သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားလုပ်ငန်း တိုးမြှင့်မယ့် အမေရိကန်


ခရီးသွားလုပ်ငန်း တိုးမြှင့်မယ့် အမေရိကန်
ခရီးသွားလုပ်ငန်း တိုးမြှင့်မယ့် အမေရိကန်

အမေရိကန် သမ္မတ အိုဘားမား က ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးအောင် လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး အားကောင်းလာစေဖို့ တဖက်တလမ်းက အထောက်အကူ ဖြစ်စေမယ့် ခရီးသွား လုပ်ငန်းကို အားကောင်းအောင် ပြုပြင်ပြောင်းလဲသွားမယ့် အစီအစဉ်တွေကို သမ္မတက ကြေညာလိုက်ပါတယ်။ ခရီးသွားတွေ စိတ်ဝင်စားမယ့် နေရာအများအပြားရှိတဲ့ အမေရိကန်ကို အလည်အပတ် လာချင်သူတွေအတွက် ပိုပြီး လမ်းဖွင့်ပေးသွားမယ်လို့ ကတိပေးလိုက်တာပါ။ ခရီးသွားလုပ်ငန်း မြှင့်တင်ပြီး အမေရိကန် စီးပွားရေး အားကောင်းလာအောင် အစိုးရက ဘယ်လောက်အထိ မျှော်လင့်ထားသလဲ ဆိုတာတွေကိုတော့ ဗွီအိုအေ သတင်းထောက် Kent Klein ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အားကောင်းလာအောင် လုပ်ဆောင်သွားမယ့်အကြောင်း သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) က ပြည်တွင်းပြည်ပ ခရီးသွားတွေကြား ရေပမ်းစားလှတဲ့ ကမ္ဘာကျော် Disney World ကနေ ပြောလိုက်ပါတယ်။ တိုင်းပြည် စီးပွားရေးမှာ အဓိက ဝင်ငွေရပေါက်ရလမ်း တခုဖြစ်တဲ့ ခရီးသွား လုပ်ငန်းကို တိုးမြှင့်ရင်း အမေရိကန် ပြည်ထောင်စုကို ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်ကြတဲ့ တိုင်းပြည်တွေထဲ ရှေ့တန်း ရောက်စေချင်တယ်လို့လည်း သမ္မတက ပြောသွားတာပါ။
“အမေရိကားကို ကျနော့်အနေနဲ့ ကမ္ဘာပေါ်မှာ အလည်အပတ် ခရီးသွားစရာ ထိပ်ဆုံးနေရာမှာ ရှိစေချင်ပါတယ်။ ကမ္ဘာပေါ်မှာ ထိပ်ဆုံးနေရာပါ။”

တိုင်းပြည် ဝင်ငွေရရုံ သာမက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့် ခရီးသွားလုပ်ငန်း တိုးတက်လာစေဖို့ အမေရိကန် ပြည်ထောင်စုက ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ နေရာတွေကိုလည်း ခရီးသွားတွေ ပိုသိလာအောင် စီစဉ်မယ်လို့ သမ္မတ အိုဘားမား ကပြောပါတယ်။ အမေရိကန်မှာ ထူးထူးခြားခြား စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ၊ သဘာ၀ အလှတွေ၊ ထင်ရှားတဲ့ ဗိသုကာ လက်ရာနဲ့ အဆောက်အဦးတွေ ရှိနေတာမို့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အတွက် ရေခံမြေခံကောင်းတွေ ရှိနှင့်ပြီးသားလို့လည်း ပြောလိုက်တာပါ။
“ကျနော်တို့မှာ အကောင်းဆုံး ရောင်းကုန်တွေ ရှိပါတယ်။ အခုဘယ်မှာ ရောက်နေသလဲ ဆိုတာပဲကြည့်ပါ။ ကျနော်တို့မှာ ကမ္ဘာပေါ်က အကောင်းဆုံး ဖျော်ဖြေရေး လုပ်ငန်းတွေ ရှိပါတယ်။ Rocky တောင်တန်းတွေကနေ Grand Canyon အဆုံး Yellowstone ကနေ Yosemite အဆုံး အံ့မခန်းလောက်တဲ့ သဘာဝအလှတွေ ရှိတဲ့ တိုင်းပြည်ပါ။ ကြီးမားတဲ့ ကိစ္စတွေကို ဆောင်ရွက်နေတဲ့ တိုင်းပြည်တခုလည်း ဖြစ်ပါတယ်။ ဒီလိုပဲ Golden Gate တံတား၊ Empire State အဆောက်အဦး၊ Hoover ဆည်၊ Gateway မုခ်ဦး တို့လို ထင်ရှားတဲ့ အထိမ်းအမှတ် လက်ရာတွေလည်း ရှိပါတယ်။”

တကယ်တော့ ခရီးသွား လုပ်ငန်းဟာ အမေရိကန် စီးပွားရေးဖွံ့ဖြိုးမှု ပမာဏရဲ့ ၂.၇% အထိ ရှိနေတဲ့ ဧရာမ လုပ်ငန်းကြီးတခု ဖြစ်ပါတယ်။ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာတုန်းကဆိုရင် အမေရိကန်ကို လူပေါင်း သန်း ၆၀ လာရောက် လည်ပတ်ခဲ့ကြပြီး ဒေါ်လာသန်းပေါင်း ၁၃၄,၀၀၀ အထိ သုံးစွဲခဲ့တဲ့အကြောင်း ဖော်ပြထားတာပါ။ ဒါပေမဲ့လည်း ၂၀၀၁ ခုနှစ်တုန်းက နယူးယောက်နဲ့ ဝါရှင်တန်တို့မှာ အကြမ်းဖက် တိုက်ခိုက် ခံရပြီး နောက်မှာတော့ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်လာတာနဲ့အတူ ခရီးသွားတွေ အမေရိကန်ကို ဝင်ရောက်ဖို့ ပိုမိုခက်ခဲ လာတာတွေ၊ ကြန့်ကြာတာတွေနဲ့ ကြုံလာကြရတာလည်း ဖြစ်ပါတယ်။ ဒီအတွက် ခရီးသွားတွေ တဖြည်းဖြည်း အလာနည်းလာတဲ့အတွက်၊ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း ဆယ်နှစ်တာ ကာလမှာ ကမ္ဘာတဝှမ်း ခရီးသွားလုပ်ငန်း ဈေးကွက်ထဲမှာ အမေရိကန်က ၃၀% အထိ လက်လွတ် ဆုံးရှုံးခဲ့ရကြောင်းလည်း သမ္မတ အိမ်ဖြူတော်က ပြောထားတာပါ။

ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) ရဲ့ အမှုဆောင် အရာရှိချုပ် မာတင် ခရိဂ် (Martin Craigs) ကတော့ ဒီလိုဆုံးရှုံးမှုတွေကို ဟန့်တားနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်မှ ဖြစ်မယ်လို့ ပြောပါတယ်။
“ပြောရမယ် ဆိုရင်တော့ဗျာ၊ အမေရိကားကို ရိုးရိုးသားသား သွားပြီး စုဆောင်းထားတဲ့ ပိုက်ဆံတွေကို သုံးကြမယ့် သူတွေအပေါ် ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ပြုမူဆက်ဆံ ခံရသလဲ ဆိုတာတွေကို တဆင့်စကား ပြောကြတဲ့ ဇာတ်လမ်းပေါင်း သန်းချီရှိပါတယ်။ တကယ်ဆိုရင် အမေရိကန် တဝှမ်းက ခရီးသွားလုပ်ငန်းမှာ အလုပ်အကိုင်တွေ အများအပြား ဖန်တီးနိုင်မယ့် ကိစ္စပါ။ အချိန်အတော်ကြာ ကျင့်သုံးလာတဲ့ ပြည်ဝင်ခွင့်ဗီဇာ စိစစ်တဲ့ လုပ်ငန်းမှာ တိုးတက်အောင် မလုပ်နိုင်ဘူး ဆိုရင်တော့ အခြေအနေတွေဟာ ရှုပ်ထွေးပြီး စိတ်ပျက်စရာသာ ဖြစ်ပါလိမ့်မယ်။”

သမ္မတရဲ့ ခရီးသွားလုပ်ငန်း မြှင့်တယ်ရေး အစီအစဉ်မှာတော့ ဒီလို ပြဿနာတွေကို ကျော်လွှားသွားနိုင်ဖို့ ရည်ရွယ်ထားတာပါ။ အမေရိကန်ရဲ့ လုံခြုံရေးအတွက် ဆက်လက် ကာကွယ်သွားမှာ ဖြစ်ပေမဲ့၊ တချိန်တည်းမှာ ခရီးသွားတွေ ဗျူရိုကရေစီ စနစ်ကြောင့် စိတ်ပျက်စရာ မဖြစ်ရအောင် စီစဉ်သွားမယ်၊ အမေရိကန်ကို လည်ပတ်ချင်သူတွေ အလွယ်တကူ လာရောက်နိုင်အောင် ဆောင်ရွက်မယ်လို့လည်း ကတိပေးပါတယ်။ အထူးသဖြင့်ကတော့ လူလတ်တန်းစားတွေ တိုးပွားလာနေတဲ့ တိုင်းပြည်က လူတွေကို အရင်ကထက် ပိုပြီး လက်ခံသွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။

ခရီးသွားလုပ်ငန်း အသိုင်းအဝန်းကတော့ ဝင်ငွေတိုးလာတဲ့ လူလတ်တန်းစားတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ကြီးထွားလာနေတဲ့ တိုင်းပြည်တွေက ကမ္ဘာလှည့် ခရီးသွား အရေအတွက်ဟာ မကြာခင် နှစ်တွေအတွင်း ပိုတိုးလာမယ်လို့ တွက်ဆထားကြပါတယ်။ ဒီအထဲမှာ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာတုန်းက အမေရိကန် စီးပွားရေးမှာ ဒေါ်လာသန်းပေါင်း ၁၅,၀၀၀ ရရှိစေပြီး အလုပ်အကိုင်ပေါင်း ထောင်ချီ ဖန်တီးပေးခဲ့တဲ့ ဘရာဇီးလ်၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေ ပါဝင်လိမ့်မယ်လို့လည်း မျှော်လင့်နေကြတာပါ။ ဒါဟာလည်း ၂၀၁၀ ပြည့်နှစ်ကနဲ့ ယှဉ်ရင် ၂၀၁၆ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသွား ပမာဏဟာ ဘရာဇီးလ်က ၂၇၄% တရုတ်နိုင်ငံက ၁၃၅% နဲ့ အိန္ဒိယနိုင်ငံ ကတော့ ၅၀% အထိ ကြီးထွားလာမယ်လို့ ခန့်မှန်းထားကြတဲ့အတွက် ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီတိုင်းပြည်တွေကို ပစ်မှတ်ထားပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်တွေ လုပ်ရလိမ့်မယ်လို့ ခရီးသွားလုပ်ငန်းက ဝင်ငွေ အများအပြားရနေတဲ့ အမေရိကန် ပြည်ထောင်စု အရှေ့ဖက်ခြမ်း ဖလော်ရီဒါ ပြည်နယ်မှာ ဇန်နဝါရီ လလည်တုန်းက ရောက်ရှိနေစဉ်မှာပဲ သမ္မတ အိုဘားမား ကပြောဆိုလိုက်တာပါ။
“စီးပွားရေး မြန်မြန်ဆန်ဆန် တိုးတက်နေတဲ့ တိုင်းပြည်တွေ၊ လူဦးရေများပြီး လူလတ်တန်းစားတွေ ကြီးထွားလာနေတဲ့ တိုင်းပြည်တွေ၊ တရုတ်နဲ့ အိန္ဒိယတို့လို တိုင်းပြည်မျိုးတွေပါ။ အထူးသဖြင့် ဖလော်ရီဒါအတွက် အရေးကြီးတာကတော့ အခုဒီနေရာကို လာချင်သူတွေ အများအပြား ရှိနေတဲ့ ဘရာဇီးလ်ပဲ ဖြစ်ပါတယ်။”

တရုတ်နဲ့ ဘရာဇီး နိုင်ငံသားတွေ အတွက် အလည်အပတ် ပြည်ဝင်ခွင့် ဗီဇာတွေကိုလည်း ဒီနှစ်ထဲမှာ ၄၀% နှုန်းထက်မနည်း တိုးပြီး ထုတ်ပေးသွားဖို့ သမ္မတက ညွှန်ကြားလိုက်တာပါ။ ကမ္ဘာတဝန်းက အမေရိကန်ကို အလည်အပတ်လာဖို့ တင်ထားတဲ့ ဗီဇာ လျှောက်လွှာတွေရဲ့ ၈၀% ကိုလည်း သီတင်း ၃ ပတ်အတွင်း လူတွေ့မေးမြန်းမှုတွေ လုပ်ဖို့နဲ့ အန္တာရာယ် သိပ်မရှိနိုင်တဲ့ လူတွေဆိုရင် ဗီဇာလျှောက်ထားစရာ မလိုပဲ ခွင့်ပြုမယ့်အထိ လျှော့ပေါ့ သွားဖို့လည်း စီစဉ်နေပါတယ်။

လတ်တလော အမေရိကန်ကို အလည်အပတ်အတွက် ဗီဇာ လျှောက်ထားစရာ မလိုတဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံ ရှိနေရာကနေ နောက်ထပ် တိုးပြီး ခွင့်ပြုသွားမယ်လို့လည်း သမ္မတက ပြောခဲ့တာပါ။ ဒီလို အစီအစဉ်တွေနဲ့ ကမ္ဘာလှည့်လုပ်ငန်းကို ချဲ့ထွင် သွားနိုင်မယ် ဆိုရင်တော့ ခရီးသွား ကဏ္ဍကနေ အမေရိကန်မှာ အလုပ်အကိုင်ပေါင်း ၁ သန်း ၂ သိန်းလောက်အထိ ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း အစိုးရက မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း အသိုင်းအဝန်းကတော့ ကမ္ဘာပေါ်က ခရီးသွား လုပ်ငန်း ဈေးကွက်ထဲမှာ အမေရိကန်က ပိုမို နေရာယူလာနိုင်မယ်ဆိုရင်တော့ လာမယ့် ၁၀ နှစ် အတွင်း အမေရိကန် ပြည်ထောင်စုမှာ နောက်ထပ် အလုပ်အကိုင်ပေါင်း ၁ သန်းလောက် ရနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG