သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားအိမ်ရှင် တောင်အာဖရိကရဲ့ စီးပွားရေးမျှော်လင့်ချက်


ကမ္ဘာ့ဖလားအိမ်ရှင် တောင်အာဖရိကရဲ့ စီးပွားရေးမျှော်လင့်ချက်
ကမ္ဘာ့ဖလားအိမ်ရှင် တောင်အာဖရိကရဲ့ စီးပွားရေးမျှော်လင့်ချက်

တောင်အာဖရိက နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ကျင်းပပေးနိုင်တဲ့ အတွက် ဂုဏ်ယူစရာ ဖြစ်ရသလို၊ စီးပွားရေးအတွက် ဝင်ငွေတဖက်တလမ်းကလည်း ရနေပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေ ကျင်းပနေရာ တောင်အာဖရိက နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ကမကထ ကျင်းပပေးနိုင်တဲ့ အတွက် ဂုဏ်ယူစရာ ဖြစ်ရသလို၊ စီးပွားရေးအတွက် ဝင်ငွေတဘက်တလမ်းကလည်း ရနေတာ ဖြစ်ပါတယ်။ ဘောလုံးပွဲကြည့်ဖို့ ကမ္ဘာတဝန်းက လာကြတဲ့ ခရီးသည်တွေအတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ တခြား အလုပ်အကိုင်တွေ ရမယ့် အခွင့်အလန်းတွေလည်း ပေါ်လာတာပါ။

ဒါပေမဲ့ ဒီလို အိမ်ရှင်အဖြစ် ကမကထ လုပ်နိုင်ဖို့ တောင်အာဖရိက နိုင်ငံက ရင်းနှီးရတာတွေနဲ့ အကျိုးအမြတ်တွေ ကာမိပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေရပါတယ်။ ဒီအကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် ကျင်းပနေတာဟာ တောင်အာဖရိက နိုင်ငံအတွက်သာမက အာဖရိက တတိုက်လုံး အတွက်ပါ ပထမဆုံးအကြိမ်ဖြစ်တာမို့ ဂုဏ်ယူစရာ ဖြစ်နေရသလို၊ စီးပွားရေး အခွင့်အလမ်းတွေအတွက် လမ်းပွင့် စေမလား မျှော်လင့်နေကြပါတယ်။ အထူးသဖြင့်ကတော့ ကမ္ဘာလှည့်ခရီးသွားတွေ သိန်းချီလာကြမယ်လို့ ခန့်မှန်းထားတာမို့ ဒီလူတွေ သုံးကြစွဲကြတာတွေ၊ နေထိုင်စားသောက်တာတွေကနေ ဝင်ငွေတွေ အလုပ်အကိုင်တွေ ရမယ်လို့ တွက်ဆထားတာပါ။

ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကြည့်ရှုဖို့ အားခဲနေကြတဲ့ အားကစား ဝါသနာအိုးတွေက ဒီလို မျှော်လင့်ချက်တွေကို ဖြည့်ဆည်း ပေမယ့် လူတွေလို ဆိုရမှာလည်း ဖြစ်ပါတယ်။ အမေရိကန်မှာလည်း ဘေ့စ်ဘော ပွဲတွေကို ကြည့်လေ့ရှိတဲ့ မိန်းပြည်နယ်က Chad Coleman ဟာဆိုရင် တောင်အာဖရိကက ဖွင့်ပွဲ ကစားကြမယ့်နေ့အတွက် လက်မှတ် တစောင်ကိုပဲ ဒေါ်လာ ၆၀၀ ပေးပြီး သူနဲ့ သူ့အပေါင်းအသင်းတွေ ဘောလုံးပွဲကို သွားကြည့်ခဲ့ကြတာပါ။ ဟိုရောက်တော့လည်း တောင်အာဖရိကသုံး ရန်ငွေ ၆၅၀ ကနေ ၇၅၀ အမေရိကန် ဒေါ်လာ ၉၃ ဒေါ်လာကနေ ၁၀၇ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ တည်းခိုစားရိတ်ကိုလည်း အကုန်ခံခဲ့ကြတာ ဖြစ်ပါတယ်။
“ကျနော်တို့ ဒီရောက်တော့ တညကို ရန်ငွေ ၁၅၀ ကနေ ၂၅၀ ကြားလောက် ပေးရမယ့် တည်းခိုစရာ လိုက်ရှာခဲ့ကြပါတယ်။ နောက်ဆုံး ၁၂ ရက်နေ့နောက်ပိုင်း ရန်ငွေ ၆၅၀ ကနေ ၇၅၀ အထိ ပေးရတဲ့အထိ နေရာပြောင်းတည်းခဲ့ကြတာပါ။”

တောင်အာဖရိက ဘဏ္ဍာရေးဝန်ကြီးကတော့ ကမ္ဘာ့ဖလားပွဲ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာသန်းပေါင်း ၂,၀၀၀ လောက် ဝင်လိမ့်မယ်၊ ဒီနှစ် စီးပွားရေး တခုလုံးမှာဆိုရင်လည်း ဝ.၅ ရာခိုင်နှုန်း တိုးလာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ပြောခဲ့တာလည်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းမှာ ဒီလို အထောက်အကူ ဖြစ်စရာတွေ ရှိနေတယ် ဆိုတဲ့ တချိန်တည်းမှာပဲ ဒီလုပ်ငန်းကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေကလည်း ရှိနေဆဲပါ။ တောင်အာဖရိက နိုင်ငံရဲ့ ရာဇဝတ်မှုဖြစ်ပွားတဲ့နှုန်း မြင့်မားနေတာ၊ အလုပ်သမားသမဂ္ဂတွေက လုပ်ခလစာ တိုးရရေး တောင်းဆိုဆန္ဒပြမှုလို ပြဿမျိုးတွေဟာလည်း ကမ္ဘာ့ဖလားပွဲကာလမှာ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ကစားရာ နေရာတခုဖြစ်တဲ့ ဒါဘန်ကွင်းမှာ ဆိုရင်လည်း အလုပ်သမားတွေ လစာတိုးရရေး ဆန္ဒပြခဲ့လို့ အဓိကရုဏ်းတွေ ဖြစ်ခဲ့ရတဲ့အထိပါ။

ဖွံ့ဖြိုးဆဲနိုင်ငံ တနိုင်ငံဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ကမ္ဘာ့ဖလားပွဲအတွက် ရင်းနှီးမြုပ်နှံမှုတွေ ဒေါ်လာသန်း ထောင်ချီ အကုန်အကျခံ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ အတွက် ကွင်းအသစ် ၅ ခု တည်ဆောက်ဖို့နဲ့ ကွင်းအဟောင်း ၅ ခုကို မွမ်းမံတိုးချဲ့ဖို့အတွက် ဒေါ်လာသန်း ၁,၅၀၀ လောက် သုံးစွဲခဲ့တာဖြစ်ပါတယ်။ လူဦးရေရဲ့ ၄ ပုံ ၁ ပုံဟာ အလုပ်လက်မဲ့ ဖြစ်နေရသလို၊ ၄၀ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေနေဆဲဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ဒီလို အကုန်အကျခံ သုံးစွဲခဲ့တဲ့အတွက် စီးပွားရေး အကျိုးအမြတ်အဖြစ် ထင်သာမြင်သာ တွေ့လာရတာတွေကတော့ ခရီးသွားနဲ့ ဟော်တယ် လုပ်ငန်းတွေကစလို့၊ အမှတ်တရ အားကစားပစ္စည်းတွေ ရောင်းချတာအဆုံး အမြတ်ထွက်ခဲ့ကြတာပါ။ အနိမ့်ဆုံး အနေနဲ့ ကမ္ဘာ့ဖလားပွဲမှာ ယှဉ်ပြိုင်ကြတဲ့ နိုင်ငံကိုယ်စားပြု အလံတွေရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေတောင် တနေ့ကို ဒေါ်လာ ၁၀၀ လောက် နေ့တွက် ကိုက်နေကြတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာ့ဖလားပွဲ ကာလတလျှောက် ရေပန်းအစားဆုံးလို့ ဆိုရမှာကတော့ အာဖရိကရိုးရာ လေမှုတ်တူရိယာ တခုဖြစ်တဲ့ ဗူဗူဇီလာ ခရာရှည်တွေပဲ ဖြစ်ပါတယ်။ အမေရိကန် အားကစား ဝါသနာအိုး Coleman က သူနဲ့ သူ့သူငယ်ချင်းတွေ ကိုယ်တိုင်လည်း အားပေးဖို့ ဝယ်ခဲ့ပါတယ်တဲ့။
“ဗူဗူဇီလာတွေက အံ့သြစရာကောင်းလောက်အောင်ကို အသံကျယ်ပါတယ်။ ကျနော်တို့မှာတောင် ရှိပါတယ်။ စိတ်လှုပ်ရှားစရာ ကောင်းသလို အကုန်လုံးက တကယ့်ကို အရူးအမူးဖြစ်ကြတာပါ။ လူတိုင်းလူတိုင်း ဘယ်လောက်တောင် စိတ်လှုပ်ရှားနေပြီး၊ ဘယ်လို ခံစားနေကြတယ် ဆိုတာကိုတောင် ရှင်းမပြနိုင်လောက်အောင်ပါပဲ။”

ဗူဗူဇီလာတွေဟာ စီးပွားရေးသမားတွေအတွက် တွက်ခြေကိုက်ကောင်း ကိုက်ပေမဲ့ ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ အနှောက်အယှက်တွေ ဖြစ်ရတယ်ဆိုပြီးတော့ တိုင်တန်းသံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ခဲ့တာပါ။ သတင်းမီဒီယာ သမားတွေ၊ အားကစား သမားတွေနဲ့ ပရိတ်သတ်တွေရဲ့ စောဒကတက်မှုတွေကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးရတဲ့အထိ ကြုံခဲ့ရပေမဲ့ တားမြစ်တဲ့အထိ လုပ်ဖို့ကိုတော့ သဘောမတူခဲ့ပါဘူး။ ဗွီအိုအေ အားကစား သတင်း အယ်ဒီတာ Parke Brewer ကတော့ ဗူဗူဇီလာအသံတွေကြောင့် အနှောက်အယှက်တွေဟာ ကမ္ဘာ့ဖလားပွဲစဉ် တလျှောက်လုံးမှာ ကြုံနေရတာကတော့ သေချာပါတယ်လို့ ဆိုပါတယ်။
“ဆူညံနေတဲ့ အသံတွေကြောင့် အသံလွှင့်သူတွေက သူတို့အသံတောင် သူတို့ မကြားရလောက်အောင် ဖြစ်တယ်ဆိုပြီး၊ တိုင်ကြပါတယ်။ ဒါတင်မကပါဘူး၊ ဘောလုံးသမားတွေ၊ နည်းပြတွေ အနေနဲ့လည်း တယောက်နဲ့ တယောက် ပါးစပ်နဲ့ပြော အချက်ပြဖို့ သိပ်ကိုခက်ခဲပါတယ်။ ကစားပွဲတွေအပေါ် အကျိုးဆက်တွေ ရှိတယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။”

ဒီလို စိတ်အနှောက်အယှက်ဖြစ်စရာ စိတ်လှုပ်ရှားစရာတွေ ရောထွေးနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲက တောင်အာဖရိကရဲ့ စီးပွားရေးမှာ အနည်းဆုံး ရေတို ဖွံဖြိုးမှုတွေ ပေးနိုင်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။ အားကစားပွဲအတွက် အကြိုပြင်ဆင်မှုတွေက ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် အလုပ်အကိုင်တွေ ရခဲ့ကြပေမဲ့၊ ဒါတွေဟာ ရေရှည်ခံမယ့် အာမခံချက်တော့ မရှိသလို ဒီဘောလုံးကွင်းတွေကို ထိန်းသိမ်းသွားရမယ့် စားရိတ်စားခတွေ ကုန်ကျရမယ့် အရေးကိုလည်း စီးပွားရေး အကဲခတ်တွေက ထောက်ပြကြပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ကတော့ ပွဲစဉ်တွေအတွက် လက်မှတ် ၃ သန်းလောက်မှာ ၉၈ ရာခိုင်နှုန်းလောက် ရောင်းရလိမ့်မယ်လို့ တွက်ဆထားပေမဲ့၊ ခရီးသွား ၄၀၀,၀၀၀ လောက် လာမယ်လို့ ခန့်မှန်းထားပေမဲ့ ၃၅၀,၀၀၀ လောက်သာ ရောက်လာတဲ့ အကြောင်း အတည်ပြုခဲ့တာပါ။

ကမ္ဘာနဲ့အဝန်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ကြုံခဲ့ရာက နာလန်ထလာစ အချိန်မှာပဲ ကမ္ဘာ့ဖလား ဘောလုံးပွဲကို လာရောက်ကြည့်ရှုကြမယ့် သူတွေ အခုလို မျှော်လင့်ထားတာထက် နည်းပါးနေဆဲ ဖြစ်တာ၊ စီးပွားရေးအတွက် အာမခံချက်တွေ ခိုင်ခိုင်မာမာ မပေးနိုင်သေးတဲ့ အခြေအနေမှာ တောင်အာဖရိက အနေနဲ့ အရင်းအနှီး ကြီးမားလှတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲက မှန်းချက်နဲ့ နှမ်းထွက် ကိုက်ဖို့ကတော့ သိပ်မလွယ်လှဘူးလို့ ဆိုရမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG