ဈေးကွက် ပေါက်ဈေးထက် အဆမတန် နိမ့်ကျနေတဲ့ နိုင်ငံခြား ငွေလဲနှုန်းကို ဘဏ္ဍာရေး နှစ်သစ်ရဲ့အစ ဧပြီလကနေ တရားဝင် ပြောင်းလဲ ကျင့်သုံးသွားဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က စီစဉ်နေပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး ထိန်းချုပ်ထားတဲ့ ငွေကြေးစနစ်နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံခြားငွေလဲစနစ် တပေါင်းတည်း ဖြစ်စေရေး စီစဉ်နေတာပါ။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နှီးနှောအပြီး ထွက်ပေါ်လာမယ့် နိုင်ငံခြားငွေလဲ စနစ်သစ်နဲ့ ပတ်သက်ပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာဖြစ်ပါတယ်။
အရင်က အမေရိကန် တစ်ဒေါ်လာကို တရားဝင် လဲလှယ်ရာမှာ မြန်မာငွေ ၆ ကျပ်ကျော်သာ သတ်မှတ်ထားတာကို အဆုံးသတ်ပြီး အခုအခါ ဈေးကွက်ပေါက်ဈေးနဲ့ အနီးစပ်ဆုံး တန်ဘိုးဖြတ် သတ်မှတ်မှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တရပ်အဖြစ် ပြီးခဲ့တဲ့နှစ် မတ်လကုန်မှာ တက်လာပြီးတဲ့နောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံခြားငွေ လဲလှယ်မှုတွေကို ခေတ်နဲ့ညီအောင် ပြင်ဆင်မယ်လို့ ကြေညာခဲ့ပြီး မရှေးမနှောင်း ဆိုသလို ပုဂ္ဂလိကဘဏ် အတော်များများကို နိုင်ငံခြားငွေလဲ ကောင်တာတွေ ဖွင့်လှစ်ခွင့်ပေးပြီး ဈေးကွက် ပေါက်ဈေးနဲ့ ဘယ်သူမဆို ဒေါ်လာ ၁ သောင်းအထိ လဲလှယ်ခွင့် ပြုလာခဲ့တာပါ။
အလားတူ ပုံစံမျိုး အခုစနစ်သစ်မှာ ကျင့်သုံးသွားလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း လည်းဖြစ် လက်ရှိ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန အကြံပေး အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးသန်းလွင် ကပြောပါတယ်။
“အရင်တုန်းက ၁ ဒေါ်လာကို ၆ ကျပ်တို့ ဘာတို့နဲ့ ရှိနေတာကို အခုက လက်ရှိပေါက်ဈေးကို အနီးဆုံးနှုန်းတခုကို သတ်မှတ်မယ် ဆိုတဲ့သဘောပေါ့။ သတ်မှတ်မယ်ဆိုတာကတော့ အရှင်ပေါ့လေ။ နောက် ဈေးကွက်ရဲ့ ဝယ်လိုအား၊ ရောင်းလိုအားအပေါ် မူတည်ပြီးတော့ တက်လိုက်ကျလိုက်တော့ ရှိမယ်လေ။ ကျနော်တို့ ငွေလဲဌာနတွေမှာတော့ ဈေးကွက်ပေါက်ဈေးကိုပဲ မှီပြီးတော့ သတ်မှတ်တာပေါ့၊ အနီးစပ်ဆုံးပေါ့လေ။ အဲဒီသဘောမျိုးတော့ ဆောင်မှာပေါ့။”
အသစ်ကျင့်သုံးမယ့် စနစ်ဟာ တခြားလွတ်လပ်တဲ့ စီးပွားရေး ပုံစံတွေမှာလို သက်ဆိုင်ရာ ဘဏ်တွေက နိုင်ငံတကာ ဈေးကွက် အတိုင်း စိတ်ကြိုက် သတ်မှတ်ခွင့် ပေးတာမျိုး မဟုတ်ပဲ ဗဟိုဘဏ်ကနေ နှုန်းရှင်အဖြစ် သတ်မှတ် ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ လဲလှယ်မှုတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးမယ်ဆိုရင် ရှိသင့်တာထက် တန်ဘိုးတွေ အလွန်အကျွံ တက်လာမယ့် အန္တာရာယ်တွေ ရှိတယ်လို့ မြန်မာ့စီးပွားရေးအတွက် အကြံပေးနေသူ တဦးဖြစ်တဲ့ စီးပွားရေး နိုဘဲလ်ဆုရှင် ပါမောက္ခ ဂျိုးဇက် စတစ်ဂ်လဇ် (Joseph Stiglitz) ကလည်း ဖေဖော်ဝါရီလထဲ မြန်မာနိုင်ငံက ပြန်လာပြီးနောက် the Wall Street Journal နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။
နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေမှာ အကြီးအကျယ် မတည်ငြိမ်မှုတွေ၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ပြိုကွဲတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့တာမို့ ပြုပြင်ပြောင်းလဲမှုတွေမှာ သိမ်သိမ်မွေ့မွေ့ ဖြစ်ဖို့ လိုမယ်လို့ အထူးသဖြင့် ကျွမ်းကျင်သူတွေ သတိပေး နေကြတာပါ။ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကလည်း သဘာဝဓာတ်ငွေ့နဲ့ သယံဇာတ ကုန်ကြမ်းတွေ ရောင်းချရာက ရလာတဲ့ နိုင်ငံခြား ငွေတွေကြောင့် ငွေလဲနှုန်း အတက်အကျတွေ ကြီးကြီးမားမား ကြုံခဲ့ရဖူးတဲ့ မြန်မာနိုင်ငံမှာ လတ်တလော လွတ်လပ်တဲ့ ဈေးကွက် ပုံစံအတိုင်း ကျင့်သုံးဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် အထိန်းအကျောင်းနဲ့ နှုန်းရှင် သတ်မှတ်တာဟာ စိတ်ကူးကောင်း တခုလို့ မြင်ပါတယ်။
ဒါပေမဲ့လည်း ကျွမ်းကျင်မှု အခြေခံတွေ အားနည်းတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း စနစ်မှာ လက်တွေ့ အကောင်အထည် ဖော်တဲ့အချိန် စိမ်ခေါ်မှုတွေလည်း ရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
“ကျနော်ထင်ပါတယ်၊ တကယ့် ပြဿနာ အနေနဲ့ကတော့ ဗဟိုဘဏ် အနေနဲ့ လုပ်နိုင်စွမ်း ရှိပါ့မလား ဆိုတာပါပဲ။ မူအားဖြင့်ကတော့ သူတို့ လုပ်တာဟာ မှန်တယ်လို့ ကျနော် ယူဆပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာ ဒါကို တကယ်လုပ်နိုင်ပါ့မလား ဆိုတာကတော့ မေးရမယ့် မေးခွန်းတခုပါ။”
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း စမ်းသပ်ကျင့်သုံးသွားဖို့ ရှိနေတဲ့ ငွေလဲနှုန်း စနစ်သစ်က ငွေကြေး တည်ငြိမ်မှုနဲ့ ရင်းနှီးမြုပ်နှံသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုရအောင် ဖန်တီးပေးဖို့ ရည်မှန်းထားပုံလည်း ရပါတယ်။ ဒါပေမဲ့လည်း ဒီစနစ်မှာ လက်တွေ့ ဈေးကွက်နဲ့ အံမကိုက်တဲ့ အခြေအနေတွေ ဖန်တီးလာမှာကိုလည်း ပူပမ်မှုတွေ ရှိနေတာပါ။
အထူးသဖြင့် အာဏာပိုင်တွေက တရားဝင် ထုတ်ပြန် ကြေညာတာမျိုး မရှိသေးပေမဲ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၈၀၀ တဝိုက်လောက်နဲ့ စတင် သတ်မှတ် ကျင့်သုံးဖို့ ရည်ရွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ ကုန်ထုတ်လုပ်ငန်းတွေ တွက်ချေမကိုက် ဖြစ်နိုင်တယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးသန်းလွင် က သတိပေးပါတယ်။
“ကျနော်တို့ ငွေဈေးကို တည်ငြိမ်သွားအောင် ထိန်းပေးတယ်၊ တည်ငြိမ်သွားအောင် ဆောင်ရွက်ပေးတယ် ဆိုတာ ဖြစ်သင့်ပါတယ်၊ လုပ်သင့်တယ်။ သို့သော်လည်း အဲဒီဈေးဆိုတဲ့ နေရာမှာ ၈၁၀-၂၀-၃၀ နောက်ဆုံး ၈၅၀ အထိအောင် ဈေးနဲ့ အကယ်ရွေ့ ဆောင်ရွက်ခဲ့မယ်ဆိုရင်၊ ကျနော်တို့ ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ၊ ပဲမျိုးစုံစိုက်တဲ့ တောင်သူတွေ၊ စပါးစိုက်တဲ့ တောင်သူတွေ အနေနဲ့ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံတကာက ရလာတဲ့ ပေါက်ဈေးနဲ့ရောင်းပြီး ငွေလဲလှယ်တာနဲ့ မကိုက်ဘူးခင်ဗျ။”
မြန်မာ့စီးပွားရေး အခြေအနေကို စောင့်ကြည့် အကဲခတ်နေသူ ပါမောက္ခ တာနဲလ် ကလည်း လက်ရှိ သတ်မှတ်ဖို့ စဉ်းစားနေတဲ့ လဲလှယ်နှုန်းဟာ လုပ်ငန်းရှင်တွေ၊ အထူးသဖြင့် ပြည်ပပို့ကုန် လုပ်ငန်းတွေအတွက် အခက်ကြုံနိုင်တယ် ဆိုတာကို သဘောတူပါတယ်။ ဒါပေမဲ့လည်း အထိန်းအကွပ်နဲ့ ကျင့်သုံးသွားမယ့် နှုန်းရှင်စနစ်အဖြစ် သက်ဆိုင်ရာ ဗဟိုဘဏ် အနေနဲ့ နောက်ပိုင်းမှာ လက်တွေ့ဈေးကွက်နဲ့ ကိုက်ညီမယ့် နှုန်းထားတွေကို ပြင်ဆင်သွားလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။
“ဗဟိုဘဏ်က ၈၀၀ လောက်လို့ သတ်မှတ်တာဟာ တော်တော် သတ္တိကောင်းတဲ့ လုပ်ရပ်လို့ ကျနော်ထင်ပါတယ်။ ကုန်သည်တွေ အနေနဲ့ ဒီနှုန်းအပေါ် စိတ်မချမ်းမသာ ဖြစ်မယ်ဆိုတာကိုလည်း ကျနော် နားလည်နိုင်ပါတယ်။ ဒါပေမဲ့လည်း ထိန်းချုပ်ထားတဲ့ နှုန်းရှင် စနစ်မှာ ကျနော်တို့ တွေ့ကောင်း တွေ့လာရနိုင်တာက ဗဟိုဘဏ် အနေနဲ့ အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ ကျပ်ငွေ တန်ဘိုးကို မြှင့်ပေးတာမျိုးလို မှန်မှန်ကန်ကန်ဖြစ်အောင် ကြားဝင် ဆောင်ရွက် လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”
မြန်မာအစိုးရကတော့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ပြင်ဆင်ဖို့အတွက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) လို ဘဏ္ဍာရေး အဖွဲ့အစည်းတွေကိုလည်း အကူအညီ တောင်းခံခဲ့တာပါ။ ဒီအတွက်လည်း ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာတကြိမ်၊ ၂၀၁၂ ဇန်နဝါရီ လထဲမှာတကြိမ် IMF ကိုယ်စားလှယ် အဖွဲ့တွေ မြန်မာနိုင်ငံကို သွားရောက်ပြီး ဆွေးနွေး တိုင်ပင်တာတွေ ရှိခဲ့ပါတယ်။ ၁၉၅၂ ခုနှစ် ကတည်းက IMF အဖွဲ့ဝင် တိုင်းပြည်တခု ဖြစ်ခဲ့ပေမဲ့၊ မြန်မာနိုင်ငံဟာ တရားဝင်နဲ့ မှောင်ခိုဈေးကွက်အဖြစ် ငွေလဲနှုန်းတွေမှာ ကွဲပြားမမှုတွေ ရှိနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ အနက် တနိုင်ငံအဖြစ် ဆယ်စုနှစ်နဲ့ချီ ရှိနေခဲ့တာပါ။ ဒီအတွက်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်အောင် အကောင်အထည် ဖော်ရာမှာ အခရာကျတဲ့ ငွေကြေးစနစ်ကို ပြောင်းလဲဖို့ ဦးစားပေးရလိမ့်မယ်လို့ သီတင်း ၃ ပတ် နီးပါးကြာ ခရီးစဉ်အပြီး ကိုယ်စားလှယ် အဖွဲ့က အကြံပြုခဲ့တာ ဖြစ်ပါတယ်။
အမျိုးမျိုး ဖြစ်နေတဲ့ ငွေလဲလှယ်စနစ်ကို ပေါင်းစည်းရေး အောင်မြင်ဖို့အတွက် နိုင်ငံတော်အဆင့် စီးပွားရေး စီမံခန့်ခွဲမှုတွေမှာ တိုးတက်ဖို့လည်း လိုမယ်လို့ IMF က ပြောခဲ့တာပါ။ အစိုးရအနေနဲ့ ဘဏ္ဍာရေး လိုအပ်ချက်အတွက် ငွေစက္ကူတွေ ထုတ်တဲ့နည်းနဲ့ ဖြေရှင်းလို့လည်း မဖြစ်နိုင်ဘူးလို့ သတိပေးပါတယ်။ ငွေလဲစနစ် ပြင်ဆင်ရာက နိုင်ငံပိုင် လုပ်ငန်းတွေမှာ အရှုံးပေါ် နေတာတွေကိုလည်း အထင်အရှား တွေ့လာရနိုင်တာမို့ ဒါတွေကို ပြင်ဆင်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အခွင့်အလန်းတွေ ပေါ်နိုင်တယ်လို့လည်း IMF က အကြံပြုထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။