သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်ရဆဲ


လယ်သမားအခွင့်အရေးလှုပ်ရှားသူ ဦးဝင်းချို။
လယ်သမားအခွင့်အရေးလှုပ်ရှားသူ ဦးဝင်းချို။
သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ စနေနေ့ နေ့လည်ပိုင်း ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ ဆန္ဒပြခဲ့သူတွေကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ဘက်မှာလည်း ခွင့်ပြု ချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို အမှုဖွင့်တာတွေ၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တင်ပြတာကို လက်မခံဘဲ ပယ်ချခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၈ ကို ပြင်ဆင်မယ့် ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းထားချိန်မှာပဲ အခုလို အရေးယူလုပ်ဆောင်တာတွေက ဆက်ရှိနေတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိဖို့ လွှတ်တော်က ဖွဲ့စည်း ထားတဲ့ လယ်ယာမြေ စုံစမ်းရေး ကော်မရှင်ကိုတင်ပြထားပေမဲ့ အကြောင်း မထူးတဲ့ အချက်ရယ်၊ လယ်ယာမြေကိစ္စတွေနဲ့ပတ်သက်ပြီး လယ်သမားတွေကို မတရားဖမ်းဆီးထားတာတွေကို ပြန်လည်လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်မှာ လယ်ယာမြေ အရေး လှုပ်ရှားသူတွေနဲ့ လယ်သမားတွေ စုဝေး ဆန္ဒထုတ်ဖော်ခဲ့တာပါ။ မူလက ဒီဆန္ဒထုတ်ဖော်ပွဲကို ခွင့်ပြုချက်တင်ပေမဲ့ သက်ဆိုင်ရာ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ငြင်းပယ်ခဲ့တာကြောင့် ခွင့်ပြုချက်မရဘဲ ဆန္ဒ ထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့တဲ့ လယ်သမားအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ဦးနေမျိုးဇင်နဲ့ ဦးဝင်းချိုတို့ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တယ်လို့ လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုက ပြောပါတယ်။

“တောင်သူလယ်သမားတွေရဲ့နစ်နာမှုတွေကို သူတို့ကိုယ်တိုင် နိုင်ငံရေး သမားတွေကို အားကိုးစရာမလိုဘဲနဲ့၊ နိုင်ငံရေးပါတီတွေကို အားကိုးစရာ မလိုဘဲနဲ့ သူတို့ရဲ့ခံစားချက်တွေကို သူတို့ကိုယ်တိုင် ပြောနိုင်တယ်ဆိုတဲ့ အကြောင်း အရာလေးကို message ပေးချင်လို့ ကျနော်တို့က ဒီလိုလုပ်တာပါ။ အဲဒီတော့ ခွင့်ပြုချက်မရဘဲနဲ့၊ ခွင့်ပြုချက် မပေးပေမယ့် ကျနော်တို့ ဒီအလုပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်လိုက်ပါတယ်။ သို့သော်လည်း ခွင့်ပြုချက်မရတဲ့ အတွက် ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲပါတယ်။ ဒါပါပဲ။”

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေရဲ့ နည်းဥပဒေပုဒ်မ ၁၈ ကို ပြန်လည် ပြင်ဆင်ဖို့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေအတွင်းမှာ တင်ပြထားပေမဲ့ လက်ရှိ လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးတာတော့ မတွေ့ရသေးပါဘူး။

နိုင်ငံသားတိုင်းလွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ က ပေးထားတဲ့ အခွင့်အရေးကို သာမန် ဥပဒေ တစ်ခုရဲ့ နည်းဥပဒေတစ်ခုက ကန့်သတ်သလိုဖြစ်နေတဲ့အတွက် ပြင်ဆင်ဖို့ လုပ်ဆောင်နေချိန်၊ တက်ကြွ လှုပ်ရှားသူတွေ က ကန့်ကွက်နေချိန်မှာပဲ ရန်ကုန်လို မြို့ကြီးမှာသာမက နယ်မြို့တွေမှာလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တာ၊ ပုဒ်မ ၁၈ အရ ခွင့်ပြုချက် တင်ပြတာတွေကိုလည်း အကြောင်းမျိုးစုံပေးပြီး ပယ်ချနေတယ်လို့ နယ်မြို့တွေမှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ပုဒ်မ ၁၈ အပါအဝင် ပြည်သူတွေကို တစ်ဖက်သတ် ဖိနှိပ်နေတဲ့ပုဒ်မတွေထဲ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ် ဆိုပြီးတော့ စွပ်စွဲ ဖမ်းဆီးလေ့ရှိတဲ့ ပုဒ်မ ၅၀၅ (ခ) လို ပုဒ်မတွေ အမြန် ပယ်ဖျက်ပေးရေး ဆန္ဒထုတ်ဖော်ဖို့ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်နဲ့ ခင်ဦးမြို့တွေမှာ ခွင့်ပြုချက်ယူပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပယ်ချခဲ့လို့ ခင်ဦးမြို့မှာ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။ အခုလို ထုတ်ဖော်တဲ့သူတွေကိုလည်း အာဏာပိုင်တွေက ပုဒ်မ ၁၈ နဲ့ အမှု ဖွင့်ထားတယ်လို့ ခင်ဦးမြို့နယ်က ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက ပြောပါတယ်။

ကျောက်ဆည်မြို့နယ်မှာလည်း ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ခွင့်ပြုချက် တင်ခဲ့ပေမဲ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပယ်ချခဲ့လို့ အယူခံ ပြန်ဝင်ထားတယ်လို့ ကျေက်ဆည် ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုရဲသိန်းဦးက ဗွီအိုအေကို ပြောပါတယ်။

“ပုဒ်မ ၁၈၊ ၅၀၅ (ခ) စသဖြင့် အဲလို ပြည်သူလူထု အကျိုးမရှိစေသော ပုဒ်မများကို ဖျက်သိမ်းပေးဖို့ ကျနော်တို့ ဆန္ဒပြတယ်၊ နံပါတ် (၂) မတရားသိမ်းလယ်မြေများကို ပြန်လည်ရရှိရေးအတွက်ကို ကျနော်တို့ တောင်းဆိုထားတာတွေက ဘာမှ မထူးခြားတဲ့အတွက်ကြောင့်မို့လို့ အဲဒါတွေကို တောင်သူတွေလက်ဝယ်ကို ပြန်လည်ရရှိအောင် ပွင့်လင်းလူမှုက ဖော်ဆောင်ဖို့လို့ တောင်းဆိုတယ်။ တင်တာက မနေ့က (၁၇) ရက်နေ့က တင်ထားတယ်ဗျ။ ဆန္ဒပြမှု ဥပဒေအရ တင်တယ်။ ဒီနေ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကနေ ခေါ်ပြီးတော့ ပြောပါတယ်။ စာလည်းပေးလိုက်တယ်။ ကျနော်တို့တင်တဲ့စာကို ငြင်းပယ်ကြောင်း…”


နိုင်ငံသားအခွင့်အရေးတွေ ကို အပြည့်အဝမရဘဲ လူ့အခွင့်အရေးကိုပါ ပိတ်ပင်သလိုဖြစ်နေတဲ့ ပုဒ်မ ၁၈ ကို လွှတ်တော်တွင်း အမြန်ပယ်ဖျက်နိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်သလို ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ပိတ်ပင် တားမြစ်တာတွေ မလုပ်ဆောင်သင့်တော့ဘူးလို့ ၈ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။
“နံပါတ်(၁) ပြောရမှာက ဒီ ပုဒ်မ ၁၈ ကို ပြဌာန်းထားတာဟာ ဆန္ဒပြခွင့်၊ အဲဒီဆန္ဒပြခွင့်ကို ခွင့်ပြုဖို့ ပြဌာန်းထားတာ၊ ပိတ်ပင်ဖို့ ပြဌာန်းထားတာဆိုတဲ့ အဓိပ္ပာယ်မျိုး မထွက်သင့်ဘူးလို့ ကျနော်တို့ မြင်တယ်၊ အဲဒီတော့ ပြဿနာက ဘာလဲဆိုတော့ ဒီမိုကရေစီကို အားပေးရာမရောက်ဘဲနဲ့ ဒီမိုကရေစီကို ပိတ်ပင်ရာရောက်တဲ့ ပုဒ်မ ဖြစ်နေတယ်။ ပုဒ်မ ၁၈ ဟာ ကျောက်ဆည်တို့၊ ခင်ဦးတို့မှာ ဆင်ခြေပေးတယ်။ ပုဒ်မ ၁၈ တို့၊ ၅၀၅ ပြင်နေပြီ၊ ပြင်ဖို့ လုပ်နေပြီဖြစ်တဲ့အတွက် ဒါတွေကို ထည့်ပြီး ဆန္ဒပြစရာမလိုပါဘူးလို့ ပြောတယ်။ ကျနော်ကတော့ လက်မခံနိုင်ဘူး၊ အဲဒါက လွှတ်တော်မှ ဆွေးနွေးမယ်ဆိုတာက ပြင်မှာလား၊ ဘာလား ဘာမှ မသိသေးတဲ့အချိန်မှာ ဆန္ဒပြခွင့်ပေးတာဟာ ပေးရမှာပဲ။”

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကတော့ ဆန္ဒထုတ်ဖော်သူတွေနဲ့ တက်ကြွလှုပ်ရှား သူတွေဟာ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် မြန်မာတစ်နိုင်ငံလုံး ပုဒ်မ ၁၈ နဲ့ တရားစွဲခံရတဲ့ အမှုပေါင်း ၂၀၀ နီးပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃ နှစ် ကုန်ပိုင်းနဲ့ ၂၀၁၄ နှစ်ဆန်းပိုင်းတွေမှာ သမ္မတရဲ့ အမိန့်နဲ့ အဲဒီအမှုတွေကို ပယ်ဖျက်ပေးခဲ့တာလည်း ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG