ဒီနှစ် ၂၀၁၀ ခုနှစ် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန်ပညာရှင် ၂ ဦး နဲ့ ဆိုက်ပရပ်စ်နိုင်ငံဘွား တဦးတို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။ ရောင်းအားနဲ့ ၀ယ်လိုအားတို့ကြား မျှတအောင် လုပ်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ရှင်းပြဖို့ ကြိုးပမ်းတဲ့ သုတေသနလုပ်ငန်းအတွက် နိုဘယ်လ်ဆု ပေးအပ်လိုက်တာပါ။
အထူးသဖြင့်ကတော့ အလုပ်သမားဈေးကွက်မှာ လိုအပ်ချက်နဲ့ ဖြည့်ဆည်းမှုတွေကြား အရေးကြီးတဲ့ လုပ်ငန်းတရပ်ကို လုပ်ဆောင်ခဲ့တဲ့အတွက် ချီးမြှင့်ခံခဲ့ရတဲ့ ဆုရှင်တွေ အကြောင်း တစေ့တစောင်းကိုတော့ ဆုပေးအပ်ရာ ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့ကနေ ဗွီအိုအေ သတင်းထာက် Kevin Billinghurst ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်စက်မှုတက္ကသိုလ်က ပီတာ ဒိုင်းမွန်း (Peter Diamond)၊ အီလီနွိုက်စ် ပြည်နယ် အနောက်မြောက်ပိုင်း တက္ကသိုလ်က ဒေးလ် မော်တန်ဆန် (Dale Mortensen) နဲ့ လန်ဒန်စီးပွားရေး တက္ကသိုလ် က ခရစ္စတိုဖာ ပီဆာရီဒတ်စ် (Christopher Pissarides) တို့ကို ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ၂၀၁၀ ခုနှစ် စီးပွားရေးနိုဘယ်လ်ဆုရှင်တွေ အဖြစ်ချီးမြှင့်လိုက်ပါတယ်။ ဆုချီးမြှင့်ရတဲ့ အကြောင်းကို ရည်ညွှန်း ပြောဆိုရာမှာတော့ အလုပ်လက်မဲ့ဖြစ်ရတာတွေ၊ အလုပ်အကိုင် ရရှိမှုတွေနဲ့ လုပ်ခလစာပေးအပ်တဲ့ ကိစ္စတွေဟာ စီးပွားရေးဆိုင်ရာ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေက ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေ ဖြစ်တယ်ဆိုတာကို နားလည်နိုင်အောင် ကူညီရှင်းပြ ပေးနိုင်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
အလုပ်အကိုင်နေရာ လစ်လပ်မှုတွေ အကြီးအကျယ်ရှိနေတဲ့ တချိန်တည်းမှာ အလုပ်လက်မဲ့နှုန်း ဘယ်လောက်ထိအောင် မြင့်မားစေနိုင်တယ်ဆိုတာလို ပြဿနာမျိုးတွေကို Search Friction လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာ သီအိုရီနဲ့ ဒီပညာရှင်တွေက စူးစမ်းလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ လုပ်အားတယူနစ်စီက ထုတ်လုပ်မှုအဖြစ် ကုန်ထုတ်လုပ်မှုတွေ တိုးလာတာဟာ တကယ်တမ်းမှာ အလုပ်လက်မဲ့နှုန်းကို လျော့ကျစေနိုင်တယ်ဆိုတာမျိုးလို သိသိသာသာ မြင်နိုင်တဲ့ ဆန့်ကျင်ဘက် အခြေအနေတွေကို လေ့လာခဲ့ကြတာပါ။
သူတို့ရဲ့ လေ့လာချက်အရ၊ ဈေးကွက်အတော်များများမှာ ယေဘုယျအားဖြင့် ရောင်းသူနဲ့ ၀ယ်သူကြား ဆက်ဆံမှုတွေ ချက်ခြင်းဖြစ်လေ့ မရှိတာတွေ ဥပမာအနေနဲ့ ၀န်ထမ်းတွေရှာနေတဲ့ အလုပ်ရှင်တွေ၊ အလုပ်ရှာနေတဲ့ အလုပ်သမားတွေကြား ဆက်စပ်မှု မရှိပဲ ဖြစ်နေရတာတွေကို တွေ့ခဲ့ကြတာပါ။ ဒီလို တဘက်နဲ့တဘက်ကြား ဆက်စပ်မှုရဖို့ အတွက်ကတော့ အချိန်နဲ့ တခြားလိုအပ်ချက်တွေ ရှိနေတာမို့ ဈေးကွက်ထဲမှာ ကွာဟချက်တွေလည်း ရှိနေပါတယ်။ ဒီလိုဈေးကွက်မျိုးတွေထဲမှာ လိုနေတဲ့သူအတွက် ဖြည့်ဆည်း မပေးနိုင်တာမျိုး ၀ယ်လိုသူတွေအတွက် ရောင်းမယ့်သူမရှိတဲ့ အဖြစ်မျိုး၊ ရောင်းမယ့်သူ အတွက်လည်း ရောင်းချင်သလောက် ၀ယ်မယ့်သူ မတွေ့တဲ့ အဖြစ်မျိုးတွေ ကြုံကြရတာပါ။ တချိန်တည်းမှာပဲ အလုပ်သမား ဈေးကွက်ထဲမှာဆိုရင် အလုပ်အကိုင်နေရာတွေ လစ်လပ်မှုတွေနဲ့ အလုပ်လက်မဲ့ ဖြစ်ရတာတွေ တပြိုင်တည်း ရှိနေတာကို စီးပွားရေး နိုဘယ်လ်ဆုရှင်တွေရဲ့ သီအိုရီက ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုရှုပ်ထွေးလှတဲ့ စီးပွားရေး သဘာဝတွေကို ဆန်းစစ်ဖော်ထုတ်နိုင်တဲ့အတွက်လည်း အခုလို ထိုက်ထိုက်တန်တန် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်လိုက်တာလို့ ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ပါမောက္ခ မက်တ်စ် ပါဆန် (Mats Persson) က ဆိုပါတယ်။
“Search Fraction ဆိုတာ တကယ့် စီးပွားရေး လောကမှာ ရှိပါတယ်။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှသိပ်မလုပ်နိုင်ပါဘူး။ တကယ့်စီးပွားရေး လောကမှာ ဈေးကွက်ကလည်း စံပြလွတ်လပ်တဲ့ ပြိုင်ဆိုင်မှု ရာနှုန်းပြည့်ရှိတဲ့ ဈေးကွက်လိုမျိုး အလုပ်မလုပ်ပါဘူး။ တကယ့်လောကမှာ ဈေးကွက်က ပိုပြီးရှုပ်ထွေးပါတယ်။ ဥပမာအားဖြင့်၊ ၀ယ်သူလိုချင်တဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ရဲ့ တနေရာမှာ မရောင်းရပဲ ရှိနေပေမယ့်လို့ ၀ယ်သူက အဲဒီဈေးကွက်မှာ ရှာမတွေ့တာမျိုး၊ အလားတူပဲ အလုပ်နေရာတချို့ ရှိနေပါလျက်နဲ့ အကြောင်းကြောင်းကြောင့် အလုပ်လက်မဲ့ ဦးရေက မြင့်မြဲမြင့်နေတာမျိုးတွေ ဖြစ်နေတာပါ။”
ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီ က စီးပွားရေး နိုဘယ်လ်ဆုရှင်သစ် ၃ ဦး ရဲ့ တွေ့ရှိချက်က အလုပ်လက်မဲ့ အာမခံပေးတဲ့ ကိစ္စတွေ ဒါမှမဟုတ်ရင်လည်း အလုပ်ခန့်တာ၊ အလုပ်ဖြုတ်တာလို မူဝါဒတွေမှာပါ အထောက်အကူ ဖြစ်စေမယ်လို့ ပြောပါတယ်။ လေ့လာချက်ထဲမှာ တွေ့ရတာ တခုကဆိုရင် အလုပ်လက်မဲ့ ခံစားခွင့်တွေ ရက်ရက်ရောရော ပေးအပ်ထားတဲ့ ရလာဒ်အဖြစ် အလုပ်လက်မဲ့နှုန်း မြင့်မားလာတာ၊ အလုပ်ရှာဖွေဖို့ အချိန်ပိုယူလာရတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ မကြာသေးခင်နှစ်တွေကစလို့ ကမ္ဘာနဲ့အ၀န်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ကြုံခဲ့ရပြီး စီးပွားရေးကျဆင်းမှုတွေ အလုပ်လက်မဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ ကမ္ဘာတလွှား အစိုးရတွေ အနေနဲ့ ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုးကို ရှာကြံနေကြရတာပါ။
ဒုတိယကမ္ဘာစစ် ကာလကစလို့ အဆိုးရွားဆုံးအဖြစ် ကြုံနေရတဲ့ စီးပွားရေးပြဿနာတွေထဲ အကြီးမားဆုံး စိမ်ခေါ်မှုတခုအဖြစ်နဲ့ အလုပ်လက်မဲ့ ပြဿနာကို စီးပွားရေးကျွမ်းကျင်သူတွေ၊ လေ့လာဆန်းစစ်သူတွေက အလေးထား ထောက်ပြနေကြတာလည်း ဖြစ်ပါတယ်။ နိုဘယ်လ်ဆုရှင် တဦးဖြစ်တဲ့ လန်ဒန်စီးပွားရေး တက္ကသိုလ် က ခရစ္စတိုဖာ ပီဆာရီဒတ်စ် ကတော့ သူတို့ရဲ့ သုတေသန တွေ့ရှိချက်တွေက မူဝါဒရေးရာ ချမှတ်သူတွေ၊ အထူးသဖြင့်ကတော့ အလုပ်လက်မဲ့နှုန်း မြင့်မားနေတဲ့ ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတွေရဲ့ တာဝန်မကင်းဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း ပြောပါတယ်။
“ကျနော်တို့ သေချာအောင် လုပ်သင့်တဲ့ အချက်က အလုပ်လက်မဲ့ဦးရေဟာ ကာလရှည်ကြာ အလုပ်လက်မဲ့ ဖြစ်မနေအောင် လုပ်ဖို့ လိုပါတယ်။ မလိုပဲ ဈေးကြီးတဲ့ သင်တန်းတွေ ပေးမယ့်အစား၊ တကယ့် အလုပ်အတွေ့အကြုံပေးခြင်းအားဖြင့် အဲဒီအလုပ်လက်မဲ့တွေဟာ တကယ့်လုပ်သားအင်အားထဲမှာ ဆက်ရှိနေပါမယ်။ နောက်ဆုံးမှာ အလုပ်လက်မဲ့တွေဟာ အလုပ်ရှိသူ လုပ်သားဦးရေထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။”
Search Friction လို့ ပညာရှင်တွေက ခေါ်ဝေါ်ကြတဲ့ ဒီသီအိုရီဟာ လုပ်အားဈေးကွက်မှာသာမက တခြားစီးပွားရေး ကဏ္ဍတွေနဲ့လည်း အကျူံးဝင်ပါတယ်။ အထူးသဖြင့် အိမ်မြေရောင်းဝယ်ရေး ဈေးကွက်လို ပြဿနာတွေ ကြုံနေရတဲ့ ကဏ္ဍတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလိုပဲ ငွေကြေးဆိုင်ရာ သီအိုရီတွေ၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ္ဍာရေး လုပ်ငန်းတွေ၊ ဒေသဆိုင်ရာ အဆင့်ကနေ မိသားစုစီးပွားရေးအထိ ဆက်နွယ်မှုရှိနေတာတွေကိုလည်း စီးပွားရေး နိုဘယ်လ် ဆုရှင်တွေက လေ့လာဖော်ထုတ်ခဲ့တာပါ။
ဒီနှစ်အတွက် ဆုရှင်တွေထဲက မက်ဆာချူးဆက်စက်မှုတက္ကသိုလ်က အသက် ၇၀ အရွယ်ရှိ ပီတာ ဒိုင်းမွန်း ဟာဆိုရင် လက်ရှိ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Ben Bernanke ကို စာသင်ကြား ပို့ချပေးခဲ့ဖူးသူ တဦးဖြစ်သလို၊ သမ္မတ ဘရက်ခ် အိုဘားမား ကိုယ်တိုင် ဗဟိုဘဏ် အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင် တဦးအဖြစ် အမည်စာရင်း တင်သွင်းထားသူ တဦးလည်း ဖြစ်ပါတယ်။
အီလီနွိုက်စ်ပြည်နယ် အနောက်မြောက် တက္ကသိုလ်က အသက် ၇၁ နှစ် အရွယ်ရှိ ဒေးလ် မော်တန်ဆန် ကတော့ ထင်ရှားတဲ့ Economic Dynamics အသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ တဦးဖြစ်သလို၊ the Review of Economic Dynamics စာစောင်ကို စတင်ထုတ်ဝေခဲ့သူ အယ်ဒီတာတဦးပါ။ သူဟာဆိုရင် လုပ်သားဈေးကွက်တွေထဲက တင်းကြပ်တဲ့ အခြေအနေတွေကြောင့် အလုပ်ရှာကြသူတွေ လစာအများဆုံးနဲ့ အကောင်းဆုံး အလုပ်တွေကို ရှာဖွေကြရာက အလုပ်လက်မဲ့ ဖြစ်နေရတဲ့ အခြေအနေတွေကို အထူးပြုလေ့လာခဲ့သူလည်း ဖြစ်ပါတယ်။
နောက်ထပ် နိုဘယ်လ်ဆုရှင်တဦးဖြစ်တဲ့ ဗြိတိန်နဲ့ ဆိုက်ပရပ်စ် နိုင်ငံသားဖြစ်သူ လန်ဒန်စီးပွားရေး တက္ကသိုလ် က အသက် ၆၂ နှစ် အရွယ် ခရစ္စတိုဖာ ပီဆာရီဒတ်စ် ကတော့ အလုပ်အကိုင် စီးဆင်းမှုတွေနဲ့ အလုပ်လက်မဲ့ဖြစ်ရတဲ့ အခြေအနေတွေကို ဆန်းစစ်လေ့လာသူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။ စီးပွားရေး နိုဘယ်လ်ဆုဟာ ကွယ်လွန်သူ အဲလ်ဖရဒ် နိုဘဲလ် (Alfred Nobel) ရဲ့ ၁၈၉၅ ခုနှစ် သေတမ်းစာထဲမှာ မူလက ချီးမြှင့်ဖို့ ထည့်သွင်းထားတဲ့ ဆု ၅ ခုထဲမှာတော့ မပါဝင်ပါဘူး။ ဒါပေမဲ့လည်း ၁၉၆၈ ခုနှစ်မှာ ဆွီဒင်နိုင်ငံက Riksbanken ဗဟိုဘဏ်က စီးပွားရေး နိုဘယ်လ်ဆု အဖြစ် ချီးမြှင့်ဖို့ စတင်ထူထောင်ခဲ့ပြီး၊ တခြား ငြိမ်းချမ်းရေး၊ စာပေ၊ ဆေးပညာ၊ ဓာတုဗေဒပညာ၊ ရူပဗေဒ ပညာရပ်ဆိုင်ရာ ဆုတွေလိုပဲ ငွေသား ဆွီဒင် ခရိုနာငွေ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ သန်းခွဲလောက်) နဲ့အတူ ဂုဏ်ပြုဆု နှစ်စဉ် ပေးအပ်နေတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။