သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမတ်တွေအတွက် စီးပွားရေး ဥပဒေသစ်


အမေရိကန် အမတ်တွေအတွက် စီးပွားရေး ဥပဒေသစ်

နိုင်ငံရေး အရှိန်အ၀ါနဲ့ စီးပွားရေး အခွင့်ထူးခံ မဖြစ်စေဖို့ ဥပဒေမူကြမ်း တရပ်ကို အမေရိကန် လွှတ်တော်မှာ တင်သွင်းထားပါတယ်။

အမေရိကန် နိုင်ငံရေး သမားတွေ၊ အစိုးရ အရာရှိတွေ အနေနဲ့ အများပြည်သူ မသိနိုင်တဲ့ သတင်း အချက်အလက်တွေပေါ် မူတည်ပြီး အစုရှယ်ယာ ရောင်းဝယ်တာတွေကို တားမြစ်မယ့် ဥပဒေတရပ်ကို ပြဋ္ဌာန်းသွားနိုင်ဖို့ လွှတ်တော်တွင်း ဆွေးနွေး နေကြပါတယ်။ နိုင်ငံရေး အရှိန်အ၀ါနဲ့ စီးပွားရေး အခွင့်ထူးခံ မဖြစ်ရလေအောင် စီစဉ်နေတဲ့ ဥပဒေ၊ အတည်ဖြစ်လာမယ်ဆိုရင် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မှာပါလဲ? ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Michael Bowman လွှတ်တော်က ပေးပို့တဲ့ သတင်းဆောင်းပါးနဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

လူအများသိအောင် မထုတ်ပြန်ရသေးတဲ့ သတင်းတွေကို အခြေခံပြီး အမေရိကန် ဥပဒေပြုအမတ်တွေ၊ ထိပ်တန်း အစိုးရ အရာရှိကြီးတွေနဲ့ လက်ထောက်တွေ စတော့ခ် ရှယ်ယာတွေမှာ ရင်းနှီးမြုပ်နှံ ရောင်းဝယ်တာတွေကို တားမြစ်မယ့် ဥပဒေ မူကြမ်းတရပ်ကို လွှတ်တော်တွင်း တင်သွင်းထားတာ ဖြစ်ပါတယ်။ လွှတ်တော် အမတ်တွေဟာ အခွင့်ထူးခံ လူတန်းစားတွေလို့ အမေရိကန် လူထုကြား အမြင်မကောင်း ဖြစ်နေချိန်မှာ အခုလို ဥပဒေမူကြမ်း တရပ်ကို တင်သွင်းလာတာလည်း ဖြစ်ပါတယ်။
“ဒီလူတွေဟာ အထက်တန်းလွှာ တရပ်လို ဖန်တီးနေထိုင် နေကြတယ်လို့ ကျမကတော့ ခံစားမိပါတယ်၊ ကျမတို့လို လူများစုရဲ့ ဘ၀တွေ ဘယ်လို နေသလဲ ဆိုတာတွေကို မသိကြပဲ ကင်းကွာနေကြပါပြီ။”

Insider Trading အတွင်းလူတွေရဲ့ ရောင်းဝယ် ဖောက်ကားမှု အဖြစ် အမည်ပေးထားတဲ့ လုပ်ရပ်တွေကို တားမြစ်မယ့် ဥပဒေကိုတော့ အထက်လွှတ်တော်က ဖေဖော်ဝါရီလ ၂ ရက်နေ့ကပဲ ထောက်ခံမဲ ၉၆ မဲ ကန့်ကွက်မဲ ၃ မဲနဲ့ တခဲနက် အတည်ပြု လိုက်ပါတယ်။ ဥပဒေ မူကြမ်းမှာတော့ အတွင်းသတင်းတွေအပေါ် အခြေခံပြီး ဥပဒေပြု အမတ်တွေ ရှယ်ယာ အရောင်းအ၀ယ် လုပ်တဲ့အခါ ရာဇ၀တ်ကြောင်းနဲ့ အရေးယူဖို့ ပြဋ္ဌာန်းထားတာပါ။ နိုင်ငံရေး သမားတွေ အနေနဲ့ အများပြည်သူ သိအောင် ထုတ်ပြန် မထားတဲ့ သတင်းတွေကိုလည်း စီးပွားရေး လုပ်ငန်းတွေနဲ့ တခြားပြင်ပကို မပေါက်ကြားဖို့၊ ဥပဒေပြု အမတ်တွေနဲ့ တွေ့ဆုံကြတဲ့ ကုမ္ပဏီတွေ၊ အတိုင်ပင်ခံ လုပ်ငန်းတွေက လူပုဂ္ဂိုလ်တွေ အနေနဲ့ သတင်းအချက်အလက် ရယူဖို့ ကြိုးပမ်းတယ်လို့ သံသယ ရှိရင်လည်း စုံစမ်းစစ်ဆေးဖို့ ထည့်သွင်းထားပါတယ်။

ဒီလိုပဲ လွှတ်တော် ကိုယ်စားလှယ်တွေ သာမက လက်ထောက်တွေပါ ဒေါ်လာ ၁,၀၀၀ အထက် တန်ဘိုးရှိတဲ့ စတော့ခ် အရောင်းအ၀ယ်တွေ လုပ်တဲ့အခါ အရင်လို တနှစ်တကြိမ် မဟုတ်ပဲ လစဉ် အကြောင်းကြား ကြရမှာပါ။ ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ပါဝင်မှာ ဖြစ်ပေမဲ့လည်း လူထုထောက်ခံမှု အဆင့်အတန်း စံချိန်ချိုးလောက်အောင် ကျဆင်းနေတာကို အဖတ်ဆည်နိုင်ဖို့ လိုလားနေကြတာမို့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ စကော့တ် ဘရောင်း (Scott Brown) တို့လို အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေပါ ဒီဥပဒေကို ထောက်ခံနေကြတာ ဖြစ်ပါတယ်။
“ကျနော်တို့ တိုင်းပြည် စီးပွားရေးက ရုန်းကန်နေရဆဲရှိပြီး အမေရိကန် မိသားစု အများစုဟာလည်း စီးပွားရေးအတွက် ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေရချိန်မျိုးမှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၀န်ထမ်းတွေကတော့ အတွင်းသတင်းတွေကနေ အိတ်ကပ်ထဲ ငွေဝင်အောင် တန်းစီနေတာမျိုးက မဖြစ်သင့်ပါဘူး။”

တကယ်တော့ အတွင်းသတင်းတွေအပေါ် အခြေခံပြီး စီးပွားရေး အကျိုးအမြတ် ရယူတာတွေကို တားမြစ်ဖို့ အတွက် ပြောနေတာဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်သလို၊ လက်ရှိ လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေမူကြမ်း ဟာလည်း လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ပြောနေကြတာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတွင်း အမေရိကန် ရုပ်မြင်သံကြားဌာန တခုဖြစ်တဲ့ CBS ရဲ့ မိနစ် ၆၀ အစီအစဉ်မှာ ကျယ်ကျယ်လောင်လောင် ဆွေးနွေးလာရာက ဒီကိစ္စကို ပိုပြီး အာရုံစိုက် လာတာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အဓိက ရည်ညွှန်းပြောဆိုခဲ့တဲ့ လေ့လာချက်တခုကိုတော့ အခုအခါ အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် တက္ကသိုလ်မှာ စီးပွားရေး ပညာရှင်အဖြစ် အမှုထမ်းနေတဲ့ Alan Ziobrowski က ပြုစုခဲ့တာပါ။

၁၉၉၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း စတော့ခ်ရှယ်ယာ မှတ်တမ်းတွေအပေါ် အခြေခံ လေ့လာရာမှာ အထက်လွှတ်တော်က ၁၂% အောက်လွှတ်တော်က ၆% အထိ ဈေးကွက်ထဲမှာ အရောင်းအ၀ယ် လုပ်ခဲ့တာကို လေ့လာချက်က ဖော်ပြပါတယ်။ the Washington Post သတင်းစာကလည်း အထက်လွှတ်တော် အမတ် ၃ ပုံ ၁ ပုံ နဲ့ အောက်လွှတ်တော် ကိုယ်စားလှယ် ထက်ဝက်လောက်ဟာ လတ်တလော စတော့ခ်ရှယ်ယာ ဈေးကွက်တွေမှာ ရောင်းဝယ်ဖောက်ကား နေတုန်းပဲလို့ ရေးခဲ့တာပါ။

ဒါပေမဲ့လည်း ဘဏ္ဍာငွေကြေး ဈေးကွက်တွေရဲ့ ရှုပ်ထွေးတဲ့ သဘာဝအရ ဥပဒေပြု အမတ်တွေ အနေနဲ့ အများပြည်သူ မသိတဲ့ သတင်းတွေအပေါ် အခြေခံပြီး အရောင်းအ၀ယ် လုပ်နေတာလား ဆိုတာ အတိအကျ ပြောနိုင်ဖို့ မလွယ်လှတာကိုလည်း ဆန်းစစ်သူတွေ ၀န်ခံကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ်တွေဟာ သာမန်လူထု မသိသေးတဲ့ အချက်အလက် အမြောက်အများကို သိခွင့်ရှိကြသူတွေ၊ ဒီလို သတင်းတွေထဲမှာ ဘဏ္ဍာငွေကြေး ဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိနိုင်တဲ့ အကြောင်းအရာတွေ ပါဝင်လေ့ ရှိတာတော့ သေချာတယ်လို့လည်း ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဂျွန် တက်စ်တာ (Jon Tester) က အသိအမှတ်ပြု ပြောလိုက်တာပါ။
“ဘယ်လို ဥပဒေမူကြမ်းတွေ၊ အကြောင်းအရာတွေကို စဉ်းစားမလဲ ဆိုတာမျိုးကို လွှတ်တော်ထဲက လူတွေအနေနဲ့ ကြိုပြီး သိနိုင်တယ် ဆိုတာကတော့ ရှင်းပါတယ်။ ဒီမူကြမ်းတွေက အခြေခံ ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် ဘယ်လို အကျိုးဆက်တွေ ရှိလာစေမလဲ ဆိုတာကိုလည်း ဒီလူတွေ သိပါတယ်။ မကြာခနဆိုသလို၊ ကျနော်တို့ အတည်ပြုလိုက်တဲ့ ဥပဒေတွေကြောင့် ကုမ္ပဏီတခုအတွက် စတော့ခ် ရှယ်ယာ ဈေးကွက်အပေါ် သိသိသာသာ ရိုက်ခတ်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။”

လူတွေကြားမှာ ပိုပြီး မကျေနပ်စရာ ဖြစ်ရတာကတော့ သာမာန် အမေရိကန် နိုင်ငံသားတွေ စီးပွားရေး အကျပ်အတည်း ကြုံနေရချိန် လွှတ်တော်အမတ်တွေရဲ့ ကိုယ်ပိုင် စီးပွားရေးမှာတော့ တနေ့တခြား ကြီးထွားနေတာပဲ ဖြစ်ပါတယ်။ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထက်ဝက်လောက်ဟာ သန်းကြွယ်သူဋ္ဌေးတွေပါ။ အောက်လွှတ်တော် သဘာပတိ ဂျွန် ဘေနာ (John Boehner) နဲ့ ဒီမိုကရက် ပါတီက သဘာပတိဟောင်း နန်စီ ပလိုစီ (Nancy Pelosi) တို့ရဲ့ စတော့ခ်ရှယ်ယာ အရောင်းအ၀ယ်တွေ အပေါ် သတင်းမီဒီယာတွေက စောင့်ကြည့် စုံစမ်းမှုတွေ ရှိခဲ့ပေမဲ့လည်း အမေရိကန် ဗဟိုအစိုးရရဲ့ ငွေစုစာချုပ် လုပ်ငန်းတွေနဲ့ လုပ်ထုံး လုပ်နည်းတွေကို ကြီးကြပ်ရတဲ့ Securities and Exchange ကော်မရှင် (SEC) ကတော့ ထိပ်တန်း လွှတ်တော် အမတ် ၂ ဦးရဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ လက်ရှောင်ခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှု လုပ်ငန်းဆိုင်ရာ မန်နေဂျာတဦးလည်းဖြစ် ဘဏ္ဍာရေး လုပ်ငန်းတွေအကြောင်း ရေးသားပြုစုသူ တဦးလည်းဖြစ်တဲ့ မိုက်ယ် ဖား (Michael Farr) ကတော့ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ခွင့်တွေ မရှိတော့ဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတဲ့ အမြင်တွေက ဘဏ္ဍာငွေကြေး ဈေးကွက်အပေါ် ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ မြင်ပါတယ်။
“အုပ်စုတစုကနေ တခြားအုပ်စုက အသာစီး ရနေတယ်လို့ သံသယ၀င်ပြီ ဆိုတာနဲ့ ချက်ခြင်းဆိုသလို၊ အာဏာ ချိန်ခွင်လျှာက ပြောင်းသွားပါတယ်။ ဒီလို အပြောင်းအလဲတွေကနေ ဈေးနှုန်းတွေကို ပြောင်းစေသလို၊ ပါဝင်လုပ်ကိုင် သူတွေကိုလည်း လက်ရှောင်သွားအောင် သေချာပေါက် ထိန်းထားတတ်ပါတယ်။ မျှတမှုကသာ ပိုပြီးပါဝင်လိုစိတ်ကို အားပေးတတ်တာပါ။”

သမ္မတ ဘရက်ခ် အိုဘားမား ကတော့ ဥပဒေ ပြဋ္ဌာန်းမယ့် အစီအစဉ်ကို ထောက်ခံကြောင်း နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုထားတာပါ။ အထက်လွှတ်တော်မှာ ဥပဒေမူကြမ်းကို အတည်ပြုလိုက်တဲ့ အပေါ်မှာလည်း သမ္မတက ဒါဟာ အစိုးရနဲ့ လူထုအကြား ယုံကြည်မှု တည်ဆောက်ရာမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်အဖြစ် အားရတဲ့အကြောင်း ပြောသွားပါတယ်။ လွှတ်တော် ၂ ရပ်က အတည်ပြုပြီးတဲ့အခါ ဥပဒေအဖြစ် အမြန်ဆုံး ပြဋ္ဌာန်းနိုင်ဖို့ ချက်ခြင်း လက်မှတ်ထိုး ပေးမယ်လို့လည်း သမ္မတက ပြောထားတာပါ။

ဒါပေမဲ့လည်း ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ အမေရိကန် နိုင်ငံရေး လောကက အခြေအနေကြောင့် အာဏာရ ဒီမိုကရက် ပါတီ အများစုရှိရာ အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို အတိုက်အခံ ရီပတ်ဘလစ်ကန် လူများစုဖြစ်တဲ့ အောက်လွှတ်တော်က ပြင်ဆင်ချက်တွေ လုပ်ကောင်း လုပ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေတရပ် အဖြစ်နဲ့ အတည်ပြုနိုင်အောင်တော့ စေ့စပ်ညှိနှိုင်း သွားနိုင်မယ့် အလားအလာတွေလည်း ရှိနေတယ်လို့ ဆန်းစစ်သူတွေ ယုံကြည်ထားကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG