သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဘဏ္ဍာရေးလုပ်ငန်းတွေနဲ့ မြန်မာဆက်ဆံရေး


ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံဖို့ ကြေညာလိုက်ပါတယ်။
ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံဖို့ ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ IMF တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုအတွက် ဘာတွေ ကူညီပေးနိုင်မှာပါလဲ?

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးမှာလည်း ပွင့်လင်းစပြုလာတဲ့ အခြေအနေတွေကြောင့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ပြန်လည် အဆက်အဆံ လုပ်လာကြပါတယ်။ အခုနောက်ဆုံးမှာ ဆိုရင်လည်း နှစ်ပေါင်း အစိတ်လောက်ကြာအောင် အဆက်ဖြတ်ထားတဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ စီးပွားရေးအတွက် ကူညီမယ်လို့ ကြေညာလိုက်တာပါ။ ဒီလို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အပါအဝင် ပြည်ပက ပံ့ပိုးမှုတွေက မြန်မာနိုင်ငံ တိုးတက်ရေးမှာ ဘယ်လောက် အထောက်အကူ ဖြစ်နိုင်မလဲ ဆိုတဲ့အပေါ် ကျွမ်းကျင်သူတွေရဲ့ အမြင်တွေနဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီနိုင်ဖို့ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးလာစေဖို့ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံမယ်လို့ နှစ်ပေါင်း ၂၅ နှစ် ကြာ အဆက်အဆံ မလုပ်ပဲနေခဲ့တဲ့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။ ပထမအဆင့် အနေနဲ့ စီးပွားရေးအတွက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ကဏ္ဍက အခြေအနေတွေကို ဆန်းစစ်မယ့် ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ စေလွှတ်မယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောလိုက်တာပါ။ ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ လလယ်ပိုင်း ကြေညာရာမှာတော့ မြန်မာနိုင်ငံမှာ တွေ့မြင်လာရတဲ့ အပြောင်းအလဲတွေအပေါ် အားရကြောင်းနဲ့ မြန်မာလူထု၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေအတွက် အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ ပြန်ပြီး ထိတွေ့ ဆက်ဆံမှုတွေ စတင်မှာ ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌ ပမ်မဲလာ ကော့စ် (Pamela Cox) က ပြောသွားပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ အရပ်သား အစိုးရတရပ်အဖြစ် တက်လာပြီးနောက် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေသူ တဦးဖြစ်တဲ့ စီးပွားရေး ပညာရှင် ဦးဇော်ဦး ကတော့ ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်ဟာ သတင်းကောင်းလို့ မြင်ပါတယ်။
“အဓိကကတော့ ကျနော်တို့ အစိုးရ အသီးသီးမှာတော့ သူ့ရဲ့ ဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေ၊ စီမံကိန်းတွေ ရှိကြတာပေါ့နော်။ ဒါပေမဲ့ အခု World Bank တို့ IMF တို့ သူတို့ အထူးကျွမ်းကျင်တဲ့ ကိစ္စကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ မဟာဗျူဟာကျကျ ဘယ်လိုနည်းဗျူဟာတွေကို အသုံးချပြီး လုပ်မလဲ တဆင့်ပြီးတဆင့် ဘယ်ဟာကို စလုပ်မလဲ ဘယ်ဟာကို နောက်မှ လုပ်မလဲ ဒါတွေကို သူတို့ နိုင်ငံပေါင်း များစွာမှာ လုပ်ခဲ့ပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအတွေ့အကြုံတွေနဲ့ ကျနော်တို့ နိုင်ငံကို လာတဲ့အခါ ကျနော်တို့ဆီမှာရှိတဲ့ အခြေအနေတွေကို တင်ပြပြီးတော့ ဒါနဲ့ပေါင်းစပ်ပြီး အမြန်လုပ်လို့ ရတာပေါ့။”

ကျွမ်းကျင်သူတွေ သွားရောက်တဲ့ အခါမှာလည်း မြန်မာနိုင်ငံက ဘဏ္ဍာရေး အသုံးစားရိတ်နဲ့ ပွင့်လင်းမြင်သာမှုရှိရေး အလေးထားတဲ့ ဆန်းစစ်ချက်တရပ် လုပ်သွားမှာ ဖြစ်သလို၊ လူမှုအခြေပြု အဖွဲ့အစည်းတွေရဲ့ တာဝန်ခံနိုင်မှုတွေကို မြှင့်တင်ဖို့နဲ့ ပွင့်လင်းတဲ့ ဆက်သွယ်မှုတွေ ပေါ်ပေါက်လာစေဖို့ ပူးပေါင်း ဆောင်ရွက်မယ် လို့လည်း ကမ္ဘာ့ဘဏ် အရာရှိက ပြောပါတယ်။

ဒါပေမဲ့လည်း ဒီလို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ရတဲ့တိုင်အောင် စစ်အစိုးရ အဆက်ဆက် တိုင်းပြည်ဘဏ္ဍာ သုံးစွဲမှုတွေကို လူသိရှင်ကြား ထုတ်ပြန်လေ့ မရှိတဲ့ မြန်မာနိုင်ငံ အဖို့ကတော့ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ပြောပါတယ်။
“ကမ္ဘာ့ဘဏ်နဲ့ IMF တို့ အနေနဲ့ အစိုးရတွေ အသုံးစားရိတ် ဖြတ်တောက်ဖို့လို ကိစ္စမျိုးတွေကို မကြာခန ဆိုသလို တိုက်တွန်းလေ့ ရှိပါတယ်။ ဝင်ငွေနဲ့ ဘဏ္ဍာရေး အသုံးစားရိတ် မျှတဖို့လိုမျိုး အကြံပေးတတ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အတွက် အဓိက ပြဿနာ အနေနဲ့ ကြုံရမှာကတော့ ဝင်ငွေဘဏ္ဍာတွေကို ရသုံးမှန်းချေ စာရင်းထဲမှာ စနစ်တကျ ထည့်မထားတဲ့ ကိစ္စပါ။ ဒါကြောင့်လည်း အသုံးစားရိတ် လျှော့ချဖို့လို၊ ကျန်းမာရေးနဲ့ ပညာရေးမှာ တိုးချဲ့သုံးစွဲဖို့လို ကိစ္စမျိုးတွေမှာတောင် အကြံပေးရင် လက်မခံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”

မြန်မာအစိုးရ အနေနဲ့ကတော့ နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံရာက ဘဏ္ဍာရေးအရ အထောက်အပံ့တွေပါ ရလာဖို့ မျှော်လင့်ကောင်း မျှော်လင့်နေမှာ ဖြစ်ပေမဲ့လည်း ကမ္ဘာ့ဘဏ် အရာရှိကတော့ လောလောဆယ်မှာ မြန်မာနိုင်ငံကို ဘဏ္ဍာရေးအရ အကူအညီပေးဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ခပ်ရှင်းရှင်း ပြောထားတာပါ။ ဒါဟာလည်း မြန်မာနိုင်ငံက နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးဖို့ရှိနေတဲ့ ပြည်ပကြွေးမြီတွေ မကျေသေးတာကြောင့်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ပြည်ပကြွေးမြီ အဖြစ်နဲ့ ဒေါ်လာသန်းပေါင်း ၁၁,၀၀၀ ကျော် ရှိနေပေမဲ့ ပြည်ပအရန်ငွေကြေး အဖြစ်နဲ့ကတော့ သန်း ၇,၀၀၀ လောက်ပဲ ရှိမယ်လို့လည်း ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြတာပါ။ ဒါပေမဲ့လည်း ၁၉၈၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ အဆက်အသွယ် ဖြတ်ထားတဲ့ ကမ္ဘာ့ဘဏ်က နည်းပညာ ကျွမ်းကျင်မှု အကူအညီတွေတော့ ပြန်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ စီးပွားရေးပညာရှင် ဦးဇော်ဦး ကတော့ နည်းပညာ အကူအညီ ရမယ်ဆိုရင်ပဲ မြန်မာနိုင်ငံအတွက် အတော့်ကို အထောက်အကူ ဖြစ်နိုင်မယ်လို့ မြင်ပါတယ်။
“အတွေ့အကြုံ ရှိပြီးသား ကမ္ဘာ့ဘဏ်တို့လို အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့လို အဖွဲ့မျိုးတွေရဲ့ အကူအညီနဲ့ သူတို့ရဲ့ ပံ့ပိုးကူညီမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီအချိန်မျိုးမှာ ဒီအဖွဲ့အစည်းမျိုးတွေရဲ့ အကူအညီတွေဟာ အရေးတကြီးလည်း လိုအပ်တယ်လို့ ပြောလို့ရပါတယ်။ အခုလောလောဆယ်မှာကတော့ ငွေရေးကြေးရေး အကူအညီ မပေးခင်မှာ သူတို့အခေါ် နည်းပညာပိုင်းဆိုင်ရာ အကူအညီ Technical assistance ကို ပိုပြီး ဦးစားပေးပြီး လုပ်မှာပါ။ လိုနေတာကလည်း နည်းပညာပိုင်းမှာ ဖြစ်ပါတယ်။”

ကမ္ဘာ့ဘဏ်ကတော့ နည်းပညာ အကူအညီပေးတဲ့ နေရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေးတဲ့ အနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်ဟောင်းတွေ အတွက် အလုပ်အကိုင်နဲ့ လူနေမှုဘဝတွေ ထူထောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ပြောခဲ့တာပါ။ ကမ္ဘာ့ဘဏ်မှာ သြဇာညောင်းတဲ့ အမေရိကန် ပြည်ထောင်စုကတော့ အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တဲ့ အနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကို နည်းပညာပိုင်းအရ ကူညီခွင့်ပြုမယ့်အကြောင်း ဖေဖော်ဝါရီ လဆန်းပိုင်းမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) ကကြေညာခဲ့ပြီးနောက် ဝါရှင်တန် အခြေစိုက် အဖွဲ့ကြီးရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် မတိုင်မီမှာတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့လို အဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို စေလွှတ်ပြီး စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရ အာဏာပိုင်တွေ၊ ကျွမ်းကျင်သူတွေ သာမက တခြား သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေနဲ့ပါ တိုင်ပင ်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း အထီးကျန်အဖြစ် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံက ပွင့်လင်းလာစ အခြေအနေမှာ ထိရောက်တဲ့ မူဝါဒတွေ ချမှတ်နိုင်ရေး အတွက်ကတော့ ကြီးမားတဲ့ စိမ်ခေါ်မှုအဖြစ် ရှိနေလိမ့်ဦးမယ်လို့ မြန်မာ့စီးပွားရေး အခြေအနေကို စောင့်ကြည့် လေ့လာနေတဲ့ ပါမောက္ခ တာနဲလ် ကတော့ သတိပေးပါတယ်။
“မြန်မာနိုင်ငံ အနေနဲ့က လတ်တလောမှာ နည်းနည်းတော့ သတိထားဖို့ လိုပါလိမ့်မယ်။ အခုအချိန်မှာ စိတ်ပျက်စရာ အကြံပေးချက်တွေလည်း တပြုံတခေါင်း ပေးနေကြတာပါ။ လောလောဆယ် အကြီးမားဆုံး ပြဿနာ အနေနဲ့ကတော့ ဒီအကြံဉာဏ်တွေကို ကိုယ်တွယ်ဖို့အတွက် ဗျူရိုကရေစီ ယန္တယား အတွင်းမှာကိုပဲ အရည်အချင်းတွေ တည်ဆောက်ဖို့ လိုနေတာပဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံကို သီတင်း ၃ ပတ် နီးပါးကြာ သွားရောက်ခဲ့တဲ့ IMF ကိုယ်စားလှယ် အဖွဲ့ကတော့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး၊ ဒီအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မယ် ဆိုရင်တော့ အာရှမှာ ရှေ့တန်းရောက် လာနိုင်တယ်လို့ ဇန်နဝါရီလနှောင်းပိုင်း ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောခဲ့တာပါ။ ဒါပေမဲ့လည်း ကုန်သွယ်မှုတွေမှာ အခက်အခဲ ဖြစ်နေရတဲ့ ငွေကြေးလဲလှယ်နှုန်းကို တပေါင်းတစည်းတည်း ဖြစ်စေဖို့၊ စီးပွားရေး ပုံစံမှာ အရင်းအမြစ် ထုတ်လုပ်မှုတွေအပေါ် အားထားနေရာကနေ ကဏ္ဍစုံမှာ ဖွံ့ဖြိုးလာစေဖို့ လိုမယ်လို့လည်း IMF ရဲ့ ဆန်းစစ်ချက်က တိုက်တွန်းခဲ့တာပါ။ ဒီလိုပဲ နောက်ထပ် စိမ်ခေါ်မှု အဖြစ်နဲ့လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး ကာလမှာ ၄.၂% ရှိနေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ နောက်တနှစ်မှာ ၅.၈% အထိ ရှိလာနိုင်တာမို့ ထိန်းချုပ်သွားဖို့ လိုမယ်လို့လည်း သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG