သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်စာဆီဈေး ကြီးမြင့်မှုနဲ့ အမေရိကန် နိုင်ငံရေး


လောင်စာဆီဈေး ကြီးမြင့်မှုနဲ့ အမေရိကန် နိုင်ငံရေး
လောင်စာဆီဈေး ကြီးမြင့်မှုနဲ့ အမေရိကန် နိုင်ငံရေး

အမေရိကန်မှာ ဓာတ်ဆီဈေးတွေ ထူးထူးခြားခြား မြင့်မားနေတဲ့အတွက် နိုင်ငံရေး လောကမှာ အပြန်အလှန် အပြစ်ဖို့ နေကြပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဓာတ်ဆီဈေးတွေ မကြုံစဖူး မြင့်မား လာနေတာကြောင့် အမေရိကန် နိုင်ငံသားတွေ စိတ်မသက်မသာ ဖြစ်နေကြပါတယ်။ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေကတော့ သမ္မတ ဘရက်ခ် အိုဘားမား ရဲ့ မူဝါဒတွေကြောင့်လို့ အပြစ်ဖို့ နေချိန်မှာ သမ္မတကတော့ သူ့အစိုးရရဲ့ စွမ်းအင်ဆိုင်ရာ မူဝါဒတွေဟာ မှန်ကန်တယ်လို့ ကာကွယ်ပြောဆိုနေတာပါ။

ဒီနှစ်ထဲ သမ္မတ ရွေးပွဲတွေ ကျင်းပဖို့ ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ပြဿနာတွေကို ရှေ့တန်းတင်ပြီး အပြန်အလှန် ထိုးနှက်မှုတွေ ထွက်ပေါ် လာနေတာတွေကိုတော့ ဗွီအိုအေ သတင်းထောက် Kent Klein ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဆီဆိုင်တွေမှာ နေ့တဓူ၀ ဓာတ်ဆီ ဖြည့်နေကြတဲ့ အမေရိကန် နိုင်ငံသားတွေ အတွက်ကတော့ တရိပ်ရိပ် တက်လာနေတဲ့ ဈေးနှုန်းတွေကြောင့် စိတ်ပျက်စရာ ဖြစ်နေရသလို၊ နောက်တကြိမ် သက်တမ်းအတွက် ယှဉ်ပြိုင်သွားမယ့် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) အတွက်လည်း နိုင်ငံရေးအရ စိမ်ခေါ်မှုတခု ဖြစ်နေပါတယ်။

အမေရိကန် ရေနံစိမ်း ဈေးနှုန်းဟာဆိုရင် ၉ လအတွင်း အမြင့်ဆုံးအဖြစ် ဖေဖော်ဝါရီလ စတုတ္ထပတ်က နယူးယောက်ခ် ဈေးကွက်မှာ စည်တပေပါကို ၁၀၉.၇၇ ဒေါ်လာ အထိ တက်သွားခဲ့တာပါ။ ရေနံစိမ်းတွေ တက်ရာက အမေရိကန်မှာ ဓာတ်ဆီ ဈေးနှုန်းဟာလည်း ၁ လီတာကို ၉၆ ဆင့် တက်ပြီး ၁ ဂါလံကို ၃ ဒေါ်လာနဲ့ ၆၅ ဆင့် အထိ တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမေရိကန် ပြည်ထောင်စုမှာ ဓာတ်ဆီဈေးဟာ ဆောင်းတွင်း ကာလမျိုးမှာ ကျဆင်းလေ့ရှိနေပြီး နွေရာသီ အားလပ်ရက် ကာလမျိုးမှသာ တက်လေ့ရှိတတ်တာပါ။

ဒါပေမဲ့ အခုအခါ အချိန်အခါမဟုတ် ဈေးနှုန်းတွေ တက်ရတာကတော့ အစိုးရရဲ့ မူဝါဒထက် ကမ္ဘာ့ဈေးကွက်ရဲ့ ရိုက်ခတ်မှုလို့ သမ္မတ အိုဘားမား ကပြောပါတယ်။
“ရေနံဆိုတာဟာ ကမ္ဘာ့ဈေးကွက်ထဲမှာ အရောင်းအဝယ် လုပ်နေကြတာပါ။ အရင်နှစ်ကလိုပဲ အခုအချိန်မှာ ရေနံဈေးတွေ တက်နေရတဲ့ အကြီးမားဆုံး အကြောင်းရင်း တခုကတော့ အရှေ့အလယ်ပိုင်း ဒေသက မတည်ငြိမ်မှုတွေနဲ့ လက်ရှိ အီရန်က အခြေအနေတွေကြောင့်ပါ။”

အမေရိကန်မှာ သာမက ဗြိတိန်နိုင်ငံ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Brent ရေနံစိမ်း ဈေးဟာလည်း တချိန်တည်းမှာပဲ ဈေးတက်ခဲ့ရာမှာ တပေပါကို ၁၂၅ ဒေါ်လာ ၄၇ ဆင့် နဲ့ လန်ဒန်ဈေးကွက်မှာ ပေါက်ခဲ့တဲ့ အထိပါ။ ဆန်းစစ်သူတွေကတော့ ဒီအခြေအနေတွေ အားလုံးဟာ ရေနံထုတ်လုပ်တဲ့ တိုင်းပြည်တွေက ပြဿနာတွေရဲ့ ဈေးကွက်အပေါ် ရိုက်ခတ်ရာက ပေါ်ပေါက်လာရတာလို့ သမ္မတ အိုဘားမား နဲ့ တလေတည်း ပြောနေကြတာလည်း ဖြစ်ပါတယ်။

နယူးယောက်ခ် အခြေစိုက် လောင်စာဆီဈေးကွက် အခြေအနေကို စောင့်ကြည့် အကဲခတ်နေတဲ့ Pratts Oilgram Price Report ရဲ့ အယ်ဒီတာချုပ် ဂျဖ် မိုအာ (Jeff Mower) ဟာလည်း ဒီလို သဘောထားရှိသူ တဦးပါ။
“အီရန်နဲ့ ပတ်သက်လို့ တင်းမာမှုတွေ ရှိနေတာ၊ ရေနံစိမ်း ထုတ်လုပ်မှုတွေ ရပ်ပစ်နေတဲ့ ဆူဒန်နိုင်ငံက ပြဿနာတွေ၊ ဒါတွေ အားလုံးက Brent ရေနံစိမ်းနဲ့ ဓာတ်ဆီဈေး တက်အောင် တွန်းအားပေးနေကြတာပါ။”

ရေနံကုမ္ပဏီတွေက တွက်ချေ မကိုက်တာကြောင့် အမေရိကန် ပြည်ထောင်စု ပြင်ပက တခြားဒေသတွေမှာ ရေနံချက် စက်ရုံတွေ ပိတ်လိုက်တာတွေက ဈေးတွေ တက်လာအောင် တဖက်တလမ်းက တွန်းအားတွေ ဖြစ်ခဲ့ရတယ်လို့လည်း သူကပြောပါတယ်။ ဒီလိုပဲ ရေနံအဓိက ထုတ်လုပ်ရာ တိုင်းပြည်တခုဖြစ်တဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ အစ္စရေးလ်၊ အမေရိကန်၊ ဥရောပ တို့နဲ့ တင်းမာမှုတွေ ကြီးထွားလာရာက ရေနံ ထုတ်လုပ်မှုတွေအပေါ် ဂယက်ရိုက်လာမှာကိုလည်း ကုန်သည်တွေ စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြနေကြတာပါ။

ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာရင် ရေနံတင် သင်္ဘောတွေ အမြောက်အများ ဖြတ်သန်းသွားလာရာ ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အီရန်နိုင်ငံကတော့ သူ့အပေါ် နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာကို တုန့်ပြန်တဲ့ အနေနဲ့ ဖေဖော်ဝါရီလ စတုတ္ထပတ်ထဲမှာပဲ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတွေကို ရေနံရောင်းချမှုတွေ ရပ်ဆိုင်းကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့ရေနံ ဈေးကွက်ကို ပြင်ပက ရိုက်ခတ်မှုတွေ ရှိနေပေမဲ့၊ သမ္မတ အိုဘားမား အစိုးရ အနေနဲ့ ပြည်တွင်းမှာ ထုတ်လုပ်မှုတွေ တိုးမြှင့်ပြီး အခြေအနေတွေကို တားဆီးနိုင်တဲ့ အခွင့်အလန်းတွေ ရှိလျက်နဲ့ မလုပ်တာလို့ အတိုက်အခံ နိုင်ငံရေး သမားတွေကတော့ အပြစ်ဖို့ နေကြတာပါ။

ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်း တဦးအဖြစ် ယှဉ်ပြိုင်နေတဲ့ အောက်လွှတ်တော် ပြောခွင့်ရသူဟောင်း နယူ ဂန်ဂရစ်ချ် (Newt Gingrich) ကတော့ ပြည်တွင်းမှာ ရေနံပိုထုတ်ပြီး ဓာတ်ဆီဈေးတွေ တဖြည်းဖြည်း ကျဆင်းအောင် လုပ်နိုင်ပေမဲ့ အစိုးရက မလုပ်ပဲ နေနေတာလို့ ပြောပါတယ်။
“ဗဟိုအစိုးရပိုင် ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံတွင်းတွေကို ဖွင့်ပေးလိုက်မယ်ဆိုရင်၊ ဘီလီယံတောင် မဟုတ်ပါဘူး၊ ၁၆ ထီလီယံ ကနေ ၁၈ ထီလီယံ လောက်အထိ ရမှာပါ။ နောက်တက်မယ့် ဗဟိုအစိုးရတွေ အနေနဲ့ ဒီအတိုင်း ဆက်ပြီး ဆောင်ရွက် သွားမယ်ဆိုရင်၊ အလုံးအရင်းနဲ့ ထွက်လာမှာမို့ တဂါလံကို ၂ ဒေါ်လာခွဲ လောက်အထိ ကျသွားပါလိမ့်မယ်။ ဒါဟာ ဘဏ္ဍာရေး ရသုံးမှန်းချေ စာရင်း မျှတစေရေးအတွက် အထောက်အကူ ဖြစ်စေနိုင်သလို၊ အလုပ်အကိုင်တွေ သန်းချီပြီး ဖန်တီးပေးမှာလည်း ဖြစ်ပါတယ်။”

သမ္မတ အိုဘားမား ကတော့ ဓာတ်ဆီဈေး ကျအောင် လုပ်မယ်ဆိုတဲ့ အပြောတွေဟာ နိုင်ငံရေး ထောက်ခံမှုရအောင် စည်းရုံးမှု သက်သက်ထက် မပိုဘူးလို့ အပတ်စဉ် မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ လောင်စာဆီ ဈေးနှုန်း ကျဆင်းဖို့၊ ပြည်ပက ရေနံတင်ပို့မှုတွေ လျှော့ချနိုင်ဖို့ အတွက်ဆိုရင် သူ့အစိုးရက ဆောင်ရွက်နေတဲ့ မူဝါဒတွေသာ ရေရှည်ခံမယ့် အဖြေဖြစ်မယ်လို့လည်း ပြောခဲ့တာပါ။ အစားထိုး လောင်စာတွေ၊ ဆီစားသက်သာတဲ့ မော်တော်ယာဉ် ထုတ်လုပ်မှုတွေ အတွက် နည်းပညာ ရှာဖွေရာမှာ ပိုပြီး အာရုံစိုက် သွားသင့်တယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မကောင်းဆိုးရွားတွေကို နှိမ်နင်းသလို ပြဿနာကို ဖြေရှင်းနေလို့တော့ မဖြစ်နိုင်ဘူး လို့လည်း အပတ်စဉ် မိန့်ခွန်းထဲမှာ သူ့အပေါ် ဝေဖန်နေတာတွေကို တုန့်ပြန်သွားခဲ့တာပါ။
“ဓာတ်ဆီဈေးတွေ ကျအောင်၊ ပြည်ပက ရေနံအပေါ် အားထားနေရတာတွေကို နေ့ချင်းညချင်း လျှော့ချနိုင်အောင် ငွေကျည်ဆံနဲ့ ပစ်ချလို့ မရဘူးဆိုတာ ကျနော်တို့ သိပါတယ်။ လုပ်နိုင်တာကတော့ ဦးစားပေးရမယ့် ကိစ္စတွေကို တိတိကျကျနဲ့ ရေရှည် ဆောင်ရွက်ကြဖို့ပါ။”

ရီပတ်ဘလစ်ကန် ပါတီရဲ့ အပတ်စဉ် မိန့်ခွန်းမှာတော့ တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် ကေ ဘိုင်လီ ဟတ်ချစ်ဆန် (Kay Bailey Hutchison) က သမ္မတရဲ့ မူဝါဒတွေကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်ရေး လုပ်ငန်းတွေမှာ နှေးကွေးမှုတွေ ကြုံနေရတာလို့ ပြောသွားပါတယ်။ ရေနံတူးဖော်ရေး လုပ်ငန်းတွေကို ကန့်သတ်ထားတဲ့အတွက် အမေရိကန်မှာ အလုပ်အကိုင် အများအပြား ရရှိနိုင်မယ့် အခွင့်အလန်းတွေလည်း ဆုံးရှုံးရတယ်လို့ ဝေဖန်သွားတာပါ။

စွမ်းအင်ကဏ္ဍမှာ နိုင်ငံရေးအရ သမ္မတ အိုဘားမား အစိုးရအပေါ် နောက်ထပ် ဖိအားပေး ခံနေရတာကတော့ ဒေါ်လာသန်းပေါင်း ၇,၀၀၀ ကုန်ကျမယ့် ကနေဒါနိုင်ငံကနေ ဧရာမ ရေနံပိုက်လိုင်းတခု သွယ်တန်း ဖောက်လုပ်ရေး ကိစ္စပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စွမ်းအင် ဖူလုံရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ သန့်စင်မယ့် ရေနံစိမ်း စည်ပေပါပေါင်း နေ့စဉ် ၇ သိန်း တင်ပို့နိုင်မယ့် Keystone XL ပိုက်လိုင်း ဖောက်လုပ်ရေး စီမံကိန်းကို အတည်ပြုပေးဖို့ ဖိအားပေး နေကြတာပါ။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်နဲ့ ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်မယ်ဆိုပြီး သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ကန့်ကွက်နေကြတဲ့ ဒီစီမံကိန်းကို သမ္မတ အိုဘားမား ကတော့ လက်မခံ ငြင်းဆန်ထားတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG