အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး ရာစုနှစ်ဝက်ကျော်မှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့အထိ အပြန်အလှန် ဆက်ဆံရေးတွေ တိုးတက်လာနေတာမို့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့ပေါ့သင့်-မသင့် မေးခွန်းတွေလည်း တကျော့ပြန် ထွက်ပေါ်လာပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှု အတွက် အဟန့်အတား တခုအဖြစ် မြင်နေကြသလို အပြောင်းအလဲအတွက် တွန်းအားအဖြစ် သုံးသပ်သူတွေလည်း ရှိပါတယ်။ ပြစ်ဒဏ်ခတ် အရေးယူမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပြန်လည်ရုပ်သိမ်းလာနိုင်ချေတွေ ဘယ်လောက်အထိ ရှိနေပြီလဲ? ဆိုတာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဆက်ဆံရေးတွေ ကောင်းမွန်လာအောင် ကြိုးပမ်းနေတဲ့ မြန်မာအစိုးရက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးလာတဲ့အထိ တွေ့မြင်လာကြရတာမို့ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းတော့မှာလား တွက်ဆမှုတွေလည်း ကြီးထွားလာနေပါတယ်။ နှစ်ပေါင်း ၅၀ ကျော်မှာ ပထမဆုံးအကြိမ် သမိုင်းဝင် ခရီးစဉ်တခုအဖြစ် မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်သွားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ဒီနှစ်ဆန်းပိုင်း အစိုးရသစ် တက်လာပြီးတဲ့နောက် အပြောင်းအလဲတွေကို အသိအမှတ်ပြု ပြောဆိုသွားတာပါ။
ဒါပေမဲ့လည်း အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေ အဆုံးသတ်ဖို့အထိ ဆုံးဖြတ်ဖို့ကတော့ စောသေးတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီးမှာပဲ ပြောသွားပါတယ်။
“ကျမတို့ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ပြန်ပြီးရုပ်သိမ်းဖို့ စဉ်းစားရလောက်တဲ့ အဆင့်အထိ မရောက်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မူဝါဒတွေ ပြောင်းလဲရမယ့်နေရာမှာ ကျမတို့ အနေနဲ့ စိုးရိမ်မကင်း ဖြစ်နေရတဲ့ ကိစ္စတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အစိုးရအနေနဲ့ ရှေ့ဆက်တိုးတက်တဲ့ ခြေလှမ်းတွေ အပေါ်မှာတော့ အသေအချာ စဉ်းစားသုံးသပ်သွားမှာ ဖြစ်သလို၊ ကျမပြောခဲ့ဖူးသလို အပြန်အလှန် တုန့်ပြန်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ကျမတို့ မြင်ချင်ပါတယ်။ ဒီလုပ်ငန်းတွေကို အတူတကွ ရှေ့ဆက်ဆောင်ရွက်တာနဲ့အမျှ အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ဖို့နဲ့ အဆုံးသတ်ဖို့အတွက် အလေးအနက် စဉ်းစားသွားမှာ ဖြစ်တယ်ဆိုတာကိုလည်း မြန်မာခေါင်းဆောင်တွေကို ကျမပြောခဲ့ပါတယ်။”
အပြောင်းအလဲတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဘေလ် ကလင်တန် (Bill Clinton) လက်ထက် ၁၉၉၇ ခုနှစ်ကစလို့ စီးပွားရေး ရင်းနှီးမြုပ်နှံမှု အသစ်တွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ကို စတင်တားမြစ် လာခဲ့တာပါ။ နောက်ပိုင်းမှာ ဥရောပသမဂ္ဂ (EU) ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေကလည်း စီးပွားရေး၊ သံတမန်ရေးအရ ဒဏ်ခတ်မှုတွေကို ကျင့်သုံးလာကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အင်အားကြီး နိုင်ငံတွေက ဆယ်စုနှစ်တွေနဲ့ချီပြီး မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ကျင့်သုံးလာပေမဲ့ ရည်ရွယ်ထားသလောက် အကျိုးသက်ရောက်မှုတွေ မရှိခဲ့ဘူးလို့ သြစတြေးလျနိုင်ငံ ကင်ဘာရာမှာရှိတဲ့ News South Wales တက္ကသိုလ်က အာရှရေးရာ ဆန်းစစ်လေ့လာသူ ကာလိုင်း သေရာ (Carlyle Thayer) ကတော့ မြင်ပါတယ်။
“အားလုံးက ပူးပေါင်းဆောင်ရွက်မှုတွေ မရှိပဲနဲ့တော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက အလုပ်မဖြစ်ပါဘူး။ ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ တိုင်းပြည်မှာ အမေရိကန်က ဖြစ်စေချင်သလိုမျိုး သူတို့ဘက်က လိုက်မပြောင်းနိုင်ဘူးလို့ အမြင်ရှိတဲ့ ခေါင်းဆောင်တွေက ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ပြီး ကိုယ့်ဖာသာ အထီးကျန် အချိန်အကြာကြီး နေခဲ့တာကိုလည်း အထင်အရှား တွေ့နိုင်ပါတယ်။”
အနောက်နိုင်ငံတွေက မြန်မာအစိုးရနဲ့ အဆက်ဖြတ်ပြီး အထီးကျန်အောင် လုပ်ထားခဲ့ပေမဲ့လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) က အသင်းဝင်အဖြစ် ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို လက်ခံလာခဲ့သလို ဒေသတွင်း တရုတ်၊ အိန္ဒိယ စတဲ့ တိုင်းပြည်တွေနဲ့ စီးပွားရေး ဆက်ဆံမှုတွေကတော့ တဖြည်းဖြည်း ကြီးထွားလာခဲ့တာပါ။ မြန်မာအစိုးရအပေါ် ဒဏ်ခတ် အရေးယူဖို့ လှုပ်ရှားမှုတွေမှာ တချိန်တုန်းက တက်တက်ကြွကြွ ဦးဆောင် လှုပ်ရှားခဲ့ဖူးသူ ဗြိတိန်နိုင်ငံ လန်ဒန် စီးပွားရေး တက္ကသိုလ်က ဒေါက်တာဇာနည် ကတော့ အနောက်နိုင်ငံတွေရဲ့ မူဝါဒတွေကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ကြီးကြီးမားမား မတွေ့ရလို့ နောက်ပိုင်း ဒီလှုပ်ရှားမှုတွေကို စွန့်လွှတ်ခဲ့သူပါ။
ဒါပေမဲ့လည်း ဒီကနေ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေတွေအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ မြန်မာ့နိုင်ငံရေး တိုးတက်မှုအတွက် တွန်းအားအဖြစ် တခါပြန်တွေ့လာရတာမို့ ထိရောက်မှု ရှိလာပြန်တယ်လို့ သူကပြောပါတယ်။
“Sanctions (ပိတ်ဆို့ အရေးယူမှု) ကလည်း ပီပီပြင်ပြင်၊ ပြည်သူတွေ ဒီမိုကရေစီရဖို့အတွက် ဦးမော့ပေးမယ့် အလားအလာ ကလည်းမရှိ၊ နောက် အစိုးရလုပ်တဲ့ ဗိုလ်ချုပ်တွေကလည်း Sanctions ကို ဂရုမစိုက်ဘူး။ သူတို့က ပိုပြီးတော့ ချမ်းသာသထက် ချမ်းသာလာတော့ ကျနော်ကိုယ်တိုင်ကပေါ့နော် Sanctions လုပ်တာ နိုင်ငံထိခိုက်ပါတယ်ဆိုပြီး ၂၀၀၃ လောက်ကတည်းက လူသိရှင်ကြား စပြောတာပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းမှာ အမေရိကန် နိုင်ငံကလည်း အာရှတိုက်ကို ခြေကုပ်ပြန်ယူချင်တယ်၊ စစ်အစိုးရဘက်ကလည်း တရုတ်တခုတည်းကိုပဲ ဆက်ဆံနေရတာ သူတို့အတွက် သိပ်ပြီးတော့ အကျိုးမရှိဘူး၊ နိုင်ငံအတွက် အကျိုးမရှိဘူးဆိုတဲ့ အမြင်မျိုး ရှိတယ်လို့ ကျနော်မြင်တယ်။ အခုအနေအထား ရောက်တဲ့အခါကျတော့ Sanctions ရှိတာက ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပီပီပြင်ပြင် ဖြစ်လာမှ Sanctions က ပြုတ်မယ့်သဘောဆိုတော့ လက်ရှိ အနေအထားမှာ၊ ဒီကနေ့ အခု ကျနော် စကားပြောနေတဲ့ အချိန်မှာ ကျနော့်အမြင်ကတော့ Sanctions ရှိနေတာက နိုင်ငံရေး ရှေ့ဆက်သွားဖို့ ကိစ္စမှာ ခုတုံးတခုလို မဟုတ်တော့ပဲ၊ Sanctions က နိုင်ငံရေးကို ပွင့်သွားအောင်လုပ်တဲ့ အပေါင်းလက္ခဏာ ဆောင်သွားပြီလို့ ကျနော်မြင်တယ်။”
ဒီနှစ်ဆန်းပိုင်းမှာ အစိုးရသစ်အဖြစ် တက်လာပြီးတဲ့နောက် နိုင်ငံရေး စီးပွားရေး စတဲ့ ကဏ္ဍတွေက အပြောင်းအလဲတွေကြောင့် ဒဏ်ခတ် အရေးယူ ထားတာတွေ အဆုံးသတ်ဖို့ လိုပြီလို့လည်း မြန်မာအစိုးရနဲ့ နီးစပ်သူ မဟာမိတ်အဖြစ် အများက မြင်နေတဲ့ တရုတ်နိုင်ငံက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း ပြောလိုက်တာပါ။ မြန်မာနိုင်ငံလည်း အသင်းဝင်အဖြစ် ပါဝင်တဲ့ အာဆီယံ အသင်းကလည်း မြန်မာအစိုးရဘက်က အပြောင်းအလဲတွေ တွေ့လာရတာနဲ့အမျှ နိုင်ငံတကာ အသိုင်းအဝန်းက တုန့်ပြန်ပါလို့ နိုဝင်ဘာလထဲမှာပဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ထိပ်သီးအစည်းအဝေးပွဲအတွင်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ အနောက်နိုင်ငံတွေက လိုလားနေသလို အခြေအနေမျိုးတွေ မတွေ့ရသေးသလို၊ အရေးယူ ဒဏ်ခတ်မှုတွေကို ဥပဒေတွေအဖြစ် ကျင့်သုံးနေတဲ့ တိုင်းပြည်တွေအဖြစ် မြန်မြန်ဆန်ဆန် ပြန်လည်ရုပ်သိမ်းသွားနိုင်မယ့် အလားအလာမျိုး လတ်တလော မမြင်ရသေးဘူးလို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကပြောပါတယ်။
“အရေးယူ ဒဏ်ခတ်မှုတွေရဲ့ အရေးကြီးတဲ့ အချက်တခု အနေနဲ့ကတော့ ကွန်ဂရက်လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။ သမ္မတကပဲဖြစ်ဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးကပဲဖြစ်ဖြစ် တယောက်ယောက်က အလွယ်တကူ ပြန်ပြီး ပယ်ဖျက်လို့ရတဲ့ ဥပဒေမျိုး မဟုတ်တဲ့အတွက် အမေရိကန် အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီလို့ ယုံကြည်ရင်တောင်မှ ဗျူရိုကရေစီအရ ကြန့်ကြာမှုတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှိနေမှာပါ။ ဒုတိယ အချက်တခု ကတော့ အမေရိကန်က ပြုပြင်ပြောင်းလဲရေးတွေကို ဒီထက်ပိုပြီး လုပ်ဆောင်လာတာကို မြင်ချင်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ဒဏ်ခတ်မှုတွေ ပြန်မရုပ်ခင်မှာ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ပြောနေရုံနဲ့ မဟုတ်ပဲ လက်တွေ့လုပ်ပြတာမျိုး ဖြစ်ဖို့ပါ။”
အမေရိကန် ပြည်ထောင်စုကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ စတင် ကျင့်သုံးခဲ့တာ ၆ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာပဲ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး အက်ဥပဒေတရပ်ကို ထပ်မံချမှတ်ခဲ့ပြီး မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့မှုတွေနဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေကို ထပ်မံတင်းကျပ်တဲ့ အစီအစဉ်တွေကို ကျင့်သုံးလာခဲ့တာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလတုန်းက သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုတွေကို အစိုးရက သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့နောက် ဥရောပသမဂ္ဂ (EU) ကလည်း စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ထပ်မံတင်းကျပ်ခဲ့တာပါ။
ဒါပေမဲ့လည်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား လက်ထက်မှာ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေအပြင် ထိတွေ့ဆက်ဆံမှုတွေနဲ့ပါ ၂ လမ်းသွားစနစ်ကို ကျင့်သုံးသွားမယ်၊ အပြောင်းအလဲတွေရှိရင် ရှိသလို၊ ဆက်ဆံရေးတွေကို တိုးမြှင့်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ EU ကလည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ အားတက်စရာတွေ ဖြစ်ရသလို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကိုလည်း ပြန်လည် သုံးသပ်နေတယ်လို့ ပြောဆိုထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။