သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ရက် မကြေညာတာ ဒေါ်စု ဝေဖန်


၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးမယ် ဆိုတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အခုအချိန်ထိ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မကြေညာသေးတာဟာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အပေါ်မှာ တရားမျှတမှု မရှိရာ ရောက်တယ်လို့ နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက သူ့ရဲ့နေအိမ်မှာ အမှုကိစ္စတွေအတွက် သွားတွေ့ခဲ့ကြတဲ့ အကျိုးဆောင် ရှေ့နေတွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ နေ့လယ် နေအိမ်မှာ သွားတွေ့ခဲ့ကြတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ ၂ ဦးနဲ့ အမှုကိစ္စအတွက် ပြောဆိုကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ် ပြောဆိုလိုက်တာပါ။ အထူးသဖြင့် ဒီနှစ်ထဲမှာ ကျင်းပပေးမယ်ဆိုပြီး အခုချိန်ထိ ရွေးကောက်ပွဲ ပြုလုပ်မယ့်ရက်ကို အတိအကျ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးတာဟာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ အတွက် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲရဖို့ အခြေအနေ မရှိနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ကြောင်း ဒီကနေ့ နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“လက်ရှိ နိုင်ငံရေး အခြေအနေက ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကြီးက အခုချိန်ထိ မကြေညာသေးတာ ရွေးကောက်ပွဲ ဝင်သူတွေအတွက် တရားမျှတမှု ရဖို့၊ ညီမျှသော ယှဉ်ပြိုင်မှုဖြစ်ဖို့ အခြေအနေ မရှိဘူး။ ဘာဖြစ်လို့ ဒီလို ကြန့်ကြာနေရလဲဆိုတာနဲ့ ပတ်သက်ပြီး သူ စဉ်းစားနေတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ အချိန်နည်းနေတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲ Free and Fair ဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားလို့ မရဘူးလို့ ပြောပါတယ်။”

တခါ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကိစ္စတွေမှာလည်း အာဏာပိုင်တွေဆီက ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မတွေ့ရတဲ့အတွက် နိုင်ငံရေးပါတီတွေ အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုပြောတာက ဒီရွေးကောက်ပွဲ စည်းရုံးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင် အဖွဲ့အစည်းကသော်လည်းကောင်း၊ ကော်မရှင်ကသော်လည်းကောင်း ရှင်းလင်း ပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မတွေ့ရသေးတဲ့ အကြောင်း၊ ဒါတွေ ရှင်းရှင်းလင်းလင်း မရှိဘဲနဲ့ အခုမှ ပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်မယ့် သူတွေအတွက် အများကြီး အခက်အခဲတွေ ဖြစ်နေမှာပဲလို့ အဲဒီလိုပြောပါတယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီတွေရဲ့ အခြေအနေကို သူနားထောင်တာ အသံတွေက အရှိန်အဟုန် ကျနေတယ်လို့ သူ အဲဒီလို နားလည်တယ် ဆိုတာကို ပြောပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့ပေမဲ့ NLD ပါတီ မရှိတော့ဘူး ဆိုတာကို လုံး၀ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်လို့လည်း ဆိုပါတယ်။

“NLD ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ NLD ပါတီ မရှိတော့ဘူးဆိုတာ သူ လုံး၀ လက်မခံဘူး ဆိုတဲ့အကြောင်း၊ ဘာကြောင့်လဲဆိုတော့ NLD ဟာ နဂိုကတည်းက ရှိပြီးသားပါတီ၊ အခုလို မေလ ၆ ရက်နေ့မှာ ထပ်မံ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း၊ လက်မခံနိုင်တာကိုလည်း ပြောနေတာသက်သက် မဟုတ်ဘူး၊ တရားဥပဒေ လမ်းကြောင်းနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း အဲဒါတွေကို ပြောပါတယ်။”

ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီလောက်ထိ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စအတွက် အထူးအယူခံ လျှောက်ထားမှု လျှောက်လဲချက် ပေးဖို့အပြင် အိမ်ပြင်ဆင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ နောက်ဆုံးအဆင့် အယူခံပေါ့၊ လုပ်ထုံးလုပ်နည်းအရ အဆင့် ၂ ဆင့်ရှိတယ်။ ပထမတဆင့်က အထူးအယူခံ ဝင်ခွင့်ပြုဖို့ လျှောက်ထားခြင်းပေါ့။ နောက်တခုကတော့ အထူးအယူခံပေါ့။ ပထမအဆင့်ဖြစ်တဲ့ အထူးအယူခံဝင်ဖို့ ခွင့်ပြုတယ်၊ မပြုတယ် အတွက်ကို သီးခြား လျှောက်လဲချက် ပေးရပါမယ်။ အဲဒီ သီးခြားလျှောက်လဲချက် ပေးဖို့ ရက်ချိန်း စောင့်မျှော်နေတာ အခုထိ မရသေးပါဘူး။ အဲဒါအတွက် ပြင်ဆင်တဲ့လုပ်ငန်းကို ထပ်ပြီးတော့ ဆွေးနွေးတာပါ။

“နေအိမ်ပြင်ဆင်ရေး ကိစ္စအတွက် ဒီလအကုန်ထိပဲ အချိန်ရနိုင်မယ်ဆိုပြီး အာဏာပိုင်တွေက ပြောထားတာ ရှိတယ်။ အဲတော့ ဒီလအကုန်မှာ အရေးကြီးတဲ့ အကြမ်းထည် ပြုပြင်မှုတွေ အားလုံး ပြီးနိုင်တယ်။ အချောသတ်တွေက မပြီးနိုင်သေးဘူး။ အဲဒါကြောင့် ဘယ်လောက် အချိန်အတိုင်းအတာ ထပ်လိုမယ်၊ အခြေအနေ အသေးစိတ် ပြုစုပြီးတော့ တင်ပြဖို့ စာကြမ်းပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပါတယ်။”

ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG