သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-မြန်မာ စီးပွားရေး ရှေ့အလားအလာ


အာဆီယံ-မြန်မာ စီးပွားရေး ရှေ့အလားအလာ
အာဆီယံ-မြန်မာ စီးပွားရေး ရှေ့အလားအလာ

အာဆီယံရဲ့ ဥက္ကဋ္ဌဖြစ်လာမယ့် မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအရ ပူးပေါင်းမှုတွေလည်း ပိုတိုးလာဖို့ ရှိပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဥက္ကဋ္ဌအဖြစ် မကြာခင်နှစ်တွေအတွင်း မြန်မာနိုင်ငံက တာဝန်ယူတော့မှာ ဖြစ်တာမို့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပိုမိုတွေ့မြင်လာရဖို့ ရှိနေပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံလို စီးပွားရေး ဖွံ့ဖြိုးမှုတွေမှာ နိမ့်ကျနေတဲ့ တိုင်းပြည်တွေ အနေနဲ့ အကျိုးကျေးဇူး များများစားစား ခံစားရနိုင်ပါ့မလား သံသယတွေလည်း ရှိနေကြတာပါ။ မြန်မာနိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေနဲ့ စိမ်ခေါ်မှုတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ တာဝန်ယူသွားဖို့ အသင်းဝင် နိုင်ငံတွေက လက်ခံလိုက်တဲ့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံမှုတွေမှာ အရင်ထက် ပိုလာနိုင်တာမို့ ဒါဟာ စီးပွားရေး လုပ်ငန်းတွေအတွက် အခွင့်အလန်းတွေလည်း ပွင့်လာစေလိမ့်မယ်လို့ လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေက မျှော်လင့်နေကြပါတယ်။ အထူးသဖြင့် ဥက္ကဋ္ဌ တာဝန်ယူပြီး နောက်တနှစ်မှာ၊ အသင်းဝင် (၁၀) နိုင်ငံ ပါဝင်တဲ့ အာဆီယံ အနေနဲ့ တခုတည်းအဖြစ် ပူးပေါင်းဖို့ ရည်မှန်းထားတဲ့အတွက် ဒီအစီအစဉ်ကနေ မြန်မာနိုင်ငံ အကျိုးအမြတ်တွေ ခံစားရနိုင်တယ်လို့ မြင်နေကြတာပါ။

ထင်ရှားတဲ့ စီးပွားရေး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ the Economist ရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ the Economist Intelligence Unit က အကြီးတန်း အယ်ဒီတာဖြစ်သူ ဒန်နီ ရစ်ချက် (Danny Richards) ကတော့ အာဆီယံ နိုင်ငံတွေကြား ဆက်ဆံမှုတွေ ကျယ်ပြန့်လာတာနဲ့အမျှ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အပေါင်းလက္ခဏာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“ပူးပေါင်း ဆောင်ရွက်မှုတွေ၊ စီးပွားရေးအရ ပေါင်းစည်းမှုတွေ ပိုမိုကြီးထွားလာတာနဲ့အမျှ မြန်မာနိုင်ငံအတွက် စီးပွားရေး အကျိုးအမြတ် ခံစားလာရမှာကတော့ သေချာပါတယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ့် အခင်းအကျင်းတွေနဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ တိုးတက်အောင် လုပ်နိုင်လိမ့်မယ်လို့ ယူဆရတဲ့အတွက်၊ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ကျွမ်းကျင်မှု မရှိပေမဲ့လည်း လုပ်အားခ သက်သာတာကို အခွင့်ကောင်းအဖြစ်နဲ့ လုပ်ငန်းသစ်တွေ လုပ်ကိုင်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။”

အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် ဒေသတွင်း ကိစ္စတွေကို တာဝန်ယူလာရတော့မယ့် မြန်မာနိုင်ငံ အနေနဲ့ ပြည်ပနဲ့ ဆက်ဆံမှုတွေ ပိုမို လုပ်ဆောင်လာရမှာမို့ စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေမယ့် အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေ၊ လုပ်ငန်းရှင်တွေက မြင်ကြပါတယ်။

ဒီလိုပဲ အာဆီယံ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်လာတဲ့ အတွက်ရော၊ အသင်းဝင်တွေကြား စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့်ရော ရေတိုကာလအတွက် ခရီးသွား လုပ်ငန်းလို ကဏ္ဍမှာ တိုးတက်မှုတွေ သာမက ရေရှည်မှာ တိုင်းပြည်စီးပွားရေး တခုလုံးအတွက် တွန်းအားတွေ ဖြစ်လာမယ်လို့ မျှော်လင့်နိုင်တဲ့ အကြောင်း မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဦးလှမောင်ရွှေ ကမြင်ပါတယ်။
“အာဆီယံ ဥက္ကဋ္ဌ လုပ်ခွင့်ရတော့ ဒီအတွက်ကို အစည်းအဝေးပေါင်း ၆၀၀ ကျော်လောက်ကို အစိုးရ အဖွဲ့သစ် အနေနဲ့ စီစဉ်ရမှာပေါ့နော်၊။ ဒီအတွက်ကို အားလုံးက မဖြစ်မနေ လုပ်ရတော့မယ်လေ။ ကြိုပြီးတော့ အရည်အသွေး မြှင့်တင်တာတွေ လုပ်ရမယ်၊ ပြင်ဆင်ရမယ်၊ အခြေခံ အဆောက်အအုံတွေ လုပ်ရမယ်၊ ဒါတွေ အားလုံးကတော့ ပါသွားမှာပဲ။ ကျွဲကူးရေပါ ဖြစ်မှာပဲ။ ခရီးသွားကဏ္ဍကတော့ ကျနော်တို့က ဒေသတွင်း နိုင်ငံမှာ အနိမ့်ဆုံးကနေပြီးတော့ ဒီနှစ်ဆိုရင် တိုးတက်မှု ရာခိုင်နှုန်းက လုပ်ငန်းရှင် အားလုံးက တညီတညွတ်တည်း ၃၀% ကျော်လောက်ရမယ်လို့ မျှော်လင့်တာပေါ့နော်။ နောက်လာမယ့် ၁ နှစ် ၂ နှစ် အတွင်းမှာ ၁ သန်းကျော် အထက်ကို ရလာမယ်လို့လည်း မျှော်လင့်ထားတော့ ဒါဟာ အာဆီယံ ဥက္ကဋ္ဌ လုပ်ခွင့်ရတယ်ဆိုတာ ကောင်းသတင်းပေါ့။ ကောင်းသတင်းဆိုတာ ကျနော်တို့ နိုင်ငံကလည်း ဒီအတွက်ကို ထိန်းသိမ်းပြီး ပိုကောင်းအောင်လုပ်မယ်၊ ကျနော်တို့ နိုင်ငံဂုဏ်သတင်းလည်း ထိုက်သင့်သလောက်တော့ ရရင်တော့ ခရီးသွားကဏ္ဍကတော့ ချက်ခြင်းဖြစ်နိုင်တဲ့ ကဏ္ဍပဲလေ။”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ထဲ အာဆီယံ နိုင်ငံတွေမှာ ဒေသတွင်းနဲ့ တခြားနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားပေါင်း ၃၂ သန်း လောက်အထိ လာရောက်ခဲ့တာဖြစ်ပြီး၊ လုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်တဲ့ အနေနဲ့ အသင်းဝင် နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ မလိုပဲ သွားလာခွင့်ရှိဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ ကျန်နေတဲ့ မြန်မာနဲ့ လာအိုနိုင်ငံ တွေကတော့ ရှေ့နှစ်မှာ နောက်ဆုံးထားပြီး ဒီအစီအစဉ်ကို လက်ခံကျင့်သုံးသွားဖို့ ပြင်ဆင်နေပြီလို့လည်း ဘာလီကျွန်းက အာဆီယံ ထိပ်သီး အစည်းအဝေးပွဲအတွင်း အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံက ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နောက်တနှစ် ၂၀၁၅ ခုနှစ်ကျရင် အာဆီယံ အနေနဲ့ တပေါင်းတစည်းတည်း ဖြစ်စေဖို့ ရည်မှန်းချက်ရဲ့ တစိတ်တပိုင်းအဖြစ် ခရီးသွားလာမှုတွေ သာမက၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု စတဲ့ လုပ်ငန်းတွေမှာ ပိုမိုလွတ်လပ်ခွင့်တွေ ရှိစေဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒေသတွင်း နိုင်ငံတွေကြား ဖွံ့ဖြိုးမှု ကွာဟချက်တွေက မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအတွက် ရှေ့မှာ အခက်အခဲတွေတော့ ရှိနေလိမ့်ဦးမယ်လို့ the Economist မဂ္ဂဇင်းက စီးပွားရေး ဆန်းစစ်လေ့လာသူ ဒန်နီ ရစ်ချက် ကမြင်ပါတယ်။
“လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံဟာ အာဆီယံထဲမှာ စီးပွားရေး အင်အား သိပ်မကောင်းလှတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေ အနေနဲ့ ထိုင်း၊ မလေးရှားနဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ စင်္ကာပူတို့လို နိုင်ငံတွေကို အမှီလိုက်နိုင်အောင် ရှေ့ကိုလှမ်းဖို့ အများကြီး လိုနေပါသေးတယ်။”

ဥရောပသမဂ္ဂ (EU) လို တခုတည်းသော ဈေးကွက်အဖြစ် ဖန်တီးနိုင်ဖို့ အာဆီယံက ကြိုးပမ်းနေပေမဲ့လည်း အသင်းဝင် နိုင်ငံတွေကြား ဖွံ့ဖြိုးမှုတွေသာမက၊ အုပ်ချုပ်ရေး စနစ်တွေမှာလည်း ကွဲလွဲမှုတွေ ရှိနေကြတာပါ။ ဒီလိုကွာဟချက်တွေ ကြီးကြီးမားမား ရှိနေဆဲမို့ ၂၀၁၅ ခုနှစ်မှာ အာဆီယံ မိသားစုအဖြစ် တပေါင်းတစည်းတည်း ဖြစ်စေရေး ရည်မှန်းချက်တွေ အကောင်အထည် ဖော်ရာမှာ အခက်အခဲတွေ ရှိနိုင်တာကိုလည်း အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင် ပိဆုဝမ် (Surin Pitsuwan) က အသိအမှတ်ပြု လက်ခံထားတာပါ။
“ပေါင်းစည်းမှုတွေမှာ အားနည်းချက်တွေ ရှိနေတာကို ကျနော်တို့ အနေနဲ့ စိတ်ပူစရာ လိုတယ်ဆိုတာကတော့ သေချာပါတယ်။ ပေါင်းစည်းရေး၊ ပေါင်းစည်းရေး ဆိုပြီး သိပ်စိတ်လှုပ်ရှားပြီး အကောင်းမြင်နေလို့တော့ မဖြစ်ပါဘူး။ အားနည်းချက်တွေလည်း ရှိပါတယ်။ ကွာဟချက်တွေ၊ မတူကွဲပြားမှုတွေကို ကျနော်တို့ မကိုင်တွယ်နိုင်ဘူးဆိုရင် အသင်းဝင် နိုင်ငံတွေကနေ ကူးစက်လာမယ့် ပြဿနာတွေရဲ့ အကျိုးဆက်တွေကိုလည်း ကျနော်တို့ ခံကြရမှာပါ။”

အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးပွဲတွေအတွင်း အသင်းဝင် နိုင်ငံတွေကြား EU ပုံစံ တပေါင်းတစည်းတည်း ဖြစ်စေဖို့ တွန်းအားပေး ဆွေးနွေးတာတွေ ရှိပေမဲ့လည်း အားလုံးပါဝင်တဲ့ ဘုံဈေးကွက်တခု တည်ထောင်ရေး၊ ငွေကြေးစနစ်မှာ ပူးပေါင်း ဆောင်ရွက်ရေး စတဲ့ အစီအစဉ်တွေမှာတော့ ထူးထူးခြားခြား သဘောတူညီမှုမျိုးတွေ မရခဲ့ကြပါဘူး။ ဒါပေမဲ့လည်း ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ရှိနေပြီး၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ကြီးထွားလာနေတဲ့ နိုင်ငံတွေရှိရာ ဒေသတခုအဖြစ် အာဆီယံ အပါအဝင် အရှေ့အာရှ ဒေသနဲ့ ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်နေတာတွေကိုတော့ အမေရိကန်၊ တရုတ်၊ ဂျပန် စတဲ့ စီးပွားရေး အင်အားကြီး တိုင်းပြည်တွေက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုကြပါတယ်။

ဒါပေမဲ့လည်း လတ်တလောမှာတော့ အကြီးဆုံး စီးပွားဖက်အဖြစ်နဲ့က ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၉၃ ဘီလီယံ နီးပါးအထိ ကုန်သွယ်မှုတွေ ရှိခဲ့တဲ့ တရုတ်နိုင်ငံပါ။ ဒါဟာဆိုရင် ဒီအရင် တနှစ်ကထက် ၃၇.၅% ပိုများလာတာ ဖြစ်ပါတယ်။ ဒီလိုပဲ ၂၀၁၅ ခုနှစ် ရောက်ရင် အာဆီယံနဲ့ တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှု ပမာဏဟာ ဘီလီယံ ၅၀၀ အထိတောင် ရှိမယ်ဆိုပြီး တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) က ပြီးဆုံးသွားတဲ့ ထိပ်သီး အစည်းအဝေးပွဲ အတွင်း ပြောဆိုထားတာဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG