သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အမေရိကန် သံအမတ်ကြီးအဆင့် ဆက်သွယ်တော့မည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကို အထူးသတင်းစာ ရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကို အထူးသတင်းစာ ရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့တာလို အပြောင်းအလဲတွေ ထွက်ပေါ်လာတဲ့အတွက် အမေရိကန် အစိုးရက ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က ကြေညာလိုက်ပါတယ်။ မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးတွေ အပြန်အလှန် ခန့်အပ်တဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း သောကြာနေ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အထူးသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

"မြန်မာနိုင်ငံမှာ ဒီကနေ့ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာကို သမ္မတအိုဘားမားနဲ့ အတူ၊ ကျမက ကြိုဆိုပါတယ်။ ဒါဟာ မြန်မာအစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲပါမယ် ဆိုတဲ့ကတိကို လေးလေးနက်နက် ဖော်ဆောင်လိုက်တဲ့အတွက်၊ ကျမက ချီးကျူးပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံး ကလည်း ကျမလိုပဲ ချီးကျူးထောပနာပြုသင့်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေကနေ ပြန်လွှတ်လိုက်တဲ့သူတွေထဲမှာ ကိုယ့်ယုံကြည်ချက်ပေါ် ခိုင်ခိုင်မာမာ ရပ်တည်ရာမှာ ထင်ရှားကျော်ကြားကြသူတွေနဲ့ မကြာခင်က သူတို့နိုင်ငံသမိုင်းထဲက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် အရေးပါလှတဲ့အချိန်တွေမှာ သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ အများကြီး ပါဝင်ပါတယ်။ သူတို့နိုင်ငံရဲ့ ပြည်သူလူထုအားလုံး လိုပဲ သူတို့ဟာ သူတို့ဘဝတွေအပေါ် အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ်ချက်တွေအတွက် သူတို့ ရဲ့ သဘောထားတွေကို သူတို့ကိုယ်တိုင် ထုတ်ဖေါ်ဖွင့်ကို ထိုက်ထိုက်တန်တန်ကို လိုချင်နေကြပါတယ်။

မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြားမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် တစ်ရပ်ရရှိတဲ့ သတင်းကိုလည်း ကျမက ကြိုဆိုပါတယ်။ ကရင်အမျိုးသားအစည်းအရုံးဟာ ကမ္ဘာပေါ်က အရှည်အကြာဆုံး တော်လှန်ရေးတွေထဲက တစ်ခုမှာ ပါဝင်နေခဲ့ပြီးတော့၊ အခုလို အပစ်အခတ်ရပ်စဲမှုကို သဘောတူလက်ခံခြင်းအားဖြင့်၊ ကရင်လူထုရဲ့ ကာလကြာရှည် ခံစားနေရတဲ့ ဒုက္ခတွေကို စတင်ဖြေရှင်းပေးတဲ့ တိုးတက်တဲ့ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလိုအားတက်စရာ အခြေအနေမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်ဖို့၊ သတင်းမီဒီယာတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို တိုင်းရင်းသား ဒေသတွေဆီ သွားရောက်ခွင့်ပြုဖို့လည်း အစိုးရကို တိုက်တွန်းချင်ပါတယ်။ အပစ်အခတ်ရပ်စဲလိုက်တာ၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာတွေ သာမက ၂၀၁၁ ခုနှစ် ဧပြီလကစလို့ အာဏာရလာခဲ့တဲ့ အရပ်သား ခေါင်းဆောင်တွေ အနေနဲ့ သတင်းမီဒီယာတွေနဲ့ လူမှုအဖွဲ့အစည်းတွေ အပေါ် ကန့်သတ်မှုတွေ လျှော့ပေါ့ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလေးအနက်ထား ဆွေးနွေးပြောဆိုလာတာ၊ နိုင်ငံရေး လုပ်ငန်းစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လာနိုင်အောင် လမ်းဖွင့်ပေးတဲ့ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်လိုက်တာ၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် နေ့ရက်သတ်မှတ်ပေးတာ၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ အလုပ်သမား အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေသစ်တွေကို အတည်ပြုလိုက်တာ၊ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGOs တွေကို ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ လူသားချင်းစာနာမှု လုပ်ငန်းတွေအတွက် သွားခွင့်ပြုခဲ့တာ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းခဲ့တာတွေလို တခြား အရေးကြီးတဲ့ ခြေလှမ်းတွေကိုလည်း လှမ်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပြောခဲ့သလိုပါပဲ၊ အမေရိကန် ပြည်ထောင်စု အနေနဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေကို လုပ်ရပ်တွေနဲ့ ပြန်လည် တုံ့ပြန်သွားမှာပါ။ အခုအချိန်အထိ ဆောင်ရွက်ပြီးဖြစ်တဲ့ ကိစ္စတွေအပေါ်မှာ ကျမတို့ စတင်တုံ့ပြန်သွားပါမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သမ္မတ အိုဘားမားရဲ့ ညွှန်ကြားချက်နဲ့ သံအမတ်ကြီးတွေ အပြန်အလှန် ခန့်ထားတဲ့ လုပ်ငန်းစဉ်ကို စတင်သွားမှာပါ။ အစိုးရနဲ့သာမက မြန်မာပြည်သူတွေနဲ့ပါ ဆက်ဆံရေးတွေ ခိုင်မာနက်ရှိုင်းလာစေဖို့ ကြိုးပမ်းနေတာတွေကို တိုးမြှင့်သွားဖို့အတွက် အမေရိကန် အစိုးရကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး တစ်ဦးအဖြစ် တာဝန်ယူမယ့်သူ တဦးကိုလည်း ကျမတို့ ရွေးချယ်ပါမယ်။ တိုးတက်မှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် မူတည်နေတာ ဖြစ်တဲ့အတိုင်း ဒါဟာလည်း တကယ့်ကို ရှည်လျားတဲ့ လုပ်ငန်းစဉ်တရပ်ပါ။

ဒါပေမဲ့လည်း အမေရိကန် သံအမတ်ကြီးတဦး အနေနဲ့ သမိုင်းတွင်လောက်တဲ့ အားရစရာ အခြေအနေတွေ ထွက်ပေါ်လာတဲ့အပေါ် အားပေးထောက်ခံတဲ့ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေကို ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပေါ်ထွန်းလာနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးသွားဖို့ ကျမတို့ရဲ့ မိတ်ဆွေတွေ၊ မဟာမိတ်တွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက နောက်ထပ် ဆောင်ရွက်နိုင်တာ ဘာတွေ ရှိဦးမလဲ ဆိုတာကို ရှာဖွေသွားဖို့ အတွက်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျမညွှန်ကြားထားပါတယ်။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို အတူတကွ လျှောက်လှမ်းကြဖို့ ကျမတို့အနေနဲ့ သံဓိဋ္ဌာန်ချမှတ်တားတယ် ဆိုတာကို အလေးထားပြောဆိုနိုင်ဖို့ ဒီသီတင်းပတ်ကုန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို တယ်လီဖုန်းကနေ ပြောဆိုသွားဖို့လည်း ကျမ ရည်ရွယ်ထားပါတယ်။"

XS
SM
MD
LG