတော့ စုစုပေါင်း ၁၄၀၆ ဦးရှိသွားပြီ။ အဲဒီ ၁၄၀၆ ဦးကို များနေတဲ့အတွက် ကျနော်တို့က သီးခြား ခရိုင်အားကစားကွင်းထဲမှာ အခန်းကျယ်ဖွဲ့ပြီး လူ ၃၀၈ ဦးကို ပြောင်းရွှေ့ပေးလိုက်ပါတယ်။ စားရေး သောက်ရေးကလည်း အားလုံး အချက်အပြုတ်ကိစ္စတွေအတွက်လည်း စီစဉ်ထားပြီးဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း ဆေးခန်းဖွင့်ပေးထားပါတယ်။”

လာရှိုးမြို့ မှာနေထိုင်တဲ့ မွတ်စလင် လူနည်းစုတွေရဲ့ နေထိုင်ရေးဟာ လက်ရှိအချိန်မှာ လုံခြုံရေးအတွက် စိတ်ပူနေရဆဲဖြစ်တယ်လို့ လာရှိုးမြို့မှာ နေထိုင်သူ မွတ်ဆလင်လူမျိုး ဆရာဝန်တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် (၈) ရပ်ကွက် သိန္နီလမ်းပေါ်မှာ မွတ်စလင် ဘာသာဝင်တစ်ဦးက ရှမ်းအမျိုးသမီးတစ်ဦးကို ဓာတ်ဆီလောင်းပြီး မီးရှို့တဲ့ ဖြစ်စဉ်ကို မကျေနပ်တာကနေ အစပြုပြီး ညနေပိုင်းတစ်ပိုင်းလုံး ဆူပူမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆူပူမှုတွေ ဖြစ်ပွားအောင် စတင်ခဲ့တဲ့ တရားခံ ကိုနေဝင်းကိုလည်း သူကျူးလွန်ထားတဲ့ ပုဒ်မတွေအလိုက် အမှုဖွင့် ဖမ်းထားပြီးတော့ ဗလီတစ်လုံးနဲ့ ဘာသာရေးစာသင်ကျောင်းကို မီးရှို့ဖျက်ဆီးတဲ့ တရားခံတွေကိုလည်း အမှုဖွင့်ဖမ်းဆီးပြီး ကျူးလွန်သူတွေကို ဆက်လက်ဖမ်းမိအောင်လည်း ဆောင်ရွက်နေတယ်လို့ ရဲမှူးမိုးဇော်လင်းက ပြောခဲ့ပါတယ်ခင်ဗျာ။
XS
SM
MD
LG