မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေနဲ့အတူ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူတွေလည်း အရင်ထက်ပိုပြီး စိတ်ဝင်စား လာနေကြပါတယ်။ အစိုးရကိုယ်တိုင်က ရင်းနှီးမြုပ်နှံမှုတွေကို အားပေးတဲ့ အစီအစဉ်တွေ ထွက်ပေါ်လာနေတာကြောင့် လုပ်ငန်းရှင်တွေ စိတ်ဝင်စားလာနေကြတဲ့ တချိန်တည်းမှာပဲ၊ တခြားဆိုးကျိုးတွေလည်း အတူပါလာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။ စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ သတိထားရမယ့် ကိစ္စတွေရှိနေတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
စီးပွားရေး တိုးတက်ဖို့ဟာ ဦးစားပေး ရည်မှန်းချက် တခုအဖြစ် ပြောဆိုထားတဲ့ အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတချို့ ရှိလာတာနဲ့အမျှ ရင်းနှီးမြုပ်နှံလိုသူတွေလည်း တနေ့တခြား တိုးပွားလာနေပါတယ်။ အထူးသဖြင့် ဒေသတွင်း တိုင်းပြည်တွေက မြန်မာနိုင်ငံက အခြေအနေတွေကို လာရောက် စနည်းနာကြ၊ အကဲခတ်ကြတာတွေလည်း ထင်ထင်ရှားရှား တွေ့လာရတာပါ။ အထူးသဖြင့်ကတော့ မကြာသေးခင်လတွေအတွင်း ပြည်တွင်း နိုင်ငံရေး အခြေအနေတွေမှာ အပြောင်းအလဲတွေ ထွက်ပေါ် လာခဲ့သလို၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ သံတမန် ဆက်ဆံရေး တိုးတက်လာတာတွေက စီးပွားရေး လုပ်ငန်းရှင်တွေကြား အားတက်လာကြတဲ့ လက္ခဏာ တခုအဖြစ်နဲ့ အိမ်တွေ၊ မြေတွေကို ဈေးကောင်းပေး ဝယ်ယူတဲ့အထိ ဖြစ်လာကြတယ်လို့ ရန်ကုန်မြို့က မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးသန်းဦး ကပြောပါတယ်။
ဒီလိုပဲ ဒေသတွင်း ရင်းနှီးမြုပ်နှံမှုတွေမှာ ပိုမိုစိတ်ချရမယ့် နေရာတခု အဖြစ်နဲ့လည်း မြန်မာနိုင်ငံကို မျက်စေ့ကျလာကြတယ်လို့ သူကပြောပါတယ်။
“ကျနော်တို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ NLD က ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်က ထွက်လာတယ်။ မကြာခင်မှာပဲတခါ ကျနော်တို့ အာဆီယံ အစည်းအဝေးမှာက တကယ့် ထိပ်သီး Super Power နိုင်ငံကြီးတွေနဲ့ ဆုံတဲ့အခါမှာ သမ္မတ အနေနဲ့ ကောင်းတဲ့ ဆက်ဆံရေး အလားအလာတွေနဲ့ ကြုံတွေ့ရတယ်။ ပြီးတော့လည်း အမေရိကန် သမ္မတ ကိုယ်တိုင်ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆက်ဆံတဲ့ပုံစံ တမျိုးတမည်ဖြစ်မယ် ဆိုတဲ့ အနေအထားမျိုးနဲ့ ဟီလာရီ ကလင်တန် (Hilary Clinton) ပေါ့လေ၊ နိုင်ငံခြားရေးဝန်ကြီး လွှတ်မယ်ဆိုတဲ့ သတင်းတွေ ကြားလာရတဲ့ အခါကျတော့ အခြေအနေ အနေအထားက ကောင်းလာနိုင်တယ် ဆိုပြီးတော့၊ ပြည်ပအရင်းအနှီးတွေ ဝင်လာနိုင်တယ်၊ ဖွံ့ဖြိုးမှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အပါအဝင်၊ ကြိုပြီးတော့ ရင်းနှီးမြုပ်နှံတဲ့ အပိုင်းနဲ့ အလုအယက် ဝယ်ကြတဲ့ အပိုင်းနဲ့ အရှိန်က ပိုပြီး တက်သွားတာပေါ့။
တချိန်တည်းမှာပဲ နိုဝင်ဘာလလယ်လောက်မှာ တခါ အရှေ့တောင်အာရှ၊ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးတဲ့ အခါကျတော့ အဲဒီမှာ အခြေစိုက်ထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေက နှစ်စဉ်သာ ရေလွှမ်းမိုး နေမယ်ဆိုရင် ဆုံးရှုံးမှုတွေများမယ်။ အဲဒီတော့ ရေလွတ်တဲ့နေရာနဲ့ စီးပွားရေး အလားအလာကောင်းမယ့် နေရာကို ကြည့်တဲ့ အခါကျတော့ သိပ်ဝေးဝေး ကြည့်စရာ မလိုဘူး။ ဘေးနားလေးတင် ကျနော်တို့ မြန်မာနိုင်ငံ သွားတွေ့တဲ့ အခါကျတော့ အဲဒီမှာတင် လုပ်ငန်း ၃၀ လောက်က လာရောက် ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေက ထွက်လာပြန်တယ်။”
အစိုးရကတော့ ရင်းနှီးမြုပ်နှံသူတွေအတွက် အဟန့်အတား ဖြစ်နေရတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖယ်ရှားတာ၊ ပြင်ဆင်တာတွေ စတင်လုပ်ဆောင် လာနေတာပါ။ ဘဏ္ဍာရေး ကဏ္ဍမှာဆိုရင် အမေရိကန် ၁ ဒေါ်လာကို အရင်က တရားဝင် ၆ ကျပ်နှုန်း တဝိုက်နဲ့ သတ်မှတ်ထားတာကို အခုအခါ ပြည်ပလုပ်ငန်းတွေအတွက် ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်သုံးစွဲခွင့် ပေးလိုက်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အထူးအခွင့်အရေးအဖြစ် လုပ်ငန်းတွေ စတင်ချိန်ကစလို့ အခွန်ကင်းလွတ်ခွင့် ၃ နှစ် ပေးထားရာကနေ ၅ နှစ်အထိ တိုးမြှင့်ပေးလိုက်တာပါ။။
ဒီလိုပဲ ပြည်ပက လုပ်ငန်းရှင်တွေအတွက် အိမ်၊ မြေငှားရမ်းခွင့် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ပြီလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ကုန်သည်များ အသင်းချုပ် က တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးနှင်းဦး ကပြောပါတယ်။
“အရင်တုန်းက ဆိုလို့ရှိရင် နိုင်ငံခြားကနေ ရင်းနှီးမြုပ်နှံမယ့် ပုဂ္ဂိုလ်သော်လည်းကောင်း ကုမ္ပဏီသော်လည်းကောင်း၊ အဖွဲ့အစည်း သော်လည်းကောင်း တခုခုက မြေငှားချင်လို့ရှိရင် အစိုးရဆီမှာ ငှားရတယ်။ အစိုးရဆီကလွဲလို့ ဘယ်မြေမှ ငှားလို့မရဘူး။ ဒါပေမဲ့ အခုကတော့ အဲဒါကို ပြင်ပေးလိုက်တာက ပုဂ္ဂလိက မည်သူ့ထံမှမဆို မြေကို ငှားလို့ရပါတယ်လို့ ခွင့်ပေးထားပါတယ်။ ကျန်တာက အသေးစိတ်ကတော့ အစိုးရဝန်ကြီးဌာနက ညှိပေးမှာပေါ့နော်။ ငှားခွင့်တော့ ရသွားတယ်။ အရင်တုန်းက ငှားခွင့်မရှိဘူး၊ အခုက ငှားခွင့်ရသွားတယ်၊ ဒါကတချက်ပါ။”
နိုင်ငံခြား ကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းရင်း ကန့်သတ်ချက်တွေကို ဖယ်ရှားရာက ပြည်တွင်းက စီးပွားရေးသမားတွေ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းမှာ ပိုမို မြုပ်နှံ လုပ်ကိုင်ဖို့ တွန်းအားတခု ဖြစ်လာနေတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီလိုပြည်တွင်း အိမ်ခြံမြေ ဈေးနှုန်းတွေ မကြုံဖူးလောက်အောင် တက်လာတာက ရင်းနှီးမြုပ်နှံသူတွေအတွက် ဝန်ထုပ်ဝန်ပိုး တခုအဖြစ် လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အဟန့်အတား ဖြစ်စရာ အခြေအနေတွေကို ဦးတည်နေပြန်တယ်လို့ အိမ်ခြံမြေ လုပ်ငန်းမှာ ၁၅ နှစ်နီးပါး လုပ်ကိုင်နေတဲ့ မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက ဦးသန်းဦး ကပြောပါတယ်။
“အများကတော့ ပြောနေကြတာက ကျနော်တို့ဆီမှာ မြေတွေရဲ့ တန်ဘိုးက မြင့်နေတယ်။ မြင့်တဲ့အခါကျတော့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ဝင်တဲ့အခါမှာ အရင်းအနှီး တန်ဘိုးရဲ့ တော်တော်များများလောက်က မြေနဲ့တင် မြုပ်နှံမှုက များနေတယ်။ ပမာဏက ကြီးနေတယ်ဆိုတဲ့ သတင်းတွေက ထွက်လာတဲ့ အခါကျတော့ တော်ရုံတန်ရုံ မြုပ်နှံမယ့် ကိစ္စအပိုင်းမှာ နည်းနည်း စဉ်းစားတဲ့ အပိုင်းတွေ ရှိမယ်လို့ ယူဆလို့ ရတာပေါ့လေ။ ဒါကတော့ ကျနော်တို့ရဲ့ အဓိက အားနည်းချက်ပါပဲ။ ဒါကြောင့်မို့လည်း အခုအချိန်မှာ ဆွေးနွေးတယ်လို့သာ ပြောနေတယ်၊ တကယ်တမ်း တိကျတဲ့ အနေအထား ဖြစ်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်တွေက သိပ်မတွေ့ရသေးဘူးလေ။”
အစိုးရကတော့ ရင်းနှီးမြုပ်နှံသူတွေ အထူးသဖြင့်၊ ပြည်ပလုပ်ငန်းရှင်တွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းတဲ့ နေရာမှာ ၁၉၈၈ ခုနှစ်ကစလို့ ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်ပြီး လွှတ်တော်မှာ တင်သွင်းထားတာလည်း ဖြစ်ပါတယ်။ ဒီလို စီးပွားရေး စီမံခန့်ခွဲမှုတွေက အပြောင်းအလဲတွေနဲ့အတူ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာမယ့် အလားအလာတွေ သိသိသာသာ တွေ့မြင်လာနေရတဲ့ တချိန်တည်းမှာပဲ ဆယ်စုနှစ်တွေနဲ့ချီပြီး အစိုးရက ဗဟိုကနေ ထိန်းချုပ်လာတဲ့ စီးပွားရေးကို လွတ်လပ်ခွင့် ပေးရာမှာ စိမ်ခေါ်မှုတွေလည်း ရှိနေတာပါ။
စီးပွားရေး လုပ်ငန်းတွေမှာ အတွေ့အကြုံရင့်ကျတ်ပြီး စံချိန်စံညွှန်းနဲ့အညီ လုပ်ကိုင်တတ်တဲ့ အင်အားကြီး တိုင်းပြည်တွေက ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာတဲ့တိုင်အောင် သတိထားစရာ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံမှာရှိတဲ့ လန်ဒန် စီးပွားရေး တက္ကသိုလ်က ဒေါက်တာဇာနည် ကပြောပါတယ်။
“အာရှတိုက် တလွှားမှာရှိတဲ့ ရင်းနှီးမြုပ်နှံတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အထူးသဖြင့် အာရှတိုက်မှာရှိတဲ့ ကုမ္ပဏီ အများစုက သူတို့နိုင်ငံမှာလည်း သူတို့လူထုကို ဂရုစိုက်ပြီးတော့ ပြည်သူ့ကျန်းမာရေး ထိခိုက်တဲ့ ကိစ္စတို့၊ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့ ကိစ္စတွေ ဒါတွေကို သူတို့နိုင်ငံတွေမှာလည်း စံနှုန်းထားပြီးလုပ်တဲ့ နိုင်ငံတွေ မဟုတ်ဘူး။ အဲဒီလို နိုင်ငံတွေက ကုမ္ပဏီတွေ ဝင်လာတော့ ကျနော်တို့အတွက် ထိခိုက်တာပေါ့လေ။ တခုရှိတာက အနောက်နိုင်ငံတွေက ကုမ္ပဏီတွေ ဥရောပတိုက်တို့ အမေရိကန် နိုင်ငံတို့ က ကုမ္ပဏီတွေ ဝင်လာမယ် ဆိုရင်လည်း ပြဿနာက သူတို့နိုင်ငံမှာတော့ စံနှုန်းမြင့်မြင့်နဲ့ အလုပ်လုပ်တဲ့ နေရာမှာ ပြုမူပေမဲ့ မွဲတဲ့နိုင်ငံ၊ နိုင်ငံရေးစနစ် မခိုင်မာတဲ့ နိုင်ငံတွေမှာ ရောက်လာတဲ့ အခါကျ စံနှုန်းမထားတဲ့ သဘောနဲ့ လုပ်တာတွေရှိတယ်။ အဲဒီတော့ အနောက်နိုင်ငံတွေက ဝင်လာမယ်ဆိုရင် ပိုကောင်းဖို့ အလားအလာ ရှိသော်လည်း၊ အဲဒီကုမ္ပဏီတွေကို ထိန်းချုပ်နိုင်မယ့် မူတွေ၊ စံတွေ၊ ဥပဒေတွေ မရှိဘူး ဆိုရင်လည်း ကျနော်တို့အတွက်က ဒီလောက် အကျိုးရှိမှာ မဟုတ်ဘူး။ အဲဒီတော့ ၂ ဘက် အစွန်းမရောက်ဖို့ပေါ့နော်။”
ဒါပေမဲ့လည်း စီးပွားရေး အင်အားကောင်းတဲ့ အနောက်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ဒီမိုကရေစီ အခြေခံတွေ ရှိနေတာမို့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေ ရှိလာမယ်ဆိုရင်တောင် သက်ဆိုင်ရာ တိုင်းပြည်တွေမှာ ဖိအားပေး ပြောဆိုနိုင်တဲ့ အခွင့်အလန်း ရှိနေတာကတော့ တခြားအာရှဒေသ နိုင်ငံတွေနဲ့ မတူတဲ့ အားသာချက် တခုအဖြစ်နဲ့လည်း စီးပွားရေး ဆန်းစစ်သူတွေက ထောက်ပြထားကြတာပါ။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုအုံကြွမှုတွေကို သွေးထွက်သံယို နှိမ်နင်းပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ခဲ့တဲ့ စစ်တပ်ကတော့ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ်ဆိုပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို လက်ခံခဲ့တဲ့နောက် အနောက်နိုင်ငံတွေက ကုမ္ပဏီတွေလည်း ဝင်ရောက်လုပ်ကိုင် လာကြပါတယ်။ ဒါပေမဲ့လည်း ဒီအထဲက အမေရိကန် အခြေစိုက် Unocal ပြင်သစ်နိုင်ငံက Total ကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ တက်ကြွ လှုပ်ရှားသူတွေရဲ့ ဖိအားပေး ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။