အမေရိကန် ပြည်ထောင်စုရဲ့ ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်လည် ဦးမော့လာစေဖို့ အခြေခံကျကျ အပြောင်းအလဲတွေ လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ စီးပွားရေး အင်အားအကြီးဆုံး တိုင်းပြည်အဖြစ် ဆက်ထိန်း ထားနိုင်ဖို့ လုပ်ငန်းရှင်တွေ သာမက လွှတ်တော်အမတ်တွေ အစိုးရကပါ စီးပွားရေး ပုံစံတွေကို ပြောင်းလဲဖို့ ပြောဆိုလာကြတာပါ။ အမေရိကန် နိုင်ငံက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင်တွေ ပိုမိုရရှိလာတယ်ဆိုတဲ့ အစီရင်ခံစာနဲ့အတူ စီးပွားရေး တိုးတက်မှု အရိပ်လက္ခဏာ တချို့ကို ဒီနှစ်ဆန်းပိုင်း တွေ့မြင်လာရပေမဲ့ ဖွံ့ဖြိုးမှုနှုန်းကတော့ နှေးကွေးနေဆဲ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ အကျိုးရှိစေမယ့် မူဝါဒတွေ ချမှတ်ဖို့ အမေရိကန် လုပ်ငန်းရှင်တွေ သာမက ဥပဒေပြု အမတ်တွေကလည်း တိုက်တွန်း နေကြတာပါ။
သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) ကတော့ အမေရိကန် စီးပွားရေး ပုံစံကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်နေတဲ့ အကြောင်း အသိအမှတ်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။
“၂၁ ရာစုရဲ့ စီးပွားရေး ပုံစံထဲမှာ ရောက်နေပြီ ဖြစ်ပေမဲ့ ၊ ကျနော်တို့မှာ ၂၀ ရာစုခေတ်အတွက် ဖွဲ့စည်းထားတဲ့ အစိုးရတရပ် အဖြစ်နဲ့ပဲ ရှိနေပါသေးတယ်။ ကျနော်တို့ရဲ့ စီးပွားရေးဟာလည်း ကမ္ဘာ့စီးပွားရေးလိုပဲ အခြေခံကျကျ ပြောင်းလဲနေပါပြီ။ ဒါပေမဲ့လည်း ကျနော်တို့ အစိုးရနဲ့ ဌာနတွေမှာတော့ အပြောင်းအလဲ မရှိသေးပါဘူး။”
ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေကို ကြီးကြပ်နေတဲ့ အစိုးရဌာနတွေကို ပေါင်းစည်းရေး လွှတ်တော်ရဲ့ ခွင့်ပြုချက်ရဖို့ကိုလည်း သမ္မတက တောင်းခံထားပါတယ်။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့၊ ပို့ကုန်-သွင်းကုန်ဘဏ်၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း၊ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုဌာန စတဲ့ အဖွဲ့အစည်းတွေ အပါအ၀င် ဌာနအတော်များများကို တစုတစည်းတည်း ဖြစ်စေဖို့ သမ္မတက အဆိုပြုနေတာပါ။ ဒီအစီအစဉ်အရ ဆိုရင်တော့ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ နေရာမှာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဗဟိုကနေ ကိုင်တွယ်သွားမယ့် ဌာနတခုနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပြည်ပပို့ကုန်တွေကို ၂၀၁၄ ခုနှစ် နောက်ဆုံးထားပြီး ၂ ဆတိုး တင်ပို့ သွားနိုင်ဖို့ အစိုးရအဖွဲ့ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူစဉ် အစောပိုင်းမှာပဲ ပြောထားတဲ့ သမ္မတ အိုဘားမား ကတော့ ဒီအစီအစဉ်ကနေ အမေရိကန် လုပ်ငန်းတွေ ပြည်ပဈေးကွက်တွေကို ပိုမိုဖြန့်ကျတ်ဖို့ လွယ်ကူသွားစေမှာ ဖြစ်သလို၊ လာမယ့် ၁၀ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၃ ထောင် ကုန်ကျစားရိတ် သက်သာသွားမယ်လို့လည်း ပြောဆိုထားတာပါ။ စီးပွားရေး ကျဆင်းမှုတွေကို ဖြေရှင်းဖို့ လက်ရှိ ကျင့်သုံးနေတဲ့ ပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ မြင်ကြသူတွေထဲ အမေရိကန် ဥပဒေပြု အမတ်တွေလည်း ပါဝင်ကြပါတယ်။
အမေရိကန် လွှတ်တော်ရဲ့ ဘဏ္ဍာရေး လိုငွေပြမှု လျှော့ချရေး ကော်မီတီဝင် တဦးဖြစ်တဲ့ အထက်လွှတ်တော် အမတ် ရော့ဘ် ပေါ့တ်မန်း (Rob Portman) ကတော့ တိုင်းပြည် စီးပွားရေး ပြန်လည် အားကောင်းလာဖို့ ဆိုရင်တော့ လူထုဝန်ဆောင်မှုနဲ့ ငွေချေးငှားမှုတွေမှာ အလွန်အကျွံ သုံးစွဲတာတွေ လျှော့ချပြီး၊ ပြည်ပဈေးကွက်ထဲ ပြိုင်ဆိုင်ရာမှာ အားကောင်းအောင် လုပ်ဖို့ အရေးကြီးတယ်လို့ ပြောဆိုလိုက်တာပါ။ အမေရိကန် အစိုးရရဲ့ ကြွေးမြီ အတိုင်းအတာဟာ ပြည်တွင်း ကုန်ထုတ်လုပ်မှုနဲ့ ပမာဏချင်း တူနေတာမို့ ကြွေးမြီနဲ့ ဖွံ့ဖြိုးမှုကြား ၈၀% အချိုး ရှိနေပြီး အကြွေးပြဿနာတွေ ကြုံနေရတဲ့ ဥရောပသမဂ္ဂ ထက်တောင် ပိုများနေတယ်လို့လည်း အထက်လွှတ်တော်အမတ် ပေါ့တ်မန်း က ထောက်ပြပါတယ်။
“ကျနော်တို့ရဲ့ GDP မှာပါတဲ့ ရာခိုင်နှုန်းအရ အမေရိကန်ရဲ့ ပြည်ပပို့ကုန် ပမာဏဟာ ဘယ်အခြေအနေမှာ ရောက်နေတယ်လို့များ ခင်ဗျားတို့ ထင်ကြပါသလဲ? နိုင်ငံပေါင်း ၁၇၀ ကို အဆင့်သတ်မှတ်ထားတဲ့ အထဲမှာ ကျနော်တို့ဟာ အောက်ဆုံးလောက် နီးနီးမှာ ရောက်နေပါတယ်။ အဆင့် ၁၆၃ မှာ တွန်ဂါနိုင်ငံနဲ့ တန်းတူရှိနေပြီး ဒါဟာ အီသီယိုပီးယားထက် သာရုံပဲရှိပါတယ်။”
အခုအခါ ကမ္ဘာပေါ်က ၀ယ်ယူသုံးစွဲမှု ပမာဏရဲ့ ၇၅% နှုန်းဟာ ပြည်ပဈေးကွက်ထဲမှာ ရှိနေတာမို့ အရင်လို ပြည်တွင်းက ၀ယ်လိုအားတွေအပေါ် အားထားနေလို့ မဖြစ်တော့ဘူးလို့လည်း သူက ပြောပါတယ်။ ဂျာမဏီ၊ ဂျပန်နဲ့ တရုတ်တို့လို စီးပွားပြိုင်ဖက် တိုင်းပြည်တွေက ပြည်ပဈေးကွက်ထဲ နေရာယူထားချိန်မှာ အမေရိကန်ကတော့ ဘေးရောက်နေတယ်လို့လည်း လွှတ်တော် ဘဏ္ဍာရေး လိုငွေပြမှု လျှော့ချရေး ကော်မီတီဝင် အထက်လွှတ်တော် အမတ် ပေါ့တ်မန်း က ပြောခဲ့တာပါ။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေရဲ့ တစိတ်တပိုင်းအဖြစ် အခွန်အတုပ်တွေ ပြင်ဆင်သတ်မှတ်ဖို့လည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ အတိုက်အခံ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ပေါ့တ်မန်း ကတော့ အမေရိကန် ကော်ပိုရေးရှင်းတွေ အပေါ် ၂၅% အခွန်ပေးဆောင်ဖို့ သတ်မှတ်ထားတာကို လျှော့ချလိုက်မယ်ဆိုရင် ပြည်ပမှာ ရနေတဲ့ အကျိုးအမြတ်တွေ ပြည်တွင်းကို ပြန်ဝင်လာနိုင်သလို၊ တခြားအခွန်အခ သက်သာတဲ့ တိုင်းပြည်တွေနဲ့လည်း ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ အကြံပေးပါတယ်။
နယူးယောက် အခြေစိုက် စီးပွားရေး အတိုင်ပင်ခံ ကုမ္ပဏီတခုဖြစ်တဲ့ Encima Global ရဲ့ ဥက္ကဋ္ဌ ဒေးဗစ် မဲလ်ပတ်စ် (David Malpass) တို့လို စီးပွားရေး ကျွမ်းကျင်သူ တချို့ကလည်း ဒီအဆိုကို သဘောကြနေကြတာပါ။
“ကျနော်တို့ အနေနဲ့ လူတွေကိုလည်း ပိုပြီးငှားရမ်း အလုပ်ခန့်နိုင်မယ်၊ အမေရိကန်မှာရှိတဲ့ စက်ရုံတွေမှာလည်း စက်ကရိယာတွေ ပိုပြီး တပ်ဆင်လာနိုင်မယ်။ လတ်တလောမှာတော့ ကမ္ဘာနဲ့အ၀ှမ်း ကြီးကြီးမားမား ကုန်သွယ်မှုဆိုလို့ အမေရိကန် ကော်ပိုရေးရှင်းကြီးတွေ တိုင်းပြည်ထဲမှာ ငွေချေးပြီး၊ စက်ရုံတွေကို ပြည်ပမှာ သွားဆောက်ကြပါတယ်။ ဒါကလည်း အခွန်တွေ သက်သာလို့ပါ။”
သမ္မတ အိုဘားမား ကတော့ တိုင်းပြည်မှာ ရင်ဆိုင်နေရဆဲ စီးပွားရေး ပြဿနာတခုဖြစ်တဲ့ အလုပ်လက်မဲ့တွေ အလုပ်အကိုင် ရရှိနိုင်ဖို့ အမေရိကန် ကုမ္ပဏီတွေ ပြည်တွင်းမှာ ပိုမိုလုပ်ကိုင်နိုင်ရေး အားပေးဖို့ စိတ်အားထန်သန် နေတာပါ။ ဒီအတွက်လည်း ပြည်တွင်းမှာ အလုပ်အကိုင် ဖန်တီးပေးမယ့် ကုမ္ပဏီတွေအတွက် အထူးအခွင့်အရေးတွေပေးပြီး၊ ပြည်ပမှာ အလုပ်အကိုင် ဖန်တီးနေတဲ့ ကုမ္ပဏီတွေ အပေါ်မှာတော့ အခွန်အတုပ်တွေ စည်းကျပ်သွားမယ့် အစီအစဉ်တွေကို ကျင့်သုံးသွားမယ်လို့လည်း ပြောပါတယ်။ ဒီနှစ်ဆန်းပိုင်း ထုတ်ပြန်လိုက်တဲ့ အလုပ်သမား ၀န်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေ အရကတော့ ဒီဇင်ဘာလထဲ အမေရိကန်မှာ အလုပ်လက်မဲ့ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၈.၅% အထိ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြပါတယ်။ ဒီလို စီးပွားရေး အခြေအနေတွေမှာ အပေါင်းလက္ခဏာ တချို့ကို တွေ့မြင်လာရပေမဲ့ ဖွံ့ဖြိုးမှုတခုလုံး အနေနဲ့ကတော့ အားရစရာ မကောင်းလှသေးဘူးလို့လည်း အမေရိကန် ကုန်သည်ကြီးများ အသင်းက ပြောပါတယ်။
ဒါကြောင့်လည်း တိုင်းပြည် စီးပွားရေး ပြန်လည် နာလန်ထူ လာစေဖို့နဲ့ အလုပ်အကိုင်တွေ ရရှိနိုင်ဖို့ ဥပဒေပြု အမတ်တွေ အနေနဲ့ မူဝါဒတွေကို ပြင်ဆင်ဖို့ လိုမယ်လို့ အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌ သောမတ်စ် ဒိုနိုဟူး (Thomas Donohue) က အမေရိကန် လုပ်ငန်းရှင်တွေရဲ့ နှစ်စဉ် အစည်းအဝေးပွဲမှာ ပြောသွားခဲ့တာပါ။
“ကံအကြောင်းမလှဘူးလို့ ဆိုရမှာကတော့၊ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း လတွေမှာ စီးပွားရေးဟာ နှေးကွေးနေဦးမယ်လို့ ကျနော်တို့ ယူဆပါတယ်။ နှစ်ဝက်ပိုင်းအထိ ဖွံ့ဖြိုးမှုနှုန်းက ပျမ်းမျှ ၂.၅% ဒါမှမဟုတ်လည်း ဒီပမာဏအောက်မှာ ရှိမယ်လို့ ကျနော်တို့က မျှော်လင့်ထားပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရရဲ့ ဆောင်ရွက်ချက်အပေါ် မူတည်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ၃% လောက်အထိ တက်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။”
သမ္မတ အိုဘားမား အစိုးရအတွက် စီးပွားရေးအရ သာမက နိုင်ငံရေး စိမ်ခေါ်မှုအဖြစ်နဲ့ပဲ ကြုံနေရတာ တခုကတော့ ကနေဒါနိုင်ငံကနေ ဧရာမ ရေနံပိုက်လိုင်းတခု သွယ်တန်း ဖောက်လုပ်ရေးနဲ့ ပြည်တွင်းမှာရှိတဲ့ လောင်စာ အရင်းအမြစ်တွေကို ထုတ်လုပ်သုံးစွဲသွားဖို့ တိုက်တွန်းနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စွမ်းအင် ဖူလုံရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ သန့်စင်မယ့် ရေနံစိမ်း စည်ပေပါပေါင်း နေ့စဉ် ၇ သိန်း တင်ပို့နိုင်မယ့် Keystone XL ပိုက်လိုင်း ဖောက်လုပ်ရေး စီမံကိန်းကို အတည်ပြုပေးဖို့ အလုပ်သမား သမဂ္ဂတွေနဲ့ ဥပဒေပြု အမတ်တချို့က သမ္မတအပေါ် ၀ိုင်းဝန်း ဖိအားပေးနေကြတာပါ။ ဒါပေမဲ့လည်း ဒေါ်လာသန်းပေါင်း ၇ ထောင် ကုန်ကျမယ့် ဒီစီမံကိန်းကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံရမယ်ဆိုပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ ကန့်ကွက်မှုတွေနဲ့အတူ သမ္မတ အိုဘားမား ကတော့ ဆုံးဖြတ်ချက်အတွက် အချိန်ယူဖို့၊ အထူးသဖြင့် ဒီနှစ်ထဲ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲတွေ ပြီးတဲ့အချိန်အထိ ဆိုင်းထားဖို့ လိုလားနေတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။