သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရဲ့ အားကောင်းလာတဲ့ ပြည်ပဆန်တင်ပို့မှု


ကမ္ဘာ့ဆန် ဈေးကွက်မှာ အိန္ဒိယရဲ့ ဆန်တင်ပို့မှုတွေ သိသိသာသာ အားကောင်းလာပါတယ်။

ဈေးချိုတဲ့ ဆန်အမျိုးအစားတွေ ပြည်ပတင်ပို့ခွင့် တားမြစ်ထားတာကို ဖယ်ရှားလိုက်ပြီး ၅ လ အကြာမှာတော့ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ရာ တိုင်းပြည်တခု အဖြစ်နဲ့ တွေ့မြင်လာရပါတယ်။ ကမ္ဘာပေါ်က အဓိက ပြည်ပဆန် တင်ပို့ရာ နိုင်ငံတွေမှာ ဆန်ဈေးတွေ တက်လာတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်မယ့် အလားအလာတွေ ပေါ်ပေါက်ခဲ့တာကိုပါ အိန္ဒိယက ဟန့်တားနိုင်ခဲ့တာပါ။ တိုးတက်လာတဲ့ အိန္ဒိယရဲ့ ပြည်ပဆန် တင်ပို့မှုလုပ်ငန်းအကြောင်း နယူးဒေလီ မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Anjana Pasricha ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက ဆန်ဈေးကွက် အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အဓိက စားကုန် တခုအဖြစ် ဆန်ကို စားသုံးကြတဲ့ အိန္ဒိယ နိုင်ငံဟာ အခုအခါ၊ ပြည်တွင်း အတွက် သာမက ပြည်ပတင်ပို့မှုမှာလည်း ရှေ့တန်း ရောက်လာနေပါတယ်။ မကြာသေးခင်တုန်းက အရှေ့အလယ်ပိုင်း ဒေသက ဒူဘိုင်းမှာ ကျင်းပတဲ့ နှံစားသီးနှံဆိုင်ရာ ညီလာခံမှာ ဆိုရင်လည်း အိန္ဒိယ ဆန်ကုန်သည်တွေ ပြည်ပဈေးကွက်တွေကို ချဲ့ထွင်နိုင်မယ့် ဆွေးနွေးမှုတွေကို လုပ်ခဲ့ကြတာမို့ နောက်ထပ် ဈေးကွက်ထဲမှာ တွင်ကျယ် လာနိုင်မယ့် အလားအလာတွေလည်း ပိုမို တိုးပွား လာနေတာပါ။

အိန္ဒိယ ပြည်ပဆန်တင်ပို့သူများ အသင်း ရဲ့ အကြီးအကဲ ဗီဂျေ ဆာတီရာ (Vijay Setia) ကတော့ မကြာခင်လတွေ အတွင်းမှာကိုပဲ လုပ်ငန်းတွေ အားကောင်းလာတာ တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။
“အီရန်၊ အီရတ်နဲ့ အရှေ့အလယ်ပိုင်း ဒေသတခုလုံးက ၀ယ်လိုအားက သိပ်ကြီးမားပါတယ်။ ဈေးသက်သာပြီး အရည်အသွေး ကောင်းတာကြောင့် အာဖရိကတိုက်က ၀ယ်လက်တွေလည်း ရှိနေကြပါတယ်။”

အိန္ဒိယဆန် ပြည်ပတင်ပို့မှုရဲ့ အားသာချက် အဖြစ်နဲ့ကတော့ ကမ္ဘာမှာ ထိပ်တန်း ဆန်တင်ပို့ရာ ထိုင်းနိုင်ငံလို တိုင်းပြည်တွေနဲ့ မတူပဲ ဈေးချိုချိုနဲ့ ရောင်းနိုင်တာပဲ ဖြစ်ပါတယ်။ အရန်ဆန်အဖြစ် စုဆောင်းတဲ့ အစီအစဉ်တွေနဲ့ ဆန်တွေ ပိုလျှံနေတာမို့ ပြည်တွင်း ဈေးကွက်ထဲမှာဆိုရင် ဆန်ဈေးဟာ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပါ။ ဒီအတွက်လည်း အစိုးရက ဈေးသက်သာတဲ့ ဆန်အမျိုးအစားတွေ ပြည်ပတင်ပို့ခွင့်ကို ၄ နှစ်ကြာ တားမြစ်ထားရာက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ဖယ်ရှားပေးလိုက်ပါတယ်။ အိန္ဒိယက ဈေးကြီးတဲ့ Basmati အမျိုးအစား ဆန်တွေကို တလျှောက်လုံး ပြည်ပပို့ခွင့် ပေးထားပေမဲ့ ကမ္ဘာနဲ့အ၀ှမ်း ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတဲ့ ၂၀၀၈ ခုနှစ်ကစလို့ တခြားဆန် အမျိုးအစားတွေ ပြည်ပတင်ပို့ခွင့်ကို တားမြစ်ခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ဆန်စပါး သုတေသန ဌာနက ထိပ်တန်း စီးပွားရေး ပညာရှင် ဆမာရန်ဒူ မိုဟန်တီ (Samarendu Mohanty) ကတော့ ကမ္ဘာ့ဈေးကွက်ထဲ အိန္ဒိယ ဒီလို ပြန်လည် ၀င်ရောက်လာတဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာ ဆန်ဈေးတွေ တက်မလာအောင် ဟန့်တားနိုင်ခဲ့တယ်လို့ သုံးသပ်ပါတယ်။
“အိန္ဒိယက ကယ်တင်ရှင်လို ပေါ်လာတာပါ။ တကယ့်ကို အချိန်ကိုက်လည်း ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်တင်ဘာလထဲမှာပဲ ထိုင်းနိုင်ငံက ဆန်ဝယ်ယူတဲ့ အစီအစဉ်သစ်မှာ သတ်မှတ်ချက်ကို မြှင့်လိုက်တဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာမို့ ပြည်တွင်းဈေးကွက်မှာ ၅၀ ရာခိုင်နှုန်း နီးပါးလောက် တက်သွားလို့ပါ။ ထိုင်းနိုင်ငံက ဆန်ဈေး ၅၀ ရာခိုင်နှုန်း တက်သွားတဲ့အတွက် ကမ္ဘာ့ဆန်ဈေးလည်း တက်မယ့် အလားအလာတွေလည်း ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယကြောင့် ဒီလို မဖြစ်ခဲ့ပါဘူး။”

လတ်တလောမှာ တခြားနိုင်ငံတွေက ဆန်အမျိုးအစားတွေနဲ့ ယှဉ်ရင် အိန္ဒိယရဲ့ ဆန်ဈေးဟာ တတန်ကို ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၁၀၀ လောက်အထိ သက်သာ နေတယ်လို့လည်း သူကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်န၀ါရီလ အတွင်း အိန္ဒိယက ဆန်တန်ချိန် ၂ သန်း ၃ သိန်း ပြည်ပတင်ပို့ခဲ့တာမို့ ထိုင်းနိုင်ငံထက်တောင် သာခဲ့တာပါ။ အခုအခါ အိန္ဒိယဆန်ကို နိုင်ငံအတော်များများက ၀ယ်ယူလာကြတဲ့ အထဲမှာ ဆန်စပါး ထုတ်လုပ် တင်ပို့နေတဲ့ တိုင်းပြည်တခုဖြစ်တဲ့ အိမ်နီးချင်း ပါကစ္စတန်လို နိုင်ငံတွေလည်း ပါဝင်လာပါတယ်။ ဈေးသက်သာ နေတာမို့ အိန္ဒိယဆန်တွေကို ပါကစ္စတန် ဆန်ကုန်သည်တွေ ပထမဆုံးအကြိမ် ၀ယ်ယူလာကြတာလည်း ဖြစ်ပါတယ်။

ဒီလိုပဲ ဈေးချိုတာကို သဘောကျတဲ့ အာဖရိက ဈေးကွက်ကိုလည်း တင်ပို့သွားမှာ ဖြစ်တယ်လို့ အိန္ဒိယက ပြည်ပဆန် တင်ပို့နေတဲ့ ထိပ်တန်း ကုမ္ပဏီ Tilda Riceland ရဲ့ ညွှန်ကြားရေးမှူး အာရ် အက်စ် ရှရှဒ်ရီ (R. S. Seshadri) ကပြောပါတယ်။
“ဒီကနေ့ အချိန်မှာတော့ ကမ္ဘာပေါ်က ဆန်အရောင်းအ၀ယ် ဈေးကွက်တခုလုံးမှာ ပါဝင်လာနိုင်ပါပြီ။ အရင်ကတော့ တတန်ကို ဒေါ်လာ ၉၀၀ ရတဲ့ ဆန်အကောင်းစားတွေပဲ ပို့ခွင့်ပေးပြီး ကန့်သတ်ထားတာပါ။ အခုအချိန်မှာတော့ တတန်ကို ဒေါ်လာ ၃၀၀ ကနေ ၁,၀၀၀ အထိရတဲ့ ဆန်တွေကို ပြည်ပပို့လို့ ရလာပါပြီ။”

ကမ္ဘာ့ဆန်ဈေးကွက်မှာ အိန္ဒိယဆန်တွေ အရင်ကထက် ပိုမိုတွင်ကျယ် လာရာမှာ ဒီနှစ်ထဲ ၃ ဆအထိတိုးပြီး တန်ချိန် ၆ သန်းလောက် ပြည်ပကို တင်ပို့နိုင်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြတာပါ။ အိန္ဒိယ ပြည်ပဆန်တင်ပို့သူများ အသင်း ရဲ့ အကြီးအကဲ ဆာတီရာ ကတော့ လတ်တလော ပြည်တွင်းက ပုဂ္ဂလိက ကုန်သည်တွေ လက်ထဲမှာလည်း ဆန်တွေ ပိုလျှံနေပြီး၊ ရှေ့လာမယ့် ၄ နှစ်အတွင်း အရန်ဆန် တန်ချိန် သန်း ၃၀ လောက်အထိ ရှိလိမ့်မယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။ နိုင်ငံတကာ ဆန်စပါး သုတေသန ဌာနက စီးပွားရေး ကျွမ်းကျင်သူ မိုဟန်တီ ကတော့ ဒါဟာ ကမ္ဘာတ၀ှမ်းက စားသုံးသူတွေ အတွက် သတင်းကောင်းလို့ ဆိုပါတယ်။

တကယ်တော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဆန်စပါး ဒုတိယ အများဆုံး ထုတ်လုပ်တဲ့ တိုင်းပြည်တခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူဦးရေ သန်းပေါင်း ၁,၂၀၀ လောက်က စားသုံးနေကြတဲ့ အဓိက စားကုန်တခုအဖြစ် မိုးခေါင်ရေရှား ပြဿနာလို အရေးပေါ် အခြေအနေတွေအတွက် လိုအပ်ချက်တွေ ပြည့်မှီပြီး၊ ပြည်တွင်းအတွက် ဖူလုံမှုရှိပြီဆိုတဲ့ အချိန်ကျမှသာ အစိုးရက ပြည်ပတင်ပို့ခွင့် ပြုလေ့ရှိတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြည်တွင်းမှာ ဆန်သိုလှောင်စရာ နေရာမရှိလောက်အောင် ပိုလျှံနေတဲ့ အတွက် ပြည်ပတင်ပို့ခွင့်တွေ ဆက်ရနိုင်သလို၊ ဒီနှစ် အိန္ဒိယရဲ့ ပြည်ပဆန် တင်ပို့မှုတွေဟာလည်း ဆက်လက် ကြီးထွား နေဦးမယ်လို့ ခန့်မှန်းနေကြတာပါ။

Tilda Riceland ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ရှရှဒ်ရီ ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတွေ အားလုံးဟာ အိန္ဒိယရဲ့ ဒီနှစ် စပါးအထွက် အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောပါတယ်။
“မုတ်သုန်ရာသီ ပထမဆုံး ခန့်မှန်းချက်တွေ ထွက်ပေါ်လာမယ့် မေလလောက်မှာ သုံးသပ်ချက်တွေ ထွက်လာပါလိမ့်မယ်။ အိန္ဒိယ အနေနဲ့လည်း ပြည်ပ ဆန်တင်ပို့တာတွေကို လျှော့မလား တင်းမလား ဆိုတဲ့ မူဝါဒကို အဲဒီအခါကျ စဉ်းစားမှာပါ။ ပြည်တွင်း စားသုံးမှုက မျက်နှာမလွှဲနိုင်လောက်အောင် ကြီးမားလွန်းတာကြောင့် သတိမထားပဲ နေရလောက်တဲ့ အခြေအနေမျိုး အိန္ဒိယ အနေနဲ့ ဘယ်တုန်းကမှလည်း မကြုံခဲ့ဖူးပါဘူး။”

ကမ္ဘာနဲ့အ၀ှမ်း စပါးစိုက်ပျိုးတဲ့ တိုင်းပြည်တွေ အများအပြားရှိပေမဲ့လည်း ၇ ရာခိုင်နှုန်းကိုသာ နိုင်ငံတကာ ဈေးကွက်မှာ ရောင်းဝယ် ဖောက်ကားနေတာ ဖြစ်သလို၊ ဒီအထဲက ၆၀ ရာခိုင်နှုန်း လောက်ကိုလည်း အိန္ဒိယ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေက တင်ပို့နေတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ အစိုးရက လယ်သမားတွေထံက စပါးတွေ ဈေးပိုပေး ၀ယ်ယူတဲ့ အစီအစဉ်တွေ စတင်ခဲ့တဲ့နောက် ဖေဖော်ဝါရီလအထိ ၅ လဆက်တိုက် ပြည်ပတင်ပို့မှုတွေ ကျဆင်းခဲ့တာပါ။ ထိုင်းနိုင်ငံ ပြည်ပဆန်တင်ပို့သူများ အသင်းရဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ၊ အရင်တနှစ်ကနဲ့ ယှဉ်ရင် ဇန်န၀ါရီ လဆန်းကနေ အစီရင်ခံစာ ထုတ်ပြန်ချိန်အထိ ပြည်ပတင်ပို့မှု ပမာဏဟာ ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းကတော့ ဒီနှစ်မှာ ဆန်တင်ပို့မှုတွေ ၂ ဆတိုးပြီး တန်ချိန် ၁ သိန်းခွဲလောက် ပြည်ပကို ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး၊ ၂၀၁၅ ခုနှစ်ကျရင် တန်ချိန် ၃ သိန်းအထိ ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ မှန်းထားတဲ့ အတိုင်း အကောင်အထည် ပေါ်လာမယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး တိုင်းပြည်တခု ဖြစ်ခဲ့ဖူးတဲ့ ၁၉၆၀ ပြည့်လွန် ကာလကစလို့ အမြင့်ဆုံး ပမာဏ အဖြစ် တင်ပို့သွားနိုင်မှာ ဖြစ်သလို၊ ကမ္ဘာ့ဆန်တင်ပို့မှုမှာ ဆဋ္ဌမ နေရာကို ရောက်လာမှာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG