သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မသမာမှု NLD အစီရင်ခံစာ မူကြမ်း


ရွေးကောက်ပွဲ မသမာမှု NLD အစီရင်ခံစာ မူကြမ်း
ရွေးကောက်ပွဲ မသမာမှု NLD အစီရင်ခံစာ မူကြမ်း

ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှုတွေကိုတော့ စာရင်းပြုစုပြီး ထုတ်ဖော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက်လာချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောထားတဲ့အတိုင်း မသမာမှုတွေကို ရှာဖွေ ဖော်ထုတ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစီရင်ခံစာတစောင် ပြုစုနေပါတယ်။ တဘက်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေမှာလည်း ရွေးကောက်ပွဲ မတရားမှု မှတ်တမ်းမှတ်ရာနဲ့တကွ ရှိနေပေမဲ့ ဒါတွေကို တရားဥပဒေအရ ထိထိရောက်ရောက် တိုင်ကြားနိုင်ခြင်း မရှိပါဘူး။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အမတ်နေရာ ၈၀% ကျော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်ပေမဲ့ နိုင်ငံတဝန်းက ရွေးကောက်ပွဲ မတရားမှုတွေကို စာရင်းပြုစုပြီး အစီရင်ခံစာတစောင် ပြုစုနေပါတယ်။

ဒီအစီရင်ခံစာက အခုဆိုရင် မူကြမ်း ပြီးစီးပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။ ဒီအစီရင်ခံစာအရ တွေ့ရတဲ့ ရွေးကောက်ပွဲ မတရားမှုတွေကို အစီရင်ခံစာ ပြုစုရေးအဖွဲ့က ဦးကြည်ဝင်းက အခုလို ပြောပါတယ်။

“မြို့တိုင်းလိုလို တက်လာတာ အားလုံးတူနေတာက မဲရုံမှူးတွေ၊ မြို့နယ်နဲ့ ရပ်ကျေး ကော်မရှင်ရယ်၊ ရယကတွေရယ်၊ မဝတတွေရယ်၊ ကြံ့ခိုင်ရေး အဖွဲ့တွေရယ်၊ အဲဒီ ၃ ဖွဲ့က အတူတူပဲဗျ။ အကုန်လုံး အကြံတူ ဉာဏ်တူပဲ၊ အလုပ်လည်းတူတယ်၊ ရည်ရွယ်ချက်ချင်းလည်း တူတယ်။ သူတို့ လက်ရဲဇက်ရဲနဲ့ လုပ်တာပဲ။ အဲဒီမှာ ကြိုတင်မဲရော ဘာရော အကုန်လုံး၊ များသောအားဖြင့် မဲရုံတွေမှာ တဦးတည်းနဲ့၊ ကလေးတွေရော အကုန်ထည့်တယ်၊ သူများမဲတွေရော ထည့်တယ်၊ ကျေးရွာတွေမှာ အဲဒီလိုပဲ။ တချို့ဆို အံ့သြဖို့တောင် ကောင်းတယ်ဗျာ၊ မဲပုံးကို အိမ်သယ်သွားတာတို့ ဘာတို့ အဲဒါမျိုးတွေတောင်မှ၊ မဲနဲ့ပတ်သက်တာ။ အထူးသဖြင့်တော့ ဆိုးတာက ကြိုတင်မဲတွေက တော်တော်ဆိုးတယ်။”

ကြံ့ခိုင်ရေးပါတီ အနိုင်ရရေးအတွက် စစ်အစိုးရ အာဏာပိုင်တွေက သူတို့ကိုယ်တိုင် ထုတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်ခဲ့တာတွေက သက်သေနဲ့တကွ ရှိတယ်လို့လည်း NLD ပါတီရဲ့ ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ ပြုစုရေးအဖွဲ့က ဦးကြည်ဝင်းက ဆက်ပြောပါတယ်။

“ထူးဆန်းတာက မဲရုံတရုံဆို လာပေးတဲ့လူက ၉၆ မဲပဲရှိတယ်။ အဲဒီမှာ မဲပေးပိုင်ခွင့်က ၇,၀၀၀ ကျော်ရှိတာ ၉၆ မဲပဲရှိတော့ အဲဒီ ၆,၀၀၀ ကျော်လောက်က ကြိုတင်မဲ ဖြစ်နေတယ်။ စွမ်းအင်ဝန်ကြီးဌာန ၂ ကဆိုရင် ညွှန်ကြားရေးမှူး ကိုယ်တိုင်က ဝန်ထမ်းတွေ တပြည်လုံးကို ညွှန်ကြားစာ ထွက်ပြီးတော့ မဲပေးခိုင်းတာဗျာ ကြံ့ခိုင်ရေးကို။ အဲဒီစာကို ကျနော်တို့ရတယ်။ အဲဒီမှာ စာပါ တွဲထားတယ်။”

ကြိုတင်မဲတွေနဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ လုပ်ဆောင်ခဲ့ကြသလို မဲရုံထဲက မဲပုံးကို ကျေးရွာ ဥက္ကဋ္ဌက လူထုရှေ့မှာ မဲမရေဘဲ သူ့အိမ်ကို ယူသွားတာမျိုး၊ မဲလာမထည့်ရင် အရေးယူမယ်လို့ ရွေးကောက်ပွဲနေ့က မြို့နယ်အာဏာပိုင်တွေက အသံချဲ့စက်နဲ့ ပြောဆိုတာတွေလည်း တွေ့ရတယ်လို့ NLD ရဲ့ ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ မူကြမ်းမှာ ပါဝင်ပါတယ်။

ဒီအစီရင်ခံစာ ဖြစ်ဖို့အတွက် ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီ တချို့နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် တချို့တို့ကလည်း NLD ကို ကူညီပေးခဲ့ကြတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲ မသမာမှုတွေ ရှိပေမဲ့ ဒါကို တရားဝင် တိုင်ကြားနိုင်တော့မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ မန္တလေးမြို့က ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးတင်အောင်က ပြောပါတယ်။

“ကော်မရှင်ကလည်း အစိုးရပဲ၊ USDP အဖွဲ့ကလည်း လက်ရှိဝန်ကြီးတွေ အစိုးရပဲ ဖြစ်နေတယ်။ နောက်တခုက ဒီမှာ မဲရုံမှာ လုပ်ကိုင်နေကြတာလည်း ကျောင်းဆရာ ဆရာမတွေပေါ့ဗျာ။ ကျနော်တို့ အနေနဲ့ တိုင်ကြားဖို့ဆိုတာက သက်သေ သက္ကာယကလည်း သူတို့ပဲ တင်ပြရမှာ ဖြစ်နေတယ်လေ။ အဲဒီတော့ သက်သေက တကယ်လို့များ ဟိုရောက်လာရင် ထွက်ဖို့ အခြေအနေ မပေးဘူးလို့ ကျနော်တို့ မန္တလေးတိုင်းကတော့ တွက်တယ်လေ။ ကျနော်တို့တိုင်လို့ ထွက်လာမယ့် အဖြေဟာ ကျနော်တို့ရနိုင်တဲ့ အနေအထား မရှိဘူးခင်ဗျ။ ဒီမသမာမှုတွေတော့ ရှိနေတာပဲပေါ့လေ။”

ရွေးကောက်ပွဲ မသမာမှုတွေကို ရွေးကောက်ပွဲ ဥပဒေအရ ကော်မရှင်ကို တိုင်ကြားနိုင်တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဒီလိုတိုင်ကြားရာမှာ သက်သေ ထင်ရှားရင်တော့ မသမာမှုတွေ ကျူးလွန်သူကို ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ် ၁၀၀,၀၀၀ ပြစ်ဒဏ်တမျိုးမျိုး ချမှတ်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ပြစ်ဒဏ် ၂ မျိုးလုံးလည်း ချမှတ်နိုင်ပါတယ်။

ဒါပေမဲ့ တိုင်ကြားသူက သက်သေ အတိအကျ မပြနိုင်ရင်တော့ ဒါကို လိမ်လည် တိုင်ကြားတယ်လို့ မှတ်ယူတယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ်၊ ဒါမှမဟုတ် ငွေဒဏ် ၃၀၀,၀၀၀၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်လုံး ချမှတ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီလို မသမာမှုတွေကို တိုင်ကြားမယ်ဆိုရင် ကျပ်ငွေ ၁,၀၀၀,၀၀၀ တရားစရိတ် တင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် ဒီမသမာမှုတွေကို တရားစွဲဆို တိုင်ကြားနိုင်ဖို့ အခွင့်အလမ်း မရှိသလို ဖြစ်နေပါတယ်။

XS
SM
MD
LG