သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ဆီဈေး ကြီးမြင့်မှုနဲ့ ကမ္ဘာ့စီးပွားရေး


လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ တည်ငြိမ်မှုတွေအပေါ် ရိုက်ခတ်မယ့် အလားအလာတွေ ကြုံနေရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသက မတည်မငြိမ် အခြေအနေတွေ၊ အာဖရိကတိုက်မှာ ကြုံနေရတဲ့ ပြဿနာတွေနဲ့ စီးပွားရေး ကြီးထွား လာနေတဲ့ တရုတ်နိုင်ငံက ၀ယ်လိုအားတွေ ကောင်းလာရာက ရေနံဈေးတွေ တရိပ်ရိပ် တက်လာနေပါတယ်။ လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်မှာ သာမက၊ သမ္မတနေရာအတွက် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေမှာ အချေအတင် ပြောစရာ ကိစ္စတခု ဖြစ်နေရသလို တရုတ်နိုင်ငံမှာ ဆိုရင်လည်း လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်မှာကို စိုးရိမ်လာကြတဲ့ အထိပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို စုစည်းပြီး ဒီသတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဓာတ်ဆီဈေး ၁ လီတာကို ၁ ဒေါ်လာကျော်၊ ၁ ဂါလံကို ၄ ဒေါ်လာ နီးပါးအထိ တက်လာတာမို့ လောင်စာဆီကို အမှီပြုနေကြတဲ့ စီးပွားရေး လုပ်ငန်းတွေ သာမက သယ်ယူပို့ဆောင်ရေးနဲ့ နေ့တဓူဝ သွားလာမှုတွေမှာ အသုံးပြုနေကြရသူတွေ ညည်းညူနေကြသလို နိုင်ငံရေး ခေါင်းဆောင်တွေ ကြားမှာလည်း အပြန်အလှန် ဝေဖန်သံတွေ ကြီးထွား လာနေတာ ဖြစ်ပါတယ်။ သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) ကတော့ သူ့ရဲ့ စွမ်းအင်ဆိုင်ရာ မူဝါဒတွေကို အခိုင်အမာ ကာကွယ် ပြောဆိုရင်း လောင်စာဆီ ထုတ်လုပ်မှုတွေ တိုးချဲ့မယ့် အစီအစဉ်တွေကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာလိုက်တာပါ။ စွမ်းအင်ဆိုင်ရာ မူဝါဒတွေထဲမှာ အကောင်းဆုံး အစီအစဉ်အဖြစ် သမားရိုးကျ သာမက၊ အစားထိုး လောင်စာ ထုတ်လုပ်မှုအပြင် ကနေဒါနဲ့ အမေရိကန်ကြား သွယ်တန်းမယ့် ပိုက်လိုင်း စီမံကိန်း တွေ ပါဝင်မယ်လို့ ပြောလိုက်တာပါ။

မက္ကစီကို ပင်လယ်ကွေ့ တလျှောက်က ရေနံချက် စက်ရုံတွေမှာ သန့်စင်ဖို့ ကနေဒါနိုင်ငံ အနောက်ဖက်က ရေနံတွေကို တင်ပို့သွားမယ့် မိုင်ပေါင်း ၄၈၅ မိုင်နီးပါး ရှည်လျားတဲ့ ပိုက်လိုင်းကိုတော့ Oklahoma ပြည်နယ် Cushing က စတင်ဖောက်လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
“Cushing ကနေ ပင်လယ်ကွေ့အထိ ပိုက်လိုင်းသစ် ဖောက်လုပ်ရေးကို ဒီကနေ့ အချိန်မှာ ကျနော်တို့ ဦးစားပေး အနေနဲ့ သတ်မှတ် ထားပါတယ်။ တောင်ပိုင်း အောက်ခြေကနေ အရင်စပြီး၊ အပြီးသတ်တဲ့အထိ အကောင်အထည် ဖော်သွားမှာပါ။ မြောက်ပိုင်းမှာတော့ အမေရိကန် လူထုအတွက် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု ရှိစေရေး သေချာရအောင်လို့ ကျကျနန သုံးသပ်သွားဦးမှာ ဖြစ်ပါတယ်။”

သမ္မတကတော့ ကနေဒါရေနံ ကုမ္ပဏီဖြစ်တဲ့ TransCanada က ပိုမိုရှည်လျားတဲ့ စီမံကိန်းကို အဆိုပြု ထားတာကိုတော့ လက်ခံဖို့ အတည်ပြုချက် မပေးသေးပါဘူး။ Keystone XL ရေနံပိုက်လိုင်း စီမံကိန်းဟာ ပတ်ဝန်းကျင် ထိခိုက်မယ့် အန္တာရာယ်တွေ ရှိမှာကို စိုးရိမ်မှုတွေနဲ့အတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကတော့ ကန့်ကွက်ထားကြတာ ဖြစ်သလို၊ သမ္မတကလည်း အစောပိုင်းမှာ ဆုံးဖြတ်ချက်ချဖို့ တွန့်ဆုတ်နေခဲ့တာပါ။ အခုအခါ စီမံကိန်းကို အပြည့်အ၀ လက်မခံသေးတဲ့ အတွက်လည်း အတိုက်အခံ နိုင်ငံရေး သမားတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် ပါတီရဲ့ ကိုယ်စားလှယ်လောင်း တဦးအဖြစ် ရှေ့ဆုံးက ပြေးနေတဲ့ မစ်ရွန်မနေ (Mitt Romney) ကဆိုရင် စွမ်းအင်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေကို ဖြုတ်ပစ်ရမယ်လို့တောင် ပြောခဲ့တာပါ။

သမ္မတ အိုဘားမား အစိုးရဟာ ပြည်တွင်း စွမ်းအင် ဖူလုံရေး ဦးစား မပေးဘူးလို့လည်း မဲဆွယ်လှုပ်ရှားမှု တခုအတွင်း မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရွန်မနေ က စွပ်စွဲလိုက်တာပါ။
“တိုင်းပြည်က ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်မှုတွေကို သမ္မတက နှေးကွေးအောင် ကြိုးစားနေတာပါ။”

ရီပတ်ဘလစ်ကန် ပါတီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေနာ (John Boehner) ကလည်း သမ္မတရဲ့ ပိုက်လိုင်း ဖောက်လုပ်ရေး အစီအစဉ်ဟာ အများက လက်ခံထားပြီးသား အစီအစဉ်သာ ဖြစ်တာမို့ ကြားက အမှတ်ဝင်ယူနေစရာ မလိုဘူးလို့ ဝေဖန်သွားပါတယ်။ အမေရိကန် ရေနံလုပ်ငန်းတွေနဲ့ အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းကတော့ လောင်စာဆီ ဖူလုံရေးအတွက် ပြည်တွင်းမှာ ထုတ်လုပ်မှုတွေ တိုးမြှင့်သွားဖို့ လိုလားနေကြတာပါ။ သမ္မတ အိုဘားမား ကတော့ သန့်ရှင်းပြီး ပြန်လည် အစားထိုးနိုင်တဲ့ လောင်စာတွေနဲ့ နည်းပညာတွေကို ပိုမို ထုတ်လုပ်နိုင်ဖို့ ဦးစားပေးမှာ ဖြစ်တယ်လို့ စွမ်းအင် စီမံကိန်းတွေအတွက် Oklahoma ပြည်နယ်မှာ ကြေညာစဉ်မှာ ပြောဆိုသွားပါတယ်။

လတ်တလော ရေနံဈေးနှုန်း တက်နေရတဲ့ ပြဿနာဟာလည်း နျူကလီးယား အစီအစဉ်တွေကြောင့် တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ အီရန်နိုင်ငံလို ပြင်ပက ရိုက်ခတ်မှုတွေအပေါ် အပြစ်ဖို့ခဲ့တာပါ။
“ဒါဟာ ကျနော်တို့ လိုချင်တဲ့ အနာဂတ်မျိုး မဟုတ်ပါဘူး။ ကမ္ဘာကြီးရဲ့ တဖက်ခြမ်းမှာ ဖြစ်ပျက်နေတာတွေက အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမျိုး ဖန်တီးလာတာမျိုး၊ ကျနော်တို့ တိုင်းပြည် စီးပွားရေးကို ရိုက်ခတ် လာတာမျိုး၊ အလုပ်ကို ကားမောင်း လာနေရသူတွေ ထိခိုက်မယ့် အဖြစ်မျိုးတွေ ကျနော်တို့ မဖြစ်ချင်ပါဘူး။”

လောင်စာဆီဈေး မြင့်တက်လာတဲ့အပေါ် နိုင်ငံရေးအရ ကွဲလွဲချက်တွေ ရှိနေပေမဲ့လည်း ချက်ခြင်းလက်ငင်း ဈေးနှုန်းတွေ ပြန်လည် ကျဆင်းလာအောင် လုပ်နိုင်မယ့် အလားအလာမျိုးတော့ မမြင်ရသေးဘူးလို့ ကျွမ်းကျင်သူတွေ သုံးသပ်နေကြတာပါ။ ဒါပေမဲ့လည်း သဘာဝဓာတ်ငွေ့လို လောင်စာတွေကို တိုးမြှင့် ထုတ်လုပ်တာ၊ အစားထိုး စွမ်းအင်အတွက် နည်းပညာသစ်တွေ ရှာဖွေတာမျိုးလို နည်းလမ်းတွေနဲ့ ရေရှည်မှာ ပြဿနာကို ဖြေရှင်းသွားနိုင်တယ်လို့လည်း ပြောနေကြတာ ဖြစ်ပါတယ်။

Royal Dutch Shell ရေနံကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ပီတာ ဗော့ဆာ (Peter Voser) ကတော့ ဒီလိုစွမ်းအင်ကဏ္ဍမှာ တိုးချဲ့ပြီး အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု အားကောင်းအောင် လုပ်နိုင်တယ်လို့ အကြံပေးပါတယ်။
“ဈေးတော်ပြီး အလုံအလောက်ရှိတဲ့ ဓာတ်ငွေ့တွေသာ ရမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အကြီးအကျယ် ပြန်လည် ဖွံ့ဖြိုးလာနိုင်ပါတယ်။”

လောင်စာဆီဈေး ကြီးမြင့်မှုရဲ့ ရိုက်ခတ်မှု ဒဏ်ကိုတော့ အမေရိကန် တနိုင်ငံတည်း ရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့စီးပွားရေးမှာ ဒုတိယ အကြီးဆုံးလည်းဖြစ်၊ ရေနံသုံးစွဲမှုမှာ အမေရိကန်ပြီးရင် ဒုတိယ အများဆုံးလည်းဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဆိုရင်လည်း လောင်စာဆီဈေး တက်လာတာကြောင့် မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်လာမှာကို သတိပေးနေတာပါ။ တရုတ်လူထု အများစုကတော့ ရေနံဈေးတွေ တက်ရတာဟာ အစိုးရပိုင် Sinopec နဲ့ CNPC ကုမ္ပဏီတွေက လက်ဝါးကြီး အုပ်ထားတဲ့ အတွက်ကြောင့်လို့ မြင်နေကြတဲ့အကြောင်း ကွန်မြူနစ်ပါတီနဲ့ နီးစပ်တဲ့ the Global Times သတင်းစာက ရေးပါတယ်။ ဒီအတွက် မကျေနပ်မှုတွေလည်း ကြီးထွားလာနိုင်တယ်လို့ သတင်းစာက သတိပေးခဲ့တာပါ။

တရုတ်နိုင်ငံ ဗဟိုရုပ်မြင်သံကြားဌာန CCTV ကလည်း လောင်စာဆီဈေးတွေ တက်လာတာကို မကျေနပ်တဲ့ ကားပိုင်ရှင် တယောက်ရဲ့ အပြောကို မကြာသေးခင်ကပဲ ထုတ်လွှင့် ပြသသွားပါသေးတယ်။
“နိုင်ငံတကာမှာ ရေနံဈေးတွေ ကျဆင်းလာတဲ့ အချိန်မှာ အမျိုးသား ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က တုန့်ပြန် ဆောင်ရွက် ပုံတွေဟာ နှေးကွေးလွန်းတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာမှာ ရေနံဈေးတွေ တက်လာတဲ့ အခါမှာကြတော့ မြန်မြန်ဆန်ဆန် အမှီလိုက် တက်တယ်” လို့ မန်ဒရင်း တရုတ်ဘာသာနဲ့ ပြောသွားတာပါ။

The Global Times ရဲ့ အယ်ဒီတာ့ အာဘော်မှာတော့ တရုတ်စွမ်းအင် ကုမ္ပဏီတွေဖြစ်တဲ့ Sinopec နဲ့ CNPC တို့အပေါ် လူထုက အမြင်မကြည်လင်နေတာတွေကို အစိုးရက ဖြေရှင်းဖို့ လိုမယ်လို့လည်း တိုက်တွန်း ထားပါတယ်။ တရုတ်အစိုးရကတော့ ဗဟိုကနေ ချုပ်ကိုင်ထားတဲ့ ဓာတ်ဆီဈေးနှုန်းကို မတ်လလယ်မှာပဲ တိုးမြှင့် သတ်မှတ်လိုက်တာမို့ ဒါဟာဆိုရင် ၂ လအတွင်း ဒုတိယအကြိမ် ဈေးတက်သွားတာ ဖြစ်ပါတယ်။ လက်ကား ရောင်းချနေတဲ့ ဓာတ်ဆီဈေးကို ၆.၅ ရာခိုင်နှုန်း၊ ဒီဇယ်ဈေးကိုတော့ ၇ ရာခိုင်နှုန်း တိုးမြှင့်လိုက်တဲ့အတွက် ၃ နှစ်နီးပါးအတွင်း အမြင့်ဆုံး ဖြစ်ခဲ့တာပါ။ လောင်စာဆီ ဈေးနှုန်းဟာ အခုအခါ ၁ လီတာကို ၁ ဒေါ်လာနဲ့ ဆင့် ၂၀ အထိ ပေးနေရတာမို့ ၂၀၀၉ ခုနှစ်ကထက် ၅၀ ရာခိုင်နှုန်းလောက် တက်လာတာ ဖြစ်ပါတယ်။

The Global Times သတင်းစာကတော့ တရုတ်နိုင်ငံဟာ လောင်စာဆီ သုံးစွဲမှုတွေ လျှော့ချပြီး ရေနံဈေးတွေ တက်နေတာကို ထိန်းချုပ်နိုင်တယ်လို့ အကြံပြုထားတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီလိုဆောင်ရွယ်တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးမှုမှာ နှေးကွေး သွားနိုင်သလို၊ ငွေဖောင်းပွမှုတွေ ကြီးထွားလာနိုင်တဲ့ အန္တာရာယ်တွေလည်း ရှိနေတယ်လို့ သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG