သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ အာရှ စီးပွားရေး ခန့်မှန်းချက်


၂၀၁၂ အာရှ စီးပွားရေး ခန့်မှန်းချက်
၂၀၁၂ အာရှ စီးပွားရေး ခန့်မှန်းချက်

လာမယ့်နှစ် အာရှစီးပွားရေးဟာ အသင့်အတင့်လောက်သာ ရှိမယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းပါတယ်။

အာရှတလွှား စီးပွားရေးဟာ ရှေ့လာမယ့်နှစ်ထဲ ဆက်လက်နှေးကွေး နေဦးမယ်လို့ ဒေသတွင်းနဲ့ နိုင်ငံတကာ စီးပွားရေး ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ စီးပွားရေး အင်အားကြီး အနောက်နိုင်ငံတွေက ဘဏ္ဍာရေး ပြဿနာတွေ၊ ဒေသတွင်းက ကပ်ဘေး အန္တာရာယ်တွေကြောင့် တိုးတက်မှုတွေ အားနည်းနေဦးမယ်လို့ သုံးသပ်နေကြတာပါ။ ဒီနှစ်ထဲ အာရှတလွှား ကြုံခဲ့ရတဲ့ စီးပွားရေး ပြဿနာတွေနဲ့ ရှေ့နှစ်မှာ ရှိနေဦးမယ့် စိမ်ခေါ်မှုတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ပြည်ပက ဝယ်လိုအားတွေ ကျဆင်းတာ၊ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေ တင်းကျပ်တာ စတဲ့ အစီအမံတွေနဲ့အတူ စီးပွားရေး အားကောင်းလာနေတဲ့ အရှေ့အာရှ ဒေသရဲ့ စီးပွားရေးဟာ ရှေ့နှစ်ထဲအထိ ဆက်လက် နှေးကွေး နေမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ၂၀၁၁ ခုနှစ် အာရှစီးပွားရေးကို စောင့်ကြည့်လေ့လာထားတဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ တက်လာတာ၊ ဝယ်ယူစားသုံးမှုတွေ ခိုင်ခိုင်မာမာ ရှိနေတာလို အပေါင်းလက္ခဏာတွေ ရှိနေပေမဲ့ စီးပွားရေး အင်အားကြီး အနောက်နိုင်ငံတွေက အကျပ်အတည်းတွေနဲ့ စိမ်ခေါ်မှုတွေ ရှိနေတာကြောင့် နောက်တကြိမ် စီးပွားရေး အကျပ်အတည်းက အရှေ့အာရှဒေသ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆန်းစစ်ထားတဲ့ အစီရင်ခံစာက သတိပေး ထားတာပါ။

ဥရောပ ယူရိုငွေကြေးသုံး နိုင်ငံတွေက အစိုးရ ကြွေးမြီထူပြောနေတာ၊ အမေရိကန် ပြည်ထောင်စုက စီးပွားရေး အခြေမခိုင်ပဲ ဖြစ်နေရတာတွေလို ပြင်ပရိုက်ခတ်မှုတွေက ဒေသတွင်း စီးပွားရေးအပေါ် ခြိမ်းခြောက်နေပေမဲ့ ဒါတွေကို မူဝါဒရေးရာ ချမှတ်သူတွေ အချိန်မီ တားဆီးမယ်ဆို တားဆီးနိုင်တဲ့ အခွင့်အလန်းတွေလည်း ရှိနေတယ်လို့ ADB ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင် လေလေဆောင်ဂ် (Lei Lei Song) ကပြောပါတယ်။
“ကျနော်တို့ရဲ့ သုံးသပ်ချက်ကတော့ ဖြစ်နိုင်ချေရှိတာက ယူရိုဇုန်နဲ့ အမေရိကန် ပြည်ထောင်စုတို့က ခေါင်းထောင် ထလာနေတဲ့ အရှေ့အာရှ ဒေသ အပေါ်မှာ အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိနိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီရိုက်ခတ်မှုတွေကိုတော့ ဒေသတွင်းက မူဝါဒရေးရာ ချမှတ်သူတွေ တစုတစည်းတည်း ပြတ်ပြတ်သားသား တုန့်ပြန်နိုင်သမျှတော့ စီမံခန့်ခွဲသွားနိုင်မှာပါ။”

အာရှဒေသက ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ အကျိုးဆက်တွေဟာလည်း စီးပွားရေးအတွက် အဓိက စိမ်ခေါ်မှု တခုအဖြစ်နဲ့ သတိပေးနေကြတာပါ။ စက်တင်ဘာလက စလို့ မုန်တိုင်းနဲ့ မိုးသည်းထန် ရေကြီးမှုတွေကြောင့် အထူးသဖြင့် အရှေ့တောင် အာရှဒေသမှာ ဒေါ်လာသန်းပေါင်း ၆,၃၀၀ လောက်အထိ အဆုံးအရှုံးတွေ ကြုံခဲ့ရသလို၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂ အာရှ-ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေးရာကော်မရှင် (UNESCAP) ကပြောပါတယ်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှုရဲ့ ၂၀% နဲ့ ကမ္ဘာတလွှား ဆန်တင်ပို့မှုတွေရဲ့ ၆၀% ထွက်ရာ အရှေ့တောင်အာရှ ဒေသမှာ အထွက်လျော့မယ့် အခြေအနေနဲ့လည်း ကြုံခဲ့ရတာပါ။ ရေလွှမ်းမိုးမှုဒဏ် အဓိက ခံခဲ့ရတဲ့ တိုင်းပြည်တခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေမှာ ထိခိုက်မှုတွေကြောင့် ကမ္ဘာ့ ကုန်ထုတ်လုပ်မှု တခုလုံးမှာပါ ရိုက်ခတ်လောက်တဲ့အထိ ခြိမ်းခြောက်မှုတွေလည်း ကြုံခဲ့ရပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ဒီနှစ်မှာ ၂% လောက်ပဲ ရှိမှာ ဖြစ်ပေမဲ့ ရှေ့နှစ်ထဲကျရင် ၄.၅% လောက်အထိ ပြန်တက်လာမယ်လို့ ADB က ခန့်မှန်းထားတာပါ။

ထိုင်းနိုင်ငံက Phatra Securities ကုမ္ပဏီက အကြီးတန်း စီးပွားရေးပညာရှင် ထနွမ်ဆရီ ဖွန်ဂအန်ရန် (Thanomsri Fongarunrung) ကတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြန်ပြီး နာလန်ထူလာနိုင်တဲ့ အလားအလာတွေ ရှိတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့လည်း အစိုးရက ကျကျနန စီမံနိုင်မှ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေ ပြန်ရနိုင်လိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။
“ရေကြီးတဲ့ အခြေအနေတွေကြောင့် ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ လက်တွန့်တာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ အနေနဲ့ သေချာစဉ်းစားဖို့ လိုကြပါလိမ့်မယ်။ ထိုင်းနိုင်ငံမှာ တိုးချဲ့လုပ်ကိုင်သင့် မသင့် ဆိုတာ ဆုံးဖြတ်ဖို့အတွက်လည်း အချိန်ပိုယူနိုင်တယ်လို့ ထင်ပါတယ်။ အရေးအကြီးဆုံး ကိစ္စကတော့ အစိုးရက ကပ်ဘေးဒဏ်ကို တားဆီးတဲ့ အစီအမံတွေကို ရေရှည်အတွက် ဘယ်လိုလုပ်ထားသလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။”

ကမ္ဘာ့ဘဏ်ကတော့ အာရှစီးပွားရေးအတွက် ကျားကန်ပေးနိုင်တာက ဒေသတွင်း စီးပွားရေး အရှိန်အဟုန် အားကောင်းနေတဲ့ တရုတ်နိုင်ငံ ဖြစ်စေမယ်လို့ ခန့်မှန်းပါတယ်။ ပြည်ပက ဝယ်လိုအားတွေ ကျဆင်းနေပေမဲ့ ပြည်တွင်းမှာ အားကောင်းတာမို့ တရုတ်နိုင်ငံ စီးပွားရေးဟာ ဒေသတွင်းမှာ အရှိန်အဟုန် အကောင်းဆုံးအဖြစ် ဆက်လက် ထိန်းထားနိုင်လိမ့်ဦးမယ်လို့ တွက်ဆထားတာပါ။ ဒါပေမဲ့လည်း စီးပွားရေး အရှိန်အဟုန် အကောင်းဆုံး တရုတ်နိုင်ငံတောင်မှ ဒီနှစ်မှာ ဖွံ့ဖြိုးမှု ပမာဏဟာ ၉.၃% ပဲရှိမယ်လို့ ခန့်မှန်းထားတာမို့ ဒါဟာ အရင်ကထက် လျော့ကျလာတာဖြစ်ပါတယ်။ တချိန်တည်းမှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး အရှိန်အဟုန်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေနဲ့အတူ၊ ရှေ့နှစ် ၂၀၁၂ ခုနှစ် ထဲမှာ ၈.၈% လောက်အထိ ဖြစ်လိမ့်မယ်လို့လည်း ADB က ခန့်မှန်းထားတာပါ။

ဒီလိုပဲ နောက်ထပ် စီးပွားရေး အားကောင်းတဲ့ အိန္ဒိယနိုင်ငံကတော့ ဖွံ့ဖြိုးမှု ပမာဏ ၇.၅% လောက် ရှိနေရာက ရှေ့နှစ်မှာ အနည်းငယ် ပိုတိုးလာနိုင်တယ်လို့လည်း ဟောကိန်းထုတ်ထားကြတာ ဖြစ်ပါတယ်။ နှစ်ဆန်းပိုင်းမှာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရတာကြောင့် စီးပွားရေးမှာ ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ ဂျပန်နိုင်ငံမှာတော့ ရှေ့လာမယ့် ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ ခုနှစ် ကာလအတွင်း ဖွံ့ဖြိုးမှု ပမာဏဟာ ၂.၂% ပဲရှိမယ်လို့ အစိုးရက ခန့်မှန်းထားတာပါ။ အရှေ့အာရှ ဒေသတခုလုံး အနေနဲ့ကတော့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်ထဲမှာ ၇.၂% တဝိုက်မှာ ရှိမယ်လို့ ADB ကတွက်ချက်ထားပါတယ်။ တကယ်လို့သာ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုတို့က စီးပွားရေး ပြဿနာတွေနဲ့အတူ ၂၀၀၉ ခုနှစ်တုန်းကလို အကျပ်အတည်းတွေ နောက်တကြိမ် အဆိုးရွားဆုံး အဖြစ်နဲ့ ကြုံလာရမယ် ဆိုရင်တော့ ရှေ့နှစ်မှာ ၅.၄% အထိလောက်တောင် ကျဆင်းနိုင်တယ်လို့လည်း သတိပေးထားတာပါ။

ဒီအတွက် ဒေသတွင်း စီးပွားရေးဟာ အသင့်အတင့်သာ ရှိမယ်လို့ ခန့်မှန်းရတဲ့အကြောင်း ADB ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင် လေလေဆောင်ဂ် ကပြောပါတယ်။
“အခြေခံအားဖြင့် ကျနော်တို့ ပေးချင်တဲ့ အဓိက သတင်းစကားကတော့ ယူရိုငွေကြေးသုံး နိုင်ငံတွေက ကြွေးမြီပြဿနာတွေ၊ အမေရိကန်က အတိမ်းအစောင်း မခံနိုင်သေးတဲ့ နာလန်ထစ အခြေအနေတွေနဲ့အတူ မကြာသေးခင် ကာလတွေအတွင်း ပြင်ပက အခြေအနေတွေဟာ တိုးတက်လာစ အရှေ့အာရှ အတွက် ပိုဆိုးလာနေပါတယ်။ ဒါကြောင့်လည်း ဖွံ့ဖြိုးစ အရှေ့အာရှ ဒေသရဲ့ စီးပွားရေး တိုးတက်မှုဟာ ၂၀၁၂ ခုနှစ်ထဲမှာ အသင့်အတင့်ပဲ ရှိနေဦးမှာပါ။”

အရှေ့အာရှ ဒေသက ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာရှိတဲ့ လူပေါင်း ၃၈ သန်းလောက်ဟာ ၂၀၁၅ ခုနှစ်မှာ နောက်ဆုံးထားပြီး ဆင်းရဲတွင်းက ထွက်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး ဖွံ့ဖြိုးမှုတွေ နှေးကွေးနေတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပြီး၊ ဝင်ငွေနိမ့်ကျနေတာတွေကြောင့် ဆင်းရဲမွဲတေမှု လျော့ပါးရေး အစီအစဉ်တွေအတွက် အဟန့်အတားတွေအဖြစ် ဆက်လက် တွေ့မြင်နေရဆဲလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG