နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကျွမ်းကျင်သူတွေ တက်ရောက်ကြတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ အတွင်း အနာဂတ်မှာ တိုးတက် ဖွံ့ဖြိုးမှုတွေအတွက် ဆွေးနွေးကြရာမှာ မြန်မာနိုင်ငံမှာ အားတက်စရာ အခြေအနေတွေကိုလည်း ပြောသွားကြပါတယ်။ အထူးသဖြင့် တိုင်းပြည်မှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မျှော်လင့်ချက်တွေ ထွက်ပေါ်လာနေပြီလို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ သာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေသူ တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောဆိုလိုက်တာပါ။ ဆွစ်ဇာလန်နိုင်ငံ အပမ်းဖြေစခန်း ဒါဗို့စ်က ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲအတွင်း မြန်မာနိုင်ငံ အကြောင်း ဘာတွေပြောခဲ့ကြသလဲ ဆိုတာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရအောင် ရှေ့မှာ ဘယ်လို ဆောင်ရွက်သင့်သလဲ ဆိုတာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ပညာရှင်တွေကအစ၊ လုပ်ငန်းရှင်တွေနဲ့ လူမှုအသိုင်းအ၀န်းက ပုဂ္ဂိုလ်တွေပါ၊ ပါဝင်ဆွေးနွေးကြတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ ဒီနှစ်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထူးထူးခြားခြား အားတက် စကားသံတွေ ကြားရပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကဆိုရင်လည်း တိုင်းပြည်မှာ ကြုံနေရတဲ့ စိမ်ခေါ်မှုတွေအဖြစ် ပြီးခဲ့တဲ့နှစ်မှာ ရည်ညွှန်း ပြောဆိုခဲ့တာတွေထဲက တချို့ကို အခုအခါ ကျော်လွှားနိုင်တာတွေ ရှိနေပြီလို့ နှီးနှောဖလှယ်ပွဲကို ဗွီဒီယိုနဲ့ သတင်းစကားပါးရာမှာ ပြောဆိုလိုက်တဲ့ အထိပါ။
ဇန်န၀ါရီလ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပတဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကိုတော့ ပုံစံသစ်တွေကို ပုံသွင်းပေးနေတဲ့ ကြီးမားလှတဲ့ အပြောင်းအလဲ ကာလအဖြစ် ဒီနှစ်မှာ ခေါင်းစဉ်ပေးထားတဲ့အတိုင်း တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံမှာလည်း ကြီးကြီးမားမား အပြောင်းအလဲတွေ ထွက်ပေါ်လာနိုင်မယ့် အလားအလာတွေ ပေါ်ပေါက်နေပြီလို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
“ကြီးမားလှတဲ့ အပြောင်းအလဲတခု ဖြစ်လာနိုင်ချေကို ကျမတို့ တွေ့နေရပါပြီ။ စစ်မှန်တဲ့ တော်လှန်ပြောင်းလဲမှုတွေနဲ့ ပိုပြီးနီးစပ်မှု ရှိလာစေဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ် အဖြစ်နဲ့ကတော့ တိုင်းပြည်ရဲ့ ရွေးကောက်ပွဲနဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်နိုင်ရေးပဲ ဖြစ်ပါတယ်။”
ဒီလို အလားအလာတွေနဲ့အတူ စီးပွားရေး အခွင့်အလန်းတွေလည်း ပေါ်ပေါက်လာနိုင်ချေတွေ အပေါ်မှာတော့ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေ အားတက်သရော ဖြစ်နေကြတာပါ။ ဒီလိုပဲ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့လို အဖွဲ့အစည်းတွေကလည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဖွံ့ဖြိုးလာမယ့် အလားအလာတွေအပေါ် ကျေနပ်မှုရှိတဲ့ သဘောထားတွေကို ထုတ်ဖော် ပြောဆိုလာကြတဲ့အထိ ဖြစ်ပါတယ်။ IMF ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဇန်န၀ါရီလနှောင်းပိုင်း အဆုံးသတ်ချိန်မှာပဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ စီးပွားရေး တိုးတက်မှု လက္ခဏာတွေ တွေ့မြင်လာရသလို၊ ရှေ့မှာလည်း အလားအလာကောင်းတွေ တွေ့နေရပြီလို့ ပြောဆိုလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည် ကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ရှိလာစေဖို့ တရားဥပဒေ စိုးမိုးမှုလို အခြေအနေတွေလည်း ရှိဖို့ လိုဦးမယ်လို့ မြင်ပါတယ်။
“စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာဟာ လတ်တလော မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက တိုက်တွန်း ဆောင်ရွက် ပေးနေကြတဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတွေ အပေါ်မှာတင် မူတည်နေတာ မဟုတ်ပါဘူး။ ဒီလို အစီအမံတွေကို အာမခံနိုင်မယ့် သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ တရားမျှတပြီး ထိရောက်မှုရှိရှိနဲ့ ဆောင်ရွက်နိုင်မယ့် တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတွေက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကျားကန်ပေးသွားဖို့ လိုပါတယ်။”
မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရဲ့ ပြီးခဲ့တဲ့နှစ်ထဲ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရဆိုရင် ပြည်ပကနေ လတ်တလော ရင်းနှီးမြုပ်နှံဖို့ ကတိက၀တ် ပြုထားတဲ့ ပမာဏဟာ ဒေါ်လာသန်းပေါင်း ၂ သောင်းအထိ ရှိနေတာပါ။ အခုအခါ စီးပွားရေး မူဝါဒတွေကို ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံတကာ လုပ်ငန်းရှင်တွေ အနေနဲ့ အရင်းအမြစ် ကြွယ်ဝပြီး လုပ်အားခ ဈေးချိုတဲ့ မြန်မာနိုင်ငံမှာ ပိုမိုဝင်ရောက် လုပ်ကိုင် လာကြလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
မြန်မာနိုင်ငံ စီးပွားရေး အခြေအနေကို သွားရောက် အကဲခတ်ခဲ့တဲ့ IMF ကိုယ်စားလှယ် အဖွဲ့ကတော့ လတ်တလော စွမ်းအင် ကဏ္ဍမှာ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာနေသလို၊ ကျန်တဲ့ကဏ္ဍတွေမှာလည်း ၀င်ရောက်လာအောင် ဆောင်ရွက်သွားဖို့ တိုက်တွန်းထားတာပါ။ ဒီလို လုပ်ဆောင်နိုင်မယ် ဆိုရင်တော့ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာ အကြီးအကျယ် တိုးတက်မှုတွေ ရလာနိုင်မှာဖြစ်သလို၊ အသွေးအရောင်စုံတဲ့ စီးပွားရေး လုပ်ငန်းတွေ အဖြစ်နဲ့လည်း အခွင့်အလန်းသစ်တွေ ပိုတိုးလာနိုင်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်။
ဒါဗို့စ် ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်လာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် စက်မှုဝန်ကြီး ဦးစိုးသိန်း ကတော့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို၊ ရင်းနှီးမြုပ်နှံလိုသူတွေ အတွက် အဆင်ပြေအောင် စီးပွားရေးဆိုင်ရာ မူဝါဒ အများအပြားကို ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ပြောဆိုလိုက်တာပါ။
“ရင်းနှီးမြှုပ်နှံမှုတွေ အတွက်တော့ ကိုယ့်တိုင်းပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံချင်အောင် အခြေအနေမျိုး ဖန်တီးပေးဖို့ အများကြီး လုပ်ဆောင်ထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ပြင်ဆင်တာတွေ ရှိပါတယ်။ ဒါက စီးပွားရေးအပိုင်းအတွက် အထူးအရေးကြီးတဲ့ကိစ္စပါ။”
မြန်မာအစိုးရကတော့ လုပ်ငန်းရှင်တွေကို ဆွဲဆောင်တဲ့ အနေနဲ့ ရင်းနှီးမြုပ်နှံသူတွေကို အရင်က အခွန်ကင်းလွတ်ခွင့် ၃ နှစ် ပေးထားရာကနေ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ၅ နှစ်အထိ တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို အခုအခါ နောက်ထပ် ၈ နှစ်အထိ တိုးမြှင့် သတ်မှတ်ပေးသွားဖို့ ရည်ရွယ်ထားသလို၊ တိုင်းပြည်အတွက် အကျိုးရှိရင် ရှိသလို၊ အထူးအခွင့်အရေးတွေကို ဆက်ပေးသွားဦး မှာ ဖြစ်တယ်လို့လည်း ဆွစ်ဇာလန် နိုင်ငံက ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်လာသူ မြန်မာအစိုးရ ကိုယ်စားလှယ် နောက်တဦးဖြစ်တဲ့ မီးရထား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းလွင် ကလည်း နိုင်ငံခြား သတင်းထောက်တွေကို ပြောလိုက်တာပါ။
ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ဦးဆောင်နေသူ တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရင်းနှီးမြုပ်နှံမှုတွေဟာ တိုင်းပြည်အတွက် ရေရှည်ခံပြီး ခိုင်မာတဲ့ ပုံစံမျိုး ဖြစ်ဖို့လည်း လိုမယ်လို့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကို ပေးပို့တဲ့ အမှာစကားမှာ သတိပေးထားတာပါ။
“ကျမတို့ အနေနဲ့ကတော့ ကျင့်ဝတ်နဲ့ညီပြီး ဆန်းသစ်တဲ့ ရင်းနှီးမြုပ်နှံမှု အသစ်တွေ တိုင်းပြည်ကို ၀င်လာနိုင်မယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး ၀န်းကျင်တရပ်ကို ဖန်တီးချင်ပါတယ်။ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ အနာဂတ်အပြင်၊ လူမှုအသိုင်းအ၀န်း သဘာဝ ပတ်ဝန်းကျင်အတွက် ပူပမ်ရမယ့် ကိစ္စတွေကိုပါ တဖက်ကကြည့်ပြီး အစားအစာ၊ သောက်ရေနဲ့ စွမ်းအင် လိုအပ်ချက်တွေအတွက် ရေရှည်တည်တံ့မယ့် စီးပွားရေး ပုံစံသစ် တခုကိုလည်း ကျမတို့ ပုံကြမ်းတခု ဆွဲချင်ပါသေးတယ်။”
ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကို အမှာစကာ ပေးပို့ရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေကနေ ကမ္ဘာကြီးကို ပုံဖော်ရာမှာ နည်းလမ်းကောင်းတွေ ရှာဖွေရေး ရည်မှန်းပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တခုအဖြစ် ၁၉၇၁ ခုနှစ်မှာ ဥရောပ စီမံခန့်ခွဲမှု နှီးနှောဖလှယ်ရေး အဖွဲ့အဖြစ် စတင်ထူထောင် လာရာက ၁၉၈၇ ခုနှစ်မှာ နိုင်ငံတကာ အဆင့်အထိ ကျယ်ပြန့်လာစေဖို့အတွက် ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ရေး အဖွဲ့အဖြစ် ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အခြေစိုက်ထားတာပါ။ နှစ်စဉ် ကျင်းပတဲ့ ဆွေးနွေးပွဲတွေကိုလည်း ကမ္ဘာတ၀ှမ်းက နိုင်ငံခေါင်းဆောင်တွေ၊ ထိပ်တန်း လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ သာမက၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ လူငယ်တွေလို အလွှာအသီးသီးက သူတွေပါ၊ ပါဝင် ဆွေးနွေးလေ့ ရှိကြပါတယ်။
မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှ ဒေသအတွက် နှီးနှောဖလှယ်ပွဲ တခုကိုလည်း ရှေ့လာမယ့် မေလကုန်ကျရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပသွားဖို့ ရှိနေတာပါ။ ဒီနှီးနှောဖလှယ်ပွဲမှာတော့ ကမ္ဘာ့စီးပွားရေးမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ အခမ်းကဏ္ဍ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ မူဝါဒတွေနဲ့ လူဦးရေ အရွယ်အစားနဲ့ နည်းပညာ အခြေခံ ကွာဟချက်တွေ ရှိနေတဲ့ ဒေသအဖြစ် စီးပွားရေး အစီအမံတွေကို ရှေ့လျှောက် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာတွေကို ဆွေးနွေးသွားကြမှာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။