သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF နဲ့ မြန်မာ့ငွေကြေးဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှု


IMF နဲ့ မြန်မာ့ငွေကြေးဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှု
IMF နဲ့ မြန်မာ့ငွေကြေးဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှု

မြန်မာနိုင်ငံက ဘဏ္ဍာငွေကြေးဆိုင်ရာ မူဝါဒတွေကို IMF ရဲ့ အကူအညီနဲ့ ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။

မြန်မာနိုင်ငံက ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့လထဲမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ခရီးစဉ် အဆုံးသတ်သွားပါပြီ။ စီးပွားရေး လုပ်ငန်းတွေ အထူးသဖြင့် ပြည်ပနဲ့ဆက်နွယ် လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေမှ အခက်အခဲတခုအဖြစ် ကြုံနေရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ဈေးကွက် လိုအပ်ချက်နဲ့အညီ ဖြစ်စေဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် IMF အဖွဲ့တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို ရောက်လာခဲ့ကြတာပါ။ IMF ရဲ့ ခရီးစဉ်နဲ့အတူ မြန်မာနိုင်ငံက ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲလာနိုင်မယ့် အလားအလာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။

အမျိုးမျိုး ဖြစ်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံခြားငွေ လဲလှယ်မှုတွေ တပေါင်းတစည်းတည်း ဖြစ်အောင် လုပ်ဆောင်သွားမယ့် အစီအစဉ်အတွက် ကျွမ်းကျင်မှု အကူအညီတွေ တောင်းခံထားတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ် နိုဝင်ဘာလဆန်းမှာပဲ အဆုံးသတ်သွားပါတယ်။ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ တိုးတက်မှုတွေ ရှိလာစေဖို့၊ ဘဏ်လုပ်ငန်းတွေနဲ့ နိုင်ငံခြား ငွေလဲနှုန်းတွေမှာ ဈေးကွက် လိုအပ်ချက်နဲ့ ကိုက်ညီအောင် အကူအညီပေးဖို့ တောင်းခံခဲ့ပြီးတဲ့နောက် သွားရောက်ခဲ့တဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာတော့ မြန်မာအစိုးရနဲ့ ဆက်လက် လက်တွဲ လုပ်ဆောင် သွားမယ့်အကြောင်း ကြေညာခဲ့တာပါ။

သီတင်း ၃ ပတ်ကြာ ခရီးစဉ် အတွင်းမှာတော့၊ အထူးသဖြင့် IMF အဖွဲ့ရဲ့ Article VIII အပိုဒ် (၈) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း အဖွဲ့ဝင် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍက မူဝါဒတွေကို ပဏာမ အနေနဲ့ အကဲခတ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကပြောပါတယ်။
“သူတို့ကတော့ နိုင်ငံတကာ အတွေ့အကြုံတွေပြောတယ်။ အထူးသဖြင့်ကတော့ Article VIII အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ နိုင်ငံခြား ငွေကြေးနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်ထိန်းချုပ်မှုမျိုးတွေ မရှိဖို့အတွက် လာစစ်ဆေးတာပေါ့။ အဲဒီကိစ္စ အတွက်ကို နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကတော့ အပြင်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အတော်များများကိုလည်း လက်ရှိ မြန်မာပြည်မှာ ရှိနေတဲ့ အနေအထား အရပေါ့လေ နိုင်ငံခြားငွေလွှဲလို့ရှိရင် ဘယ်လို အကန့်အသတ်တွေရှိတယ်၊ အဟန့်အတားတွေ ရှိတယ် ဆိုတာတွေကို ကွင်းဆင်းပြီးတော့ မေးတာပါပဲ။”

IMF အဖွဲ့ရဲ့ အပိုဒ်ခွဲ (၈) အရ အဖွဲ့ဝင် တိုင်းပြည်တွေ အနေနဲ့ ကုန်သွယ်မှုတွေနဲ့ ငွေပေးချေမှုတွေ၊ ပြည်ပနဲ့ ငွေလွဲှပြောင်းမှုတွေက ငွေကြေး လဲလှယ်မှုတွေမှာ ကန့်သတ်တာတွေ မလုပ်ဖို့၊ တရားဝင် အတည်ပြုချက် မရပဲ ငွေကြေးအပေါ် ခွဲခြားတာမျိုး၊ သတ်မှတ်ချက် အမျိုးမျိုး ပြဋ္ဌာန်းထားတာမျိုး လုပ်ပိုင်ခွင့် မရှိပါဘူး။ မကြာသေးခင် အချိန်အထိကတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ တန်ဘိုးကို ကန့်သတ်ထားရာမှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ ၆ ကျပ်လောက်သာ တရားဝင် သတ်မှတ်ထားခဲ့တာ ဖြစ်သလို၊ နိုင်ငံခြားငွေလဲလက်မှတ် FEC လို ပြည်တွင်းသုံး နိုင်ငံခြားငွေကြေးအဖြစ် သုံးစွဲတာတွေလည်း ရှိခဲ့တာပါ။ ဒီလို နိုင်ငံခြား ငွေကြေးအဖြစ် အမျိုးမျိုး ကွဲပြားနေသလို၊ ငွေတန်ဘိုးဟာ ဆိုရင်လည်း မှောင်ခို ဈေးကွက်မှာတမျိုး တရားဝင်လဲလှယ်မှုမှာ တမျိုးနဲ့ ကွာဟချက်တွေလည်း ကြီးကြီးမားးမား ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက်လည်း စီးပွားရေး လုပ်ငန်းတွေမှာ အဟန့်အတားတွေ ကြုံနေရတာကို ပြည်ပပို့ကုန် လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး တဦးဖြစ်တဲ့ ဦးနှင်းဦး တို့လို စီးပွားရေး လုပ်ငန်းရှင်တွေ IMF ကိုယ်စားလှယ်တွေကို ပြောပြခဲ့ကြတာပါ။
“သူတို့က မေးတာကတော့ ကျနော်တို့ဆီက ကုန်သွယ်မှု စနစ်ကို မေးပါတယ်။ ဥပမာအားဖြင့်၊ ကျနော်တို့ ဒီက ပြည်ပပို့လို့ရှိရင် စနစ်က ဘယ်လိုရှိတယ်၊ ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းက ဘယ်လိုမျိုးတွေကို လုပ်လို့ရလဲ၊ ဘာတွေ လုပ်လို့ မရဘူးလဲ ဆိုတာမျိုးပေါ့။ ဥပမာအားဖြင့် ဟိုတလောက ငါးတွေပို့တဲ့ နေရာမှာဆိုရင်၊ ကျနော်က ငါးလုပ်ငန်း အဖွဲ့ချုပ်ကဆိုတော့၊ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေ ဒေါ်လာဈေးကျတော့ ဖြစ်ပေါ်သွားတဲ့ ပြဿနာတွေကို မေးတာပေါ့။ ကျနော်က အဲဒီတော့ ရှင်းပြလိုက်ပါတယ်။ အမေရိကန် ၁ ဒေါ်လာကို အရင်က ၁,၀၀၀ နဲ့ စရင်းခဲ့တယ်။ ၁,၀၀၀ လောက် ၁,၂၀၀ လောက်နဲ့ စရင်းတဲ့အခါမှာ ငါးမွေးမြူရေး သမားတွေကျတော့ ၂ နှစ်လောက်ကြတဲ့ အခါကျမှ ပြန်ဖော်ရတဲ့ အချိန်ကျတော့ ဒေါ်လာဈေးက ၇၀၀ နဲ့ ဝန်းကျင်လောက် ဖြစ်သွားတဲ့ အခါကျတော့ အရမ်းကွာဟသွားတယ်။ ရင်းနှီးမြုပ်နှံမှု တန်ဘိုးက ဒေါ်လာ ၁,၀၀၀ ပြန်ရောင်းလို့ ရတဲ့အခါမှာ ဒေါ်လာ ၇၀၀ ပဲ ရတဲ့အတွက် ပြည်ပပို့တဲ့အခါ ဒေါ်လာနဲ့ပဲ ရတဲ့အခါကျတော့ ကျပ်ငွေနဲ့ ပြန်ပြောင်းတဲ့အခါမှာ ငွေလဲနှုန်းက နစ်နာစရာတွေ ဖြစ်လာတာမျိုး ကြုံရတယ်ဆိုတာတွေကို ရှင်းပြတာပေါ့။”

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပေးထားတဲ့ မြန်မာအစိုးရက စီးပွားရေး တိုးတက်မှုတွေ ရရှိလာအောင် နိုင်ငံခြားငွေ လဲလှယ်မှုတွေကို ခေတ်နဲ့ညီအောင် ပြင်ဆင်မယ်လို့ ပြောထားတာပါ။ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်မှုတွေမှာ ဈေးကွက်နဲ့ အဆင်ပြေအောင် ကျင့်သုံးဖို့နဲ့ ပြည်တွင်းမှာ ထုတ်ဝေသုံးစွဲနေတဲ့ နိုင်ငံခြားငွေလဲလက်မှတ် FEC ကိုလည်း ပယ်ဖျက်မယ့် အကြောင်း ဇူလိုင်လထဲမှာပဲ ကြေညာခဲ့ပါတယ်။ ဒီနောက်မှာတော့ ပုဂ္ဂလိကဘဏ်တွေ အပါအဝင် ဘဏ် ၆ ခုကို ရန်ကုန်မြို့မှာ နိုင်ငံခြားငွေလဲ ဌာနတချို့ စတင်ဖွင့်လှစ်ခွင့် ပြုလာခဲ့တာပါ။

အခုအခါမှာ ဒီလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင် လာနေပြီလို့ ပုဂ္ဂလိကဘဏ် တခုဖြစ်တဲ့ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် က ပြောပါတယ်။
“အခု တိုးချဲ့ဖွင့်တာက လေဆိပ်ပေါ့၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နောက်ပြီးတော့ ဟဲဟိုးတို့ ဘာတို့ပေါ့။ နောက်ပြီး မန္တလေးမှာဖွင့်မယ့် ရန်ကုန်မှာလည်း တိုးချဲ့ဖွင့်မယ်၊ ဘဏ်ပေါင်းစုံပေါ့လေ။ အားလုံးပေါင်း နေရာပေါင်း ၅၀ ကျော် ၆၀ လောက် ရှိမှာပေါ့။ ဈေးကတော့ ကျနော်တို့ ပုဂ္ဂလိကဘဏ်တွေ အဓိကပေါ့၊ ဘဏ်ပေါင်းစုံပါတဲ့ ကြီးကြပ်ရေးအဖွဲ့ ရှိတယ်လေ။ အဲဒီကနေ နေ့စဉ် ချိန်ပြီးတော့ သတ်မှတ်တဲ့ဈေးပေါ့၊ နိုင်ငံခြားကလည်း ယူတယ်၊ အင်တာနက် သတင်းတွေကလည်း ယူတယ်။ နောက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ ပေါက်ဈေး၊ ပြည်ပပေါက်ဈေး စသဖြင့်ပေါ့ဗျာ၊ အဲဒါတွေ အကုန်လုံးကို ကိုးကားပြီးတော့မှ ဒီနေ့ ဘယ်လောက် သတ်မှတ်မယ်ဆိုပြီး ဈေးကိုဖြတ်တာပေါ့၊ အဲဒီဈေးကိုပဲ ကျနော်တို့က ယူပြီးတော့ ဒီနေ့အတွက် သတ်မှတ်ပါတယ်။ တနေ့ကိုတော့ ဖြစ်နိုင်ရင်တော့ ၂ ကြိမ်လောက် အပြောင်းအလဲ လုပ်တာပေါ့။”

နိုင်ငံခြားငွေကို ဈေးကွက်နဲ့အညီ ဖြစ်စေဖို့ ဘဏ်တွေကို လဲလှယ်ခွင့်တွေ ပေးခဲ့ပေမဲ့ တရားဝင် လဲလှယ်တဲ့ မူဝါဒတွေကိုတော့ တိတိကျကျ မသတ်မှတ်ရသေးပါဘူး။ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲရာမှာလည်း ဈေးကွက်မှာ ပေါက်နေတဲ့အတိုင်း နှုန်းရှင်အဖြစ် သတ်မှတ်သွားမှာလား၊ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုန်းအသေတခုကို သတ်မှတ်သွားမှာလား ဆိုတာတွေကလည်း စီးပွားရေး လုပ်ငန်းရှင်တွေကြား မေးခွန်းထုတ်နေကြဆဲပါ။ IMF ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ စီးပွားရေး ပညာရှင် ဦးမော်သန်း ကတော့ ဘဏ္ဍာရေး ကဏ္ဍမှာ အားနည်းချက်တွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းတွေက ဥပဒေတွေ ပြင်ဆင်ဖို့၊ ဈေးကွက် လွတ်လပ်ခွင့်ရှိဖို့ စတာတွေ အပါအဝင် အခြေခံ ပြုပြင်ပြောင်းလဲစရာတွေ အများအပြား ရှိနေတယ်လို့ မြင်ပါတယ်။ ဒီလိုပဲ ဒေသတွင်းမှာ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာတော့ ငွေပင်ငွေရင်း အစုရှယ်ယာ ဈေးကွက်ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံ နောက်ကျမကျန်ဖို့ လိုအပ်နေတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ပြောခဲ့တာပါ။

ဒီလိုအခြေအနေမျိုးမှာ IMF ကနေ ကျွမ်းကျင်မှုထက် ပိုတဲ့ အကူအညီတွေ လိုအပ်ကောင်း လိုအပ်လိမ့်မယ်လို့လည်း ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က သုံးသပ်ပါတယ်။
“နိုင်ငံခြား ငွေကြေးနှုန်းနဲ့ ပတ်သက်ပြီးတော့ နှုန်းတခုနဲ့ တခုကို တည်ငြိမ်အောင် လုပ်တဲ့အခါမှာ တခါတရံကျရင် ငွေကြေး အာဏာပိုင်ကနေ ဝင်ပြီးတော့ ပတ်သက်ဖို့ လိုမယ်လေ။ လိုတဲ့အခါကျတော့ အဓိက ကိုယ့်လက်ထဲမှာ ငွေရှိမှာ ဝင်လုပ်လို့ ရမှာကိုး။ အဲဒီတော့ ချေးငွေတွေဘာတွေများ ရနိုင်မလားလို့ ဆိုတာမျိုး တောင်းတာတော့ မဟုတ်ပါဘူး၊ ကျနော်က ဘယ်လို အကူအညီမျိုးများ မျှော်လင့်လို့ ရမလဲမေးတော့၊ အဲဒါတွေ မပါပါဘူးတဲ့။ ကျွမ်းကျင်မှု အကြံပေးတာမျိုး အတွက်ပဲ နိုင်ငံအသီးသီးက တွေ့ရတဲ့ အတွေ့အကြုံအရ အကြံပေးရုံလောက်ပါပဲတဲ့။”

IMF ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်အပြီး နိုဝင်ဘာလ ဒုတိယပတ်ထဲမှာလည်း မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဆင်းရဲမွဲတေမှု လျော့ပါးရေး ရည်ရွယ်ပြီး ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်အဖွဲ့တခုက ရန်ကုန်မြို့မှာ ၂ ရက်ကြာ နှီးနှောဖလှယ်ပွဲတခု ကျင်းပသွားဦးမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဘဏ္ဍာရေးကဏ္ဍဟာ အခရာကျတာမို့ ဒီကဏ္ဍမှာ အားဖြည့်ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အကြောင်းလည်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ EU သံအမတ်ကြီး David Lipman က ပြောဆိုထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG