သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီတန်းလှည့်လည်ခွင့် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်လက်ခံ


ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအစေးမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်ရေး ဆွေးနွေးဖို့ အဆိုပြုခဲ့တာကို လက်ခံလိုက်ပါတယ်။

အခုလို ဆွေးနွေးဖို့ လက်ခံလိုက်တဲ့အတွက် ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့နေရာမှာ အဓိက အသုံးပြုနေတဲ့ ပုဒ်မ ၁၈ ဟာ အခုလောက် မပြင်းထန်တော့ဘဲ ပျော့ပြောင်းသွားနိုင်တယ်လို့ မျှော်လင့်လာကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံသားအခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက အပြင်းအထန် ဝေဖန်နေတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်ရေး တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ပုဒ်မ ၁၈ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြဌာန်းထားရာ ရောက်တဲ့ အတွက် ဖျက်သိမ်းပေးပါလို့ တောင်းဆိုချက်ကို လိုက်လျော စဉ်းစားပြီးတဲ့ အခါကျတော့ ဒါကို လွှတ်တော်မှာ ကော်မတီက တင်ပါဆိုပြီးတော့ သဘောတူခဲ့တာပေါ့။ အဲဒီလို သဘောတူလိုက်တဲ့အခါမှာ ဦးဝင်းမြင့်အနေနဲ့ လည်း သူပြောလိုတဲ့ တင်ပြလိုတဲ့ ကိစ္စတွေ တင်ပြနိုင်အောင်ဆိုပြီးတော့ ဦးဝင်းမြင့်ကိုလည်း ထောက်ခံတဲ့လူအဖြစ်နဲ့ သတ်မှတ်ပေးလိုက်တယ်။ အဲဒီတော့ ဦးဝင်းမြင့် ကလည်း သူပြောလိုတဲ့ကိစ္စတွေ ပြောနိုင်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီအဆိုကတော့ လွှတ်တော်ထဲမှာ အောင်မြင်သွားတယ်ပေါ့။ အောင်မြင်သွားတဲ့ အခါကျတော့ ကျနော်တို့က ဆွေးနွေးတဲ့ အခါမှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေက မိမိကောင်းတယ်လို့ ထင်မြင်ယူဆတဲ့အတိုင်း ပြင်ဆင် ချက်တွေ တင်သွင်းနိုင်ပါသေးတယ်။”

အဲဒီအဆိုကို တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီရဲ့ ဥက္ကဌ သူရဦးအောင်ကို က တင်ပြခဲ့တာဖြစ် ပါတယ်။ အခုလို တင်ပြမှုကို လွှတ်တော်က လက်ခံလိုက်ပေမဲ့ အခုလွှတ်တော် ဟာ လာမယ့် ၂ ရက်မှာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် ရှေ့လာမယ့် လွှတ်တော်အစည်းအဝေး ရောက်မှသာ ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့လည်း ဦးရဲထွန်း က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို တဘက်မှာ ပြန်လွှတ်ပေးနေချိန်မှာ ပုဒ်မ ၁၈ ကြောင့် ထောင်တွေထဲကို နိုင်ငံရေး အကျဉ်းသားတွေ ထပ်ထပ်ပြီးရောက်နေ လို့ ဒီဥပဒေကို ဖျက်သိမ်းဖို့အတွက် တောင်းဆိုလာကြတာပါ။

ဒီဥပဒေကိုသာ လွှတ်တော်က ပြင်ဆင်ပြီးသွားရင် ပုဒ်မ ၁၈ နဲ့ အရေးယူတာတွေဟာ အခုလောက်ထိ မပြင်းထန်တော့ဘဲ အနည်းငယ်တော့ ပျော့ပျောင်းသွားနိုင်လိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးရဲထွန်း က ပြောပါတယ်။

“ပုဒ်မ ၁၈ က ပျော့သွားနိုင်တာပေါ့။ သူတို့ဆီက ခွင့်ပြုချက်ရမှ ဆန္ဒပြတာမျိုး မဟုတ်တော့ဘဲနဲ့ ပုဒ်မ ၁၈ ခွင့်ပြုချက် ရမှဆိုတာထက် ကျနော်တို့က ဘယ်နှစ်နာရီ ကြိုပြီးတော့ အကြောင်းကြားရမည် ဆိုတာမျိုးပေါ့နော်။ စည်းကမ်းသတ်မှတ် ထားချက်တွေတော့ လိုက်နာရမှာပေါ့လေ။ အဲဒါတွေနဲ့အညီ ဆန္ဒပြမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုပြီးတော့ ဘယ်နှစ်နာရီ ကြိုစောပြီးတော့ ကျနော်တို့ တင်ပါဆိုတာမျိုး၊ အဲဒါမျိုး ဖြစ်လာနိုင်တာပေါ့။”

ငြိမ်းချမ်းစွာ စုဝေးခွင်နဲ့ စည်တမ်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေရဲ့ နည်းဥပဒေ ပုဒ်မ ၁၈ မှာ ဆန္ဒထုတ်မယ့် ပြည်သူတွေဟာ မိမိတို့ ဆန္ဒထုတ်ဖော်မယ့် အကြောင်းအရာ နေ့၊ ရက်နဲ့ အချိန်တွေကို တစ်ပတ် ကြိုတင်ပြီးတော့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ တင်ပြရမယ်ဆိုပြီးတော့ ပြဌာန်းထားခဲ့တာပါ။

အဲဒီပြဌာန်းချက်ကို မလိုက်နာတဲ့သူတွေကို ဆန္ဒထုတ်ဖော်တဲ့ နယ်မြေရဲစခန်းတွေက ပုဒ်မ ၁၈ ကို အသုံးပြုပြီး တရားဆွဲဆိုနိုင်တယ်ဆိုပြီးတော့ ဥပဒေမှာ ပါရှိတာပါ။ ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတမ်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြဌာန်းအပြီးမှာပဲ နောက်ဆက်တွဲ နည်းဥပဒေ ထွက်ရှိခဲ့တာပါ။ နည်းဥပဒေ ထွက်ရှိပြီး ဒီကနေ့ထိ ပုဒ်မ ၁၈ ကို ချိုးဖောက်တယ်ဆိုပြီးတော့ ပြည်တွင်းက တက်ကြွ လှုပ်ရှားသူတွေကို အမှုဖွင့် အရေးယူတာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၀ နီးပါးလောက် ရှိထာပြီလို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မခင်ဥမ္မာ က ပြောပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ လွှတ်တော်အစည်းအဝေးမှာ နောာက်ထပ် ထင်ရှားတဲ့ ကိစ္စတခုကတော့ လက်ရှိ ငွေစက္ကူတွေကို ထုတ်တဲ့နေရာမှာ ခြင်္သေ့ပုံတွေ သုံးနေတာထက် ထင်ရှားတဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တွေရဲ့ ပုံတွေကို ပြောင်းလဲ သုံးဖို့ တင်ပြတဲ့ အဆိုကိုလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ ဒုဥက္ကဌ ဖြစ်တဲ့ ဒေါ်ခင်စောဦး က နောက်ပိုင်းမှ အသစ်ထုတ်မယ့် ငွေစက္ကူတွေမှာ နိုင်ငံရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေကို ရိုက်နှိပ်မယ်ဆိုပြီးတော့လည်း လွှတ်တော်မှာ ကတိပေးသွားခဲ့တယ်လို့လည်း အဲဒီအဆိုကို တင်ပြခဲ့တဲ့ အဆိုရှင် ဦးသိန်းညွှန် က ပြောပါတယ်။

“နိုင်ငံတကာမှာ ငွေစက္ကူအသီးသီး ထုတ်တဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ ပုံတွေရော၊ တခြားဟာတွေရော ဒါတွေကို သူရှင်းပြပြီးတော့ အပိတ်မှာတော့ နောက်ထပ် ငွေစက္ကူ ထုတ်တဲ့အခါမှာ ထင်ရှားတဲ့ ခေါင်းဆောင်များ၊ အဲဒါကို နံပတ်တစ် ဦးစားပေးပြီးတော့ ပြောသွားတာပေါ့ဗျာ။”

ကြာသာပတေးနေ့မှာတော့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဆက်ကျင်းပဖို့ရှိပြီးတော့ လာမယ့် သောကြာနေ့မှာတော့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး အဲဒီ ၂ ရက်ပြီးရင်တော့ ၈ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပြီးဆုံးတော့မှာဖြစ်ပါတယ်။
XS
SM
MD
LG