သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးအတွက် ရင်းနှီးမြုပ်နှံမှု


မြန်မာ့စီးပွားရေးအတွက် ရင်းနှီးမြုပ်နှံမှု
မြန်မာ့စီးပွားရေးအတွက် ရင်းနှီးမြုပ်နှံမှု

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အသစ်တွေ ဝင်လာပေမဲ့ လုံလောက်မှု ရှိပါရဲ့လား?

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဒီနှစ်ဆန်းပိုင်း တက်လာပြီးတဲ့နောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာနဲ့အမျှ ရင်းနှီးမြုပ်နှံမှုတွေလည်း နောက်ထပ် ဝင်လာနေပါတယ်။ ဒါပေမဲ့လည်း အပြောင်းအလဲတွေဟာ ခိုင်ခိုင်မာမာနဲ့ စိတ်ချလက်ချ အဆင့်အထိတော့ မရှိသေးတာမို့ မျှော်လင့်နေသလောက် ရင်းနှီးမြုပ်နှံမှုတွေ များများစားစား ဝင်လာမယ့် အခြေအနေမျိုး မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် သွားမယ်လို့ ကတိပေးထားတဲ့ အစိုးရလက်ထက် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြတဲ့ အခြေအနေတွေနဲ့ ရှေ့အလားအလာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

စီးပွားရေး လွတ်လပ်ခွင့်တွေ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကတိပေးထားတဲ့ အစိုးရ လက်ထက်မှာ ရင်းနှီးမြုပ်နှံမှုတွေ နောက်ထပ် ဝင်လာနေပါတယ်။ အခုနောက်ဆုံးမှာ ဆိုရင်လည်း တောင်ကိုရီးယား နိုင်ငံက HANA International ကုမ္ပဏီက ရန်ကုန်တိုင်း သံလျင်မြို့နယ် သီလဝါ အထူးစီးပွားရေးဇုန် မြို့ပြစီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း ၅ ထောင် ရင်းနှီးမြုပ်နှံပြီး ဖက်စပ် လုပ်ကိုင်သွားဖို့ စီစဉ်နေသလို၊ တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန်မှာ ဆိုရင်လည်း Italian Thai ကုမ္ပဏီက ဒေါ်လာသန်း ၈ ထောင်အထိ ရင်းနှီးမြုပ်နှံတာတွေ ရှိခဲ့တာပါ။

ဒါပေမဲ့လည်း ရင်းနှီးမြုပ်နှံမှုတွေဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းလို တိုင်းပြည် စီးပွားရေးအတွက် ရေရှည်အထောက်အကူ ဖြစ်စေမယ့် ကဏ္ဍတွေမှာ အလုံးအရင်းနဲ့ ဝင်လာတာမျိုး အထိတော့ မရှိသေးဘူးလို့ မကြာသေးခင်ကမှ စီးပွားရေးဆိုင်ရာ တတ်သိပညာရှင် အဖွဲ့တခုအဖြစ် အစိုးရက ဖွဲ့စည်းခဲ့တဲ့ အထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကပြောပါတယ်။
“ဝင်မယ်လို့ အဲလိုပဲ ဆွေးနွေးတာတို့ ရည်ရွယ်ထားတာတို့ အဲလောက်ပဲ ကျနော်တို့ အခုတွေ့နေ ကြားနေရတာပဲ။ အကြောင်းကတော့ မော်တော်ကား ဈေးကွက်ရှိတယ်၊ တိုက်တာအိမ်မြေ ဈေးကွက်ရှိတယ်၊ နိုင်ငံခြားငွေ ဈေးကွက်ရှိတယ်၊ ရွှေဈေးကွက်ရှိတယ်။ အခုဟာက နိုင်ငံခြားငွေနဲ့ ပတ်သက်လို့ကလည်း ဈေးတွေက ကောင်တာတွေ ဘာတွေ ဖွင့်တယ်ဆိုပေမဲ့ သိပ်ပြီးတော့ အတက်အကျတွေ ဘာတွေ ကစားလို့ မရဘူးပေါ့။ နောက်တခုကလည်းပဲ မော်တော်ကားဈေးကလည်း သိတဲ့အတိုင်း ကားအဟောင်းတွေ သွင်းတာနဲ့ သိပ်အလုပ်မဖြစ်ဘူးပေါ့လေ။ အဲဒီတော့ လူတွေလက်ထဲရှိတဲ့ငွေက ဘာလုပ်ရင် ကောင်းမလဲဆိုတော့ အိမ်ခြံမြေကတော့ အမြတ်များများ ရတယ်ဆိုတော့၊ အဲဒါပဲ လုပ်ကြတာပေါ့။ ကုန်ထုတ်လုပ်မှုလုပ်ငန်း လုပ်ဖို့တို့ ဘာတို့ကြတော့ အစိုးရကလည်းပဲ အပြောင်းအလဲရှိတော့၊ အကယ်၍များ ပြောင်းလဲသွားရင်တော့ ကိုယ့်အနေနဲ့ တခါတည်း ကြားညပ်ကျန်ခဲ့မယ်ပေ့ါလေ၊ အဲဒီလို ရှိနေတာပါ။”

ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ အတွက်သာမက ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုတွေမှာ အရည်အသွေး တိုးတက်စေဖို့ ရည်ရွယ်ပြီး ဒီနှစ်ဆန်းပိုင်းမှာပဲ အထူးစီးပွားရေးဇုန် ဥပဒေတရပ်ကိုလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။ မတ်လထဲမှာပဲ တက်လာတဲ့ အစိုးရသစ်ရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုပြီး ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ ကတိပေးခဲ့ပြီးတဲ့နောက် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေ လျှော့ပေါ့ပေးခဲ့သလို၊ စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ အပြောင်းအလဲ လုပ်လာခဲ့တာပါ။

စီးပွားရေး အစီအမံတွေအတွက် အကြံပေးအဖွဲ့တခုကို ဖွဲ့စည်းခဲ့သလို၊ စီးပွာရေး လုပ်ငန်းတွေနဲ့ ကုန်သွယ်မှုတွေမှာ အဓိက အဟန့်အတား ဖြစ်နေရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းလို ငွေကြေးစနစ်ကို ပြင်ဆင်သွားဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အကူအညီ တောင်းခံတာတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုစီးပွားရေး မူဝါဒတွေမှာ အပြောင်းအလဲတွေ လုပ်လာတာနဲ့အမျှ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ အားကောင်းလာနိုင်တဲ့ အလားအလာတွေလည်း ရှိနေတယ်လို့ ဆန်းစစ်သူတွေ မြင်နေကြတာပါ။

အထူးသဖြင့် အရင်းအမြစ် ကြွယ်ဝပြီး၊ လုပ်အားခ ဈေးချိုတဲ့ ဒေသတခုအဖြစ် ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ အခြေခံတွေ ရှိနေတယ်လို့ အမေရိကန် ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို သွားရောက်ပြီး စီးပွားရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှုတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာဇော်ဦး ကပြောပါတယ်။
“ဥပမာအားဖြင့်၊ ဂျပန်နိုင်ငံလိုမျိုးက ထိုင်းနိုင်ငံမှာ သူ့ရဲ့ရင်းနှီးမြုပ်နှံမှုတွေကို အဆင့်တဆင့် မြှင့်လိုက်ရင်၊ ထိုင်းနိုင်ငံမှာ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်ကိုရွှေ့မလဲ ဆိုပြီးတော့ စဉ်းစားတဲ့အခါ နီးနီးနားနားကိုပဲ ရွှေ့ရင်ပိုကောင်းမှာပဲဆိုပြီး စဉ်းစားချက်တွေ ရှိပါတယ်။ အဲဒီအခါကျရင် ကျနော်တို့မှာ အထူးအခွင့်အရေး ပေးနိုင်တဲ့ ဇုန်တွေကိုလည်း ဖွင့်ထားလိုက်မယ်ဆိုရင် အကူးအပြောင်းတွေမှာ ရလာနိုင်မယ့် အခွင့်အလန်းတွေကိုလည်း ကျနော်တို့က ယူနိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ အနေအထားကလည်း ကျနော်တို့မှာ နိုင်ငံရေးအရ တိုးတက်မှုတွေလည်း ရှိလာတယ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကလည်း လုပ်တော့မယ် ဆိုရင်တော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက အရင်ကထက် ဝင်လာနိုင်စရာရှိတယ်။ တိုက်ဆိုင်မှု တခုကတော့ ၂၀၁၅ မှာဖြစ်လာမယ့် အာဆီယံ စီးပွားရေး ဝန်းကျင်နဲ့ကလည်း တိုက်ဆိုင်နေတဲ့ အခါကျတော့၊ ဒီအချိန်ကာလမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ကြီးကြီးမားမားလုပ်တဲ့ ကော်ပိုရေးရှင်းကြီးတွေကလည်း အပြောင်းအလဲ တခုကိုလုပ်ဖို့ဆိုပြီး တာစူနေတဲ့ အချိန်နဲ့ သွားပြီးတော့ တိုက်ဆိုင်နေတယ်။ အဲဒီအခွင့်အလန်းတွေက ကျနော်တို့ အခုကတည်းက ပြင်ပြင်ဆင်ဆင် လုပ်ထားမှ ဒီအခွင့်အလန်းတွေကို ကျနော်တို့ ရမယ့်သဘောရှိတယ်။”

မြန်မာနိုင်ငံ စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးတွေ ပိုတိုးလာနိုင်တဲ့ အလားအလာတွေ ရှိနေတယ် ဆိုပေမဲ့လည်း တချိန်တည်းမှာပဲ၊ စိန်ခေါ်မှုတွေကလည်း ရှိနေဆဲပါ။ မြန်မာနိုင်ငံလည်း အသင်းဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) က ၂၀၁၅ ခုနှစ်မှာ တပေါင်းတစည်းတည်း ဖြစ်စေဖို့ ရည်မှန်းထားပေမဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုတွေမှာ နောက်ကျနေတဲ့ နိုင်ငံတွေ ရှိနေတာမို့ အပြည့်အ၀ အကောင်အထည် ဖော်နိုင်ဖို့ အခက်အခဲတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုပဲ စီးပွားရေး အင်အားကောင်းတဲ့ အနောက်နိုင်ငံတွေကလည်း နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာကလည်း စီးပွားရေး ဖွံ့ဖြိုးမှုတွေမှာ အဟန့်အတားတွေ ကြုံနေရတာပါ။

ပြစ်ဒဏ်ခတ် အရေးယူထားတဲ့အတွက် အနောက်နိုင်ငံက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်ခွင့် မရှိကြသလို၊ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် အပြည့်အ၀ ယုံကြည်မှု မရှိသေးတာတွေကြောင့်လည်း ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ လက်တွန့်နေတာလို့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က ပါမောက္ခ ရှောင် တာနဲလ် ကသုံးသပ်ပါတယ်။
“ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို မြန်မာပြည်က အပြည့်အ၀ လျှောက်လာပြီ ဆိုရင်တောင်မှ၊ အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြန်ရုပ်ဖို့ အတွက်ကတော့ အချိန်အတိုင်းအတာ တခုအထိ လိုဦးမယ် ဆိုတာကို အနောက်နိုင်ငံက ကုမ္ပဏီ အများအပြားက သဘောပေါက်ထားကြတယ်လို့ လည်း ကျနော် ထင်ပါတယ်။ ဒါကြောင့်လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကြေညာထားတာနဲ့ လက်တွေ့ ဖြစ်လာ-မလာ ဆိုတဲ့အပေါ် အထူးသဖြင့် အနောက်နိုင်ငံက ကုမ္ပဏီတွေ အနေနဲ့ စောင့်ကြည့် သွားကြဦးမှာပါ။”

အမေရိကန် ပြည်ထောင်စုကတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) ကိုယ်တိုင် မြန်မာနိုင်ငံကို သွားဖို့အထိ ဆက်ဆံရေးတွေ တိုးတက်လာပေမဲ့လည်း လက်ရှိကျင့်သုံးနေတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေး မူဝါဒတွေကို ရုပ်သိမ်းဦးမှာ မဟုတ်ဘူးလို့လည်း ဒီဇင်ဘာလဆန်း ခရီးစဉ် မတိုင်မီမှာပဲ သမ္မတ အိမ်ဖြူတော် အဆင့်မြင့်အရာရှိတဦးက ပြောခဲ့တာ ဖြစ်ပါတယ်။ အလားတူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပ သမဂ္ဂ (EU) ကတော့ သူ့ရဲ့ လက်ရှိမြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်နေတဲ့အကြောင်း ကြေညာထားတာပါ။

ဒီလို အနောက်နိုင်ငံတွေ အဆက်အဆံ မလုပ်ပဲ နေချိန်မှာပဲ ဒေသတွင်းက စီးပွားရေး အင်အားကြီးတဲ့ တရုတ်နိုင်ငံ ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတွေကို တိုးမြှင့် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရဲ့ ဇွန်လထဲ နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင် ပြည်ပကနေ ရင်းနှီးမြုပ်နှံဖို့ ကတိကဝတ်ပြုထားတဲ့ ပမာဏဟာ ဒေါ်လာသန်းပေါင်း ၂ သောင်းအထိ ရှိနေပြီး ဒီအထဲမှာတော့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အဓိကထားပြီး လုပ်ကိုင်သွားမယ့် တရုတ်နိုင်ငံက စုစုပေါင်းရဲ့ ၄၁% အထိ ရှိနေတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG